Healthy Life Ad
Health Tips

ကွမ်းစားမှနိုးကြားမှာလား…

——–၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——–

“မရဘူး မိန်းမရေ . . အဝေးပြေးကားမောင်းရတော့ ကွမ်းစားမှ အိပ်ချင်စိတ်ပြေတာ၊ အိပ်မငိုက်အောင် ကွမ်းကို မပြတ်စားပေးရတယ်ကွ”

အဝေးပြေးကားမောင်းသည့် ဦးဘမောင်က ကွမ်းယာစစားဖြစ်သည့်အကြောင်းနှင့် ကွမ်းယာစွဲနေသည့်အကြောင်းကို ကွမ်းဝါးရင်းပြောနေသည်။

ကွမ်းစားရင်နိုးကြားသလား၊ တကယ်ပဲ မအိပ်ချင်တော့ဘူးလား။

အခုခေတ် စားသုံးနေတဲ့ ကွမ်းယာတွေထဲမှာ လူတွေကို နိုးကြားစေတဲ့ ဓာတ်တွေပါဝင်နေသလားဆိုတော့ ကွမ်းယာတချို့စားလိုက်ရင် ဦးနှောက်မှာ အိပ်ချင်အောင်ပြုလုပ်ပေးတဲ့ အာရုံကြောလက်ခံရာစင်တာတွေကို ဟန့်တားပေးလိုက်တာကြောင့် အိပ်မငိုက်တာဖြစ်တယ်လို့ ပညာရှင်တချို့က ဆိုထားပါတယ်။

“ဖေဖေ ညည အိမ်ပြန်လာရင် ဘာနံ့ကြီးနံမှန်းမသိပါဘူး မမရာ”

မောင်မောင်ကပြောတော့ မမက ဟန့်တယ်။

“ကိုယ့်အဖေကို အဲလိုမပြောရဘူး မောင်လေး၊ ငရဲကြီးလိမ့်မယ်”

“ကျွန်တော်က အမှန်အတိုင်းပြောတာပဲ၊ မမကော မနံဘူးလား”

အမှန်အတိုင်း ပြောရရင် မမလည်း အဖေ့အနံ့ကို မခံနိုင်လို့ ကြာကြာစကားမပြောဘဲ အခန်းထဲ ဝင်ဝင်သွားလေ့ရှိတယ်။ ဖေဖေက ဆေးလိပ်လည်းသောက်တယ်၊ ကွမ်းလည်းစားတယ်၊ အရက်ကလည်း ညဆို သောက်တတ်သေးတယ်လေ။ ညည အရက်သောက်ပေမယ့် သားသမီးတွေရှေ့မှာ အရက်နံ့ဖုံးအောင်ဆိုပြီး ကွမ်းစားပြီး ဆေးလိပ်သောက်လာတတ်သူ၊ အဲဒီအခါ အရက်နံ့က ပျောက်သွားသလားဆိုတော့လည်း မပျောက်။ မပျောက်တဲ့အပြင် ကွမ်းယာနံ့နဲ့ ဆေးလိပ်နံ့တို့ပါ ထပ်ဆင့်နံပြီး ဆိုးရွားတဲ့အနံ့ထွက်နေတော့တယ်။

“အင်း . .”

“အရက်က ဆေးရွက်ကြီးကြောင့်ဖြစ်တဲ့ ကင်ဆာဖြစ်နိုင်ခြေကို ပိုမြင့်တက်စေနိုင်တယ်။ တချို့ဆို အရက်ဖြတ်မယ်၊ ဆေးလိပ်မသောက်ဘူး၊ အဲဒီအစား ကွမ်းပဲစားတော့မယ်ဆိုပြီး ကွမ်းစားတယ်။ ကွမ်းကလည်း ဒုက္ခပေးတာပါပဲ။ ဘာလို့လဲဆိုတော့ ကွမ်းယာထဲမှာ ဆေးရွက်ကြီးက ပါနေတာကိုး” . . .

