Healthy Life Ad
Health Tips

ပြီးပြီးစုံတဲ့ ပျော်စရာမိသားစုဘဝ တည်ဆောက်ရအောင် . . .

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ပျော်ရွှင်အောင်မြင်တဲ့ မိသားစုတွေက အိမ်အလုပ်တွေကို အတူမျှဝေလုပ်ဆောင်ပြီး အတူစကားစမြည် ပြောဆိုရင်ဖွင့်ရင်း နေ့ရက်တိုင်းကို သာယာချမ်းမြေ့စွာ ဖြတ်သန်းသွားလေ့ရှိပါတယ်။ သူတို့လုပ်လေ့ရှိတဲ့ နည်းလမ်းလေးတွေကတော့-

(၁) ဆုံးဖြတ်ချက်ချမှတ်ရာတွင် အတူခံစားပေးခြင်း

ပျော်ရွှင်အောင်မြင်တဲ့ မိသားစုတွေကိုကြည့်လိုက်ရင် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါ အတူခံစားမျှဝေနားလည်ပေးပြီး အနိုင်အရှုံးမှန်သမျှ အေးအတူပူအမျှစိတ်နဲ့ ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ရှိကြပါတယ်။

(၂) မီးအရောင် လျှော့ချခြင်း

မီးအရောင် မှိန်ဖျော့ဖျော့အောက်မှာ မိသားစုဝင်တွေ စကားစမြည်ပြောဆိုတာကြောင့် အပန်းပြေပြီး လုံခြုံစိတ်ချတဲ့ဘဝကို ပိုင်ဆိုင်စေပါတယ်။

(၃) ထိတွေ့ဆက်သွယ်မှုရှိခြင်

မိမိရဲ့ မိသားစုဆွေမျိုးသားချင်းရဲ့ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုအကြောင်း သိနားလည်တဲ့ ကလေးတွေက စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ပိုရှိတတ်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

(၄) အဘိုးအဘွားကို အလေးထားခြင်း

အဘိုး၊ အဘွားဆိုတာ မိသားစုရဲ့ ဂုဏ်ကျက်သရေဆောင်ပါ။ လေ့လာမှု ၆၆ ခုကို ဆန်းစစ်ချက်အရ ကလေးပြုစုစောင့်ရှောက်ရာမှာ အဘွားတွေဆီက အကူအညီရတဲ့ မိခင်တွေက စိတ်ဖိစီးမှုနည်းတတ်ပြီး ကလေးတွေကို ကောင်းကောင်းထိန်းသိမ်း ပဲ့ပြင်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

(၅) အကောင်း၊ အဆိုးမှန်သမျှ ပြောဆိုခြင်း

ညစာစုံညီစားတဲ့အခါ မိသားစုဝင်တွေဟာ တစ်နေ့တာအကြောင်း အကောင်း၊ အဆိုးကို ပြောဆိုတဲ့အကျင့် လုပ်သင့်ပါတယ်။ ဒါဟာ ကလေးတွေကို ဘဝနေ့ရက်တိုင်း အကောင်းရောအဆိုးပါ ကြုံရနိုင်တယ်ဆိုတဲ့ အသိရှိစေပြီး ကြုံသမျှအားလုံးကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်မယ့် ခွန်အားရရှိစေပါတယ်။

(၆) တင်းကျပ်မှုကို ဖြေလျှော့ခြင်း

ထမင်းစားတုန်း စကားမပြောရဘူးဆိုတာမျိုး၊ ထမင်းကို တစေ့မကျန် ကုန်တဲ့အထိ စားရမယ်ဆိုတာမျိုး . . စည်းကမ်းတင်းကျပ်မှုတွေကို ဖြေလျှော့ပြီး သက်သောင့်သက်သာ နေထိုင်တာကလည်း ပျော်ရွှင်တဲ့မိသားစုဘဝ ရရှိစေတာပါပဲ။

