Healthy Life Ad
Health Tips

အကောင်းဘက်ကသာ တွေးတောတတ်သူများ အသက်ပိုရှည်နိုင်

———၊ ကိုထက် ၊ ———

အကောင်းမြင်သူတွေဟာ အသက်ပိုရှည်နိုင်တယ်ဆိုတဲ့အချက်ကို လေ့လာသူတွေက ထပ်မံထောက်ပြခဲ့ကြပါတယ်။ လေ့လာမှုစစ်တမ်းတွေအရ အကောင်းမြင်တတ်သူတွေ အသက် ၈၅ နှစ်ကျော်အထိ ကျန်းကျန်းမာမာနဲ့ အသက်ရှည်နိုင်ခြေ ၇၀ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။

ကျွန်းကျင်သူတွေက စိတ်ဖိစီးမှုကိစ္စတွေ ကြုံတွေ့ရတယ်၊ မကြုံတွေ့ရဘူးဆိုတာနဲ့ သက်ဆိုင်မှုမရှိဘဲ ဖြစ်ပျက်သမျှအပေါ် အကောင်းမြင်စိတ်နဲ့သာ ကြည့်တတ်သူတွေဟာ စိတ်ပိုင်းဆိုင်ရာမှာသာမက ခန္ဓာကိုယ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေတယ်လို့ ဆိုပါတယ်။ဘဝရည်မှန်းချက်တွေထားပြီး ကြိုးစားတတ်ကြသူတွေ၊ ကိုယ်လက်လှုပ်ရှား မှန်မှန်ပြုလုပ်သူနဲ့ ကျန်းမာတဲ့ အစားအသောက်တွေကိုပါ စားသူဆိုရင်တော့ ပိုပြီးအသက်ရှည်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဘောစတွန်တက္ကသိုလ်မှ လေ့လာသူတွေဟာ အမျိုးသမီးခုနှစ်သောင်းနဲ့ အမျိုးသား ၁၅၀ဝ ကို နှစ်သုံးဆယ်အတွင်း စစ်တမ်းမေးခွန်းတွေ မေးမြန်းကာ မှတ်တမ်းတင်ခဲ့ကြတယ်လို့ သိရပါတယ်။ ၂၀ဝ၄ ခုနှစ်မှာ အသက် ၅၈ နှစ်မှ ၈၆ နှစ်အတွင်းရှိ အမျိုးသမီး ၆၉၇၄၄ ကို စစ်တမ်းမေးခွန်းတွေ မေးမြန်းမှတ်တမ်းတင်ခဲ့ပြီး၊ ၁၉၈၆ ခုနှစ်မှ ၂၀၁၆ အတွင်းမှာ အသက် ၄၁ နှစ်မှ ၉၀ အတွင်းရှိ အမျိုးသား ၁၄၂၉ ဦးကို စစ်တမ်းမှတ်တမ်းတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စစ်တမ်းတွေအရ အလွန်အမင်း အကောင်းမြင်တတ်သူ ၁၁ မှ ၁၅ ရာခိုင်နှုန်းခန့်ရှိပြီး ၎င်းတို့အားလုံးဟာ အသက် ၈၅ ကျော်အထိ ကျန်းကျန်းမာမာနဲ့ အသက်ရှည်လျက်ရှိတယ်လို့ ဆိုထားပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေက ၂၀ ရာခိုင်နှုန်းပိုပြီး အသက်ရှည်တာကို တွေ့ရတယ်လို့လည်း သိရပါတယ်။

“တခြားကျန်းမာရေးပြဿနာတွေရှိသူချင်း အတူတူတောင် အကောင်းမြင်တတ်သူတွေက ရောဂါဒဏ်ကို ခံနိုင်ရည်ပိုရှိပြီး အသက်ပိုရှည်တာကို တွေ့ရတယ်၊ စစ်တမ်းထဲမှာ စိတ်ဖိစီးမှုအလွန်များနေသူတွေနဲ့ အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါ ဖြစ်နေသူတွေပါပြီး အကောင်းမြင်သူတွေက ပိုပြီးကျန်းမာတဲ့ အခြေအနေကို ထိန်းထားနိုင်တယ်ဆိုတာကို တွေ့ရတယ်”လို့ လေ့လာမှုမှာ ပါဝင်ခဲ့သူ ဒေါက်တာလူးဝစ်က ပြောပြခဲ့ပါတယ်။

အကောင်းမြင်သူတွေဟာ စိတ်ဖိစီးမှုကိုလည်း ကြာကြာမခံစားရတဲ့အတွက် ကျန်းမာရေးကို ထိခိုက်နိုင်ခြေကို လျော့နည်းစေတာပါ။ ၄င်းတို့ဟာ တက်ကြွနေတဲ့အတွက် ဖျတ်ဖျတ်လတ်လတ်လှုပ်ရှားမှုတွေလည်း ပြုလုပ်ဖြစ်တဲ့အပြင် အရက်အလွန်အကျွံ သောက်သုံးမိတာတွေလည်း နည်းတယ်လို့ ဆိုပါတယ်။

“စိတ်ချမ်းသာရင် အသက်ပိုရှည်တယ်ဆိုတာကို လူတွေလက်ခံထားပြီးကြပေမယ့် ဒီလေ့လာမှုက လက်တွေ့ဆန်ဆန် ပိုပြီးယုံကြည်မှုရစေမှာ ဖြစ်ပါတယ်၊ အထူးသဖြင့် သက်လတ်ပိုင်းကို ကျော်လွန်လာသူတွေအနေနဲ့ စိတ်ချမ်းချမ်းသာသာနဲ့ ဘဝကို အကောင်းမြင်စိတ်နဲ့ နေစေနိုင်ဖို့ ယုံကြည်မှုတစ်ခု ဖြစ်စေမှာပါ”လို့ ဟားဗတ်ပြည်သူ့ကျန်းမာရေးအဖွဲ့မှ လေ့လာမှုကို ပူးပေါင်းပါဝင်ခဲ့သူ ဒေါက်တာဖရန့်ဂရိုစတန်းက ပြောပြခဲ့ပါတယ်။

(Ref;DM-27-8-19)

Most Popular

Healthy Life Ad
To Top