Healthy Life Ad
Q & A

ဆွဲကြိုးနဲ့ လက်ကောက်က ၉၆ ပါးရောဂါ ပျောက်တယ်ဆိုတာ . . .

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ဟင်္သာတမြို့က တစ်စုံကို ၂သိန်းနဲ့၈သောင်းတန် ဆွဲကြိုးနဲ့လက်ကောက်ပါ ၊ အဘွားရော အဒေါ်ရော. တစ်ယောက်တစ်စုံ ဝယ်လိုက်ကြပြီ။ ဝယ်ဖို့စာရင်းပေးလိုက်ပြီဆိုတာ သိတော့ ပြောပြတယ်။ ဘာမှပြောလို့မရတော့ဘူး။ နားမဝင်တော့ဘူး။ တစ်လလောက် အခမဲ့ ကျန်းမာရေးစက်တွေ သွားလုပ်ထားတော့ တစ်နေ့တစ်သောင်း စက်ဖိုးပြန်ပေးတယ်လို့ စိတ်ဖြေလိုက်ရတယ်။ စက်သွားသုံးတဲ့နေ့တိုင်း သူတို့ရဲ့နားထဲကို ရိုက်သွင်းထားတာ။ ဒီကြိုးတွေက ၉၆ ပါးတင် မကဘူး။ ဘာဖြစ်ဖြစ် အကုန်ပျောက်တယ်ဆိုတဲ့ ယုံကြည်မှုအစွဲတွေ ဝင်ကုန်ကြပြီ။ အိမ်ထဲမှာပဲ အမြဲနေ ဘုရား၊ တရားပဲလုပ်၊ TV မကြည့် ဖုန်းမသုံး၊ သူများအိမ်လည်း မလည်တတ်၊ နောက်ဆုံး ဆိုက်ကားခ ၅၀ဝ ကျပ်လောက်တောင် နှမြောလွန်းတဲ့သူတွေမို့ ပိုစိတ်တိုမိတယ်။ ဒါလေးနဲ့ ပတ်သက်ပြီး သိချင်လို့ပါ။
Htet (FB)

A. ရောဂါတွေကို အဓိကအားဖြင့် ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ မကူးစက်တတ်တဲ့ ရောဂါတွေဆိုပြီးတော့ နှစ်မျိုးခွဲခြားထားပါတယ်။ ကူးစက်တတ်တဲ့ ရောဂါတွေဆိုတာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ မမြင်ရတဲ့ ပိုးမွှားတွေကြောင့် ဖြစ်တာပါ။ သေချာတာကတော့ ဒီဆွဲကြိုးနဲ့ လက်ကောက်က ပိုးမွှားတွေကြောင့်ဖြစ်တဲ့ ရောဂါတွေကို မကာကွယ်နိုင်တာတော့ သေချာပါတယ်။ ပိုးမွှားပါတဲ့ အစားအသောက်ကို စားမိရင် ဒီလက်ကောက်နဲ့ ဆွဲကြိုးဝတ်ထားလည်း ဒီပိုးမွှားတွေကို ဘယ်လိုမှ ဟန့်တားနိုင်မှာ မဟုတ်ပါဘူး။ စားမိတဲ့အတွက် နောက်ဆက်တွဲဖြစ်တဲ့ ဝမ်းလျှော၊ ဝမ်းပျက်၊ ဝမ်းကိုက်၊ အသည်းရောင်အသားဝါ အေပိုး စတာတွေကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဒါက ရိုးရိုးလေး စဉ်းစားကြည့်ရင်ကို သိနိုင်ပါတယ်။

ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်နိုင်တာ သေချာပြီဆိုတော့ မကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ စတာတွေကိုကော ဒီဆွဲကြိုးနဲ့ လက်ကောက်က ကာကွယ်နိုင်မှာလားလို့ စဉ်းစားကြည့်ရအောင်။ ဒီရောဂါတွေ ဖြစ်ပေါ်ဖို့ဆိုရင် မျိုးရိုးဗီဇနဲ့ နေထိုင်စားသောက်မှုပုံစံ အလွဲအမှားတွေကြောင့် ဖြစ်တယ်ဆိုတဲ့ သိပ္ပံနည်းကျ တွေ့ရှိချက်တွေအရ သိထားပြီးသား။ ဒါဆိုရင် ဒီဆွဲကြိုးနဲ့ လက်ကောက်ဝတ်ထားခြင်းအားဖြင့် မျိုးရိုးဗီဇနဲ့ နေထိုင်စားသောက်မှုပုံစံ အလွဲအမှားတွေကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ဟန့်တားထားနိုင်ပါ့မလား စဉ်းစားကြည့်ပါ။ ဥပမာ-ဆေးလိပ်သောက်လွန်းလို့ဖြစ်တဲ့ အဆုတ်ကင်ဆာကို ဒီဆွဲကြိုးနဲ့ လက်ကောက်ဝတ်ရုံနဲ့ ပြောင်းလဲနိုင်ပါ့မလား။ ကျန်းမာရေးအသိရှိထားရင် ဒီရောဂါဝေဒနာတွေက ဘာကြောင့်ဖြစ်ရတာလဲ၊ ဘာတွေကို ဆင်ခြင်ရင် ရောဂါဝေဒနာတွေ ကင်းဝေးမှာလဲ ဒါတွေကို သိထားတယ်ဆိုရင် ဒါတွေဝတ်ရုံနဲ့တော့ ၉၆ ပါးတင်မက ရှိရှိသမျှ ရောဂါဝေဒနာတွေ မဝင်နိုင်ဘူးဆိုတာ မဖြစ်နိုင်မှန်း အလိုလို အသိရှိမှာပါ။ ဒီလိုအပြောကောင်းကောင်းနဲ့ ကြော်ငြာလာရင်၊ အထူးသဖြင့် ဈေးကြီးပေးဝယ်ရမယ့် ပစ္စည်းတွေကို ဝယ်တော့မယ်ဆိုရင် ကိုယ့်အနေနဲ့ ပိုတောင် စဉ်းစားသင့်ပါသေးတယ်။ ဒါသာ မှန်တယ်ဆိုရင် ၉၆ ပါးရောဂါဝေဒနာအားလုံး ပျောက်တယ်ဆိုပြီး နိုင်ငံတကာ သတင်းတွေမှာ ပါလာမှာပေါ့။ ဒါလေးဝတ်ရုံနဲ့ ၉၆ ပါးရောဂါဝေဒနာတွေ မဖြစ်အောင် ကာကွယ်နိုင်တယ်ဆိုတာ မဟုတ်ဘူးလို့ပဲ ဆရာ့အနေနဲ့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top