Healthy Life Ad
Q & A

သြဂဲနစ်အစားအသောက်နှင့် ကျန်းမာရေး

—–၊ ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. အခုနောက်ပိုင်းမှာ လူတွေက သြဂဲနစ်အစားအသောက်တွေကို အပြောများလာကြပါတယ်။ အဲဒီအကြောင်းလေး ပြောပြပေးပါဦး ဆရာ။

A. အခုနောက်ပိုင်းမှာတော့ Organic Food လို့ခေါ်တဲ့ သဘာဝသြဂဲနစ်အစားအသောက်တွေကိုပဲ အဓိက ရွေးချယ်စားသောက်ကြဖို့ ပညာရှင်တွေက ပြောလာကြပါတယ်။ အဲဒီလိုပြောတဲ့အတိုင်း တချို့လူတွေက သေချာရွေးချယ်လိုက်နာပြီး စားတာကို တွေ့ရပါတယ်။ တကယ့်လက်တွေ့မှာတော့ ဒီလိုသြဂဲနစ် အစားအသောက်တွေကို လူအများ လုံလုံလောက်လောက် စားသောက်နိုင်ဖို့၊ ထုတ်လုပ်နိုင်ဖို့၊ လိုအပ်နေပါသေးတယ်။

“အခုနောက်ပိုင်းမှာတော့ Organic Food လို့ခေါ်တဲ့ သဘာဝသြဂဲနစ် အစားအသောက်တွေကိုပဲ အဓိကရွေးချယ်စားသောက်ကြဖို့ ပညာရှင်တွေက ပြောလာကြပါတယ်။ အဲဒီလိုပြောတဲ့အတိုင်း တချို့လူတွေက သေချာရွေးချယ်လိုက်နာပြီး စားတာကို တွေ့ရပါတယ်။ တကယ့်လက်တွေ့မှာတော့” . . .

Q. ဘယ်လိုအစားအသောက်တွေကို သြဂဲနစ်အစားအသောက်လို့ သတ်မှတ်ပါသလဲ၊ ပြီးတော့ သြဂဲနစ် အစားအသောက်တွေက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရရှိစေပါသလဲ ဆရာ။

A. သြဂဲနစ်အစားအသောက်ဆိုတာက ပုံမှန်သဘာဝအတိုင်း ပိုးသတ်ဆေး/ပေါင်းသတ်ဆေးတွေ မသုံးဘဲနဲ့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ အသီးအနှံ၊ သဘာဝအရ ဖြစ်ပေါ်ပြီး ဟော်မုန်းတွေထည့်ထားခြင်းမရှိ၊ ဘာမှပြုပြင်ဖန်တီးထားခြင်းမရှိတဲ့ အသားနဲ့ဥတွေ (ဥပမာ-ကြက်သား၊ ကြက်ဥ/ဘဲဥ)၊ ပြုပြင်ထားခြင်းမရှိဘဲ သဘာဝအတိုင်းထွက်တဲ့ နို့တွေကို သြဂဲနစ်အစားအသောက်တွေလို့ ခေါ်ပါတယ်။ သြဂဲနစ်အစားအသောက်တွေ စားတာက စားသုံးသူတွေရဲ့ ကျန်းမာရေးကို ကောင်းစေရုံသာမက ပတ်ဝန်းကျင်သန့်ရှင်းရေးကိုလည်း ကောင်းမွန်စေပါတယ်။ ဥပမာ-စားပင်/သီးပင်တွေကို ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး ဖျန်းပြီဆိုရင် ပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းမှုတွေ ဖြစ်စေလို့ပါ။ သြဂဲနစ်အစားအသောက်တွေကို လတ်လတ်ဆတ်ဆတ် စားရတာကြောင့် အရသာလည်း ပိုရှိပြီး နေရထိုင်ရတာ ပေါ့ပါးလန်းဆန်းကာ ကျန်းမာရေး ပိုကောင်းစေပါတယ်။ အခုနောက်ပိုင်းမှာ ဟော်မုန်းအားပြုပြီး မွေးမြူရေးတွေ လုပ်တာများလာပါတယ်။ ဒါပေမဲ့လည်း လူတွေကလည်း စားနေရတာပါပဲ။ ကြက်ဆိုရင် ဗမာကြက်က ကျန်းမာရေးအတွက် ပိုသင့်တော်တယ်၊ အရသာလည်း ပိုရှိတယ်ဆိုပေမယ့် ဗမာကြက်စားဖို့ ဈေးကြီးတာကော ထုတ်လုပ်နိုင်မှုကလည်း နည်းတာကောကြောင့် မွေးမြူရေးကြက်တွေကို စားနေရတာပါပဲ။ ထုတ်လုပ်သူ၊ ရောင်းချသူတွေဘက်က ဆန်းသစ်ထားတဲ့ အစားအသောက်တွေကို ပြည်သူလူထုကျန်းမာရေးနဲ့ သင့်တော်အောင် အရည်အသွေးပိုင်းကို ဆန်းသစ်ပေးရင်တော့ ပိုကောင်းတာပေါ့။

Q. သြဂဲနစ်အစားအသောက်က ကလေးငယ်တွေအတွက်ကော ဘယ်လိုသင့်တော်မှု ရှိပါသလဲဆရာ။

A. ကလေးငယ်တွေကိုကျွေးတဲ့ အစားအသောက် ဟင်းသီးဟင်းရွက်၊ အသား၊ ငါးအားလုံး လတ်ဆတ်နေရင်တော့ ပိုကောင်းပါတယ်။ ဒါပေမဲ့ သြဂဲနစ်အစားအသောက်တွေ မရဘူးဆိုရင်တော့လည်း ရှိတာလေးကို ကျန်းမာရေးနဲ့ညီအောင် တတ်နိုင်သမျှ ရွေးချယ်ချက်ပြုတ်ပြီး ကျွေးရမှာပေါ့။ နောက်ပိုင်းမှာ နိုင်ငံတော်ရဲ့ အစီအစဉ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုတွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံပြီး သြဂဲနစ်အစားအသောက်တွေကို အများအပြား ထုတ်နိုင်လာမယ်ဆိုရင်တော့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ ပိုပြီး ကျန်းမာသန်စွမ်း ကြံ့ခိုင်လာမှာဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top