Healthy Life Ad
Health Tips

အိပ်ရေးပျက်စေသည့် အခြေခံအကြောင်းရင်းများ

———-၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

အများအားဖြင့် အိပ်စက်မှုဆိုင်ရာ ပြဿနာအများစုက ဖြေရှင်းလို့ရပါတယ်။ အိပ်ရေးပျက်စေတဲ့ အကြောင်းရင်းကို ရှာဖွေပြီး ဖြေရှင်းနိုင်ဖို့ရာအတွက် အိပ်စက်မှုကို ထိခိုက်စေနိုင်တဲ့ အခြေခံအကြောင်းရင်းတွေကို ဖော်ပြလိုက်ပါတယ်။

ဟော်မုန်းအပြောင်းအလဲ

ဟော်မုန်းတွေက အိပ်စက်မှုအပေါ် သက်ရောက်မှုရှိပါတယ်။ ဟော်မုန်းစနစ်က အပြန်အလှန် ဆက်စပ်မှုရှိပြီး ဟော်မုန်းအပြောင်းအလဲဖြစ်တာကြောင့် အိပ်ရေးပျက်နိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းဟော်မုန်းတွေက ထိပ်ဆုံးမှာရှိနေကြပါတယ်။ ကော်တီဆော၊ မယ်လတိုနင်၊ သိုင်းရွိုက်နဲ့ အင်ဆူလင် စတဲ့ ဟော်မုန်းတွေ ဟန်ချက်မညီရင်လည်း အိပ်စက်မှုကို ထိခိုက်စေနိုင်ပါတယ်။

စိတ်ဖိစီးမှုကဲ့သို့ စိတ်ခံစားမှု အခြေအနေများ

စိတ်ဖိစီးမှု၊ ပူပင်သောကစတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့်လည်း ခန္ဓာကိုယ်ထဲမှာ ကော်တီဆောဟော်မုန်း အထွက်တိုးစေတာကြောင့် အိပ်စက်မှုစွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။

ညဆိုင်းအလုပ်လုပ်ခြင်း

ညဆိုင်းအလုပ်လုပ်ရသူတွေဟာလည်း အိပ်စက်မှုပြဿနာ အဖြစ်များတတ်ပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်ရဲ့အိပ်စက်မှုအလေ့အထဟာ ပုံမှန်လည်ပတ်နေတဲ့ ဇီဝနရီနဲ့ မတူဘဲ ပြောင်းလဲနေလို့ပါ။ အပြင်မှာ မှောင်နေတဲ့အခါ ခန္ဓာကိုယ်ကနေ မယ်လတိုနင်ဟော်မုန်းတွေ အထွက်တိုးတတ်ပါတယ်။ ညဆိုင်းအလုပ်လုပ်ရသူတွေအနေနဲ့ နေ့ခင်းမှာ အိပ်စက်တဲ့အခါ အိပ်စက်မှုဆိုင်ရာဟော်မုန်း မယ်လတိုနင်က အလုံအလောက်ထွက်ရှိမှု မရှိပါဘူး။

ညနေခင်းနှင့် ညဘက် အရက်အလွန်အကျွံသောက်ခြင်း

ညနေခင်းနဲ့ ညဘက်မှာ အရက်သောက်တာကြောင့် အိပ်စက်မှုစနစ်ကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ အရက်သောက်များပြီး အိပ်တဲ့အခါ ညဘက်မှာ မကြာခဏ နိုးနေတတ်ပါတယ်။

အိပ်စက်မှုအလေ့အထ မကောင်းခြင်း

ညတိုင်း ပုံမှန်အိပ်စက်ချိန် မထားရှိတာကြောင့် အိပ်စက်မှုအလေ့အထကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဆိုလိုတာက အိပ်စက်ချိန်က တစ်ညနဲ့တစ်ည မတူညီဘဲ ပြောင်းလဲနေတာ ဒါမှမဟုတ် တီဗီလို လျှပ်စစ်ပစ္စည်းတွေ သုံးရင်းအိပ်တာကြောင့် ခန္ဓာကိုယ်ဆီကို အိပ်ပျော်ဖို့ပို့တဲ့ သတင်းအချက်အလက်တွေ လွဲမှားပြီး ရောက်ရှိကာ အိပ်စက်မှုကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ ညစဉ်ပုံမှန် အိပ်ချိန်ထားရှိပေးမှသာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေမှာ ဖြစ်ပါတယ်။ ကော်ဖီသောက်တာ၊ အစာမကြေတာနဲ့ ရင်ပူဝေဒနာဖြစ်စေတဲ့အထိ အစားအသောက်စားတာ၊ အိပ်ရာဝင်ခါနီးမှာ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်တာတွေကြောင့် အိပ်ပျော်ဖို့ လုံလောက်တဲ့ အနားယူမှုမရဘဲ အိပ်စက်မှုပုံစံကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

ကျန်းမာရေးအခြေအနေ

သွေးတိုးတာ၊ ဆီးချိုသွေးချိုရောဂါ၊ နှာခေါင်း ပိတ်တာ၊ ကိုက်ခဲနာကျင်မှုဖြစ်စေတဲ့ အခြေအနေ၊ ညအိပ်ပျော်စဉ် ခြေထောက်ဆတ်ခနဲ လှုပ်တဲ့ရောဂါစု စတဲ့ အခြေအနေတို့ ဖြစ်နေရင်လည်း အိပ်စက်မှုဆိုင်ရာ ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အိပ်မပျော်တဲ့ ဝေဒနာခံစားနေရရင် အထက်ပါ အခြေခံအကြောင်းရင်းတွေကို ရှာဖွေပြီး ဖြေရှင်းဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top