(၇) လေ့ကျင့်ခန်းလုပ်ခြင်း

ကလေးတွေ လေ့ကျင့်ခန်းလုပ်ဖြစ်စေဖို့ ပံ့ပိုးပေးတာက မိဘတွေအတွက် အရေးပါဆုံး တာဝန်တရပ်ပါ။ အသင်းအဖွဲ့လိုက် ကစားတဲ့အခါ ကလေးကို သူ့အမှားအတွက် အပြုသဘောနဲ့ ဝေဖန်ပေးသင့်ပါတယ်။

(၈) ပုံမှန် စုဝေးနေထိုင်ခြင်း

မိသားစုလိုက်စုပေါင်းပြီး ပျော်ပွဲစားခရီးထွက်တာ၊ အတူဇာတ်လမ်းကြည့်တာ၊ အခက်အခဲတစ်ခုကို စုပေါင်းဖြေရှင်းတာတို့ကို လုပ်ဆောင်ပေးတာကြောင့် ချစ်ခင်မှု ပိုရရှိစေပါတယ်။

(၉) ငြင်းခုန်စဉ် တစ်ဦးနှင့်တစ်ဦး စိုက်ကြည့်ခြင်း

မိသားစုဝင်တွေ အငြင်းအခုန်ခိုက်ရန်ဖြစ်ပွားတဲ့အခါ အများအားဖြင့် အဖြေမထွက်ဘဲ ပြီးဆုံးသွားလေ့ ရှိတတ်ပါတယ်။ အဲဒီအခါ နောင်ဆိုရင် တစ်ဦးနဲ့တစ်ဦး ရှောင်ဖယ်ပြီး သူစိမ်းဆန်ဆန် ဖြစ်သွားတတ်တဲ့အတွက် တကယ်ငြင်းခုန်တဲ့အခါ တစ်ဦးနဲ့တစ်ဦး အလေးထားစိုက်ကြည့်ပြီး လိုရင်း အဖြေထွက်တဲ့အထိ ငြင်းခုန်သင့်ပါတယ်။

(၁၀) အိမ်တွင်း ပရိဘောဂများကို မကြာခဏ နေရာပြောင်းခြင်း

အိမ်ကို တစ်ပုံစံတည်း ပြင်ဆင်ရင် ကြာတဲ့အခါ ငြီးငွေ့သွားနိုင်တာကြောင့် မကြာခဏ ပုံစံပြောင်းကာ အလှဆင်ပါ။ အဲဒီလို ပုံစံပြောင်းတဲ့အခါ မိသားစုဝင်တိုင်းရဲ့ အကြံပြုချက်ကို လက်ခံပြီး အားလုံးစုဝေး ပြောင်းရွှေ့ပြင်ဆင်ပါ။

(၁၁) ည ၆ နာရီ-၈ နာရီအကြား ခက်ခဲသော ဆွေးနွေးမှုများ ရှောင်ခြင်း

ည ၆ နာရီနဲ့ ၈ နာရီကြားအချိန်က တစ်နေ့တာမှာ စိတ်ဖိစီးမှုအများဆုံး အချိန်တွေဖြစ်ပြီး ကလေးတွေ ပင်ပန်းတဲ့အချိန်၊ မိဘတွေ တင်းအားများတဲ့ အချိန်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ခက်ခဲတဲ့ ဆွေးနွေးမှုတွေကို မလုပ်ပါနဲ့။

(၁၂) အားလုံး၏ အောင်မြင်မှုဟု သတ်မှတ်ပါ

မိသားစုထဲမှာ အောင်မြင်မှုတစ်ခု ရရှိလာတဲ့အခါ ဒါက မိသားစုဝင်အားလုံးရဲ့အောင်မြင်မှုလို့ သတ်မှတ်ပြောဆိုပါ။ ကလေးတွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာစေပြီး သူတို့ကလည်း မိသားစု ပျော်ရွှင်ဖို့အတွက် အောင်မြင်မှု အသီးသီးရအောင် ကြိုးစားလာတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top