အတန်ကြာမှ မမက မဖြေချင်ဖြေချင် ဖြေပြီး-

“နင်ကြီးလာတဲ့အခါ အဲဒီလို ဆိုးဆိုးရွားရွား အနံ့ထွက်တဲ့ အလုပ်တွေ မလုပ်နဲ့နော် မောင်လေး၊ ငါက အဖေမို့ သည်းခံနေတာ၊ နင်သာဆို ငါစကားကို ပြောမှာမဟုတ်ဘူး”

“အင်းပါ . . မမရာ၊ ဖေဖေက ဒီအရည်မရ အဖတ်မရ ကျန်းမာရေးထိခိုက်စေတဲ့ အရာတွေ ဘာကြောင့် စွဲလမ်းနေမှန်း ကျွန်တော်လည်း နားမလည်နိုင်လောက်အောင်ပါပဲ မမရာ”

မောင်လေးကိုကြည့်ပြီး မမ ပြုံးမိတယ်။ မောင်လေးတစ်ယောက် ဒါမျိုးတွေကို ယောင်လို့တောင် အစလုပ်ပြီး မစမ်းမိပါစေနဲ့လို့လည်း မမ မျှော်လင့်ချက်ထားမိတယ်လေ။

“အရက်ရယ်၊ ဆေးလိပ်ရယ်၊ ကွမ်းရယ်သုံးစွဲရင် ဘာဆိုးကျိုးရှိလဲ ဆရာ”

alignnone size-medium wp-image-56168
ကျောင်းကျန်းမာရေးဟောပြောပွဲမှာ သွားဆရာဝန်တစ်ဦး လာဟောပြောပြီး သိလိုတဲ့မေးခွန်း မေးနိုင်တယ်ဆိုတော့ မောင်မောင်က သူသိချင်တဲ့ မေးခွန်းကို ထမေးလိုက်ပါတယ်။

“အရက်ကော ကွမ်းကော ဆေးလိပ်ကော သုံးမျိုးလုံးသုံးစွဲရင် ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ အရက်က ဆေးရွက်ကြီးကြောင့်ဖြစ်တဲ့ ကင်ဆာဖြစ်နိုင်ခြေကို ပိုမြင့်တက်စေနိုင်တယ်။ တချို့ဆို အရက်ဖြတ်မယ်၊ ဆေးလိပ်မသောက်ဘူး၊ အဲဒီအစား ကွမ်းပဲစားတော့မယ်ဆိုပြီး ကွမ်းစားတယ်။ ကွမ်းကလည်း ဒုက္ခပေးတာပါပဲ။ ဘာလို့လဲဆိုတော့ ကွမ်းယာထဲမှာ ဆေးရွက်ကြီးကပါနေတာကိုး။ ဆေးရွက်ကြီးကို ဖြတ်ကိုဖြတ်ရပါမယ်။ သားတို့ သမီးတို့အနေနဲ့လည်း ကွမ်းယာ၊ ဆေးလိပ်နဲ့ အရက်ရဲ့ဆိုးကျိုးတွေကို အခုကတည်းက သိနားလည်ပြီး ဘယ်တော့မှ တစ်လိပ်လောက်၊ တစ်ယာလောက်၊ တငုံလောက် စမ်းသောက်တာမျိုး မလုပ်ကြည့်သင့်ပါဘူး။ ဒါတွေက အစလုပ်မိရင် စွဲလမ်းစေတာကြောင့် စကတည်းက ဝေးဝေးရှောင်သင့်တဲ့ အရာတွေကွဲ့”

သွားဆရာဝန်ရဲ့ ဖြေကြားချက်ကြားတော့ မောင်မောင် ခေါင်းငြိမ့်လက်ခံရင်း တဆက်တည်း ဖခင်ဖြစ်သူအတွက် အစိုးရိမ်ကြီးသွားပါတယ်။

ဦးဘမောင်ရဲ့ ခံတွင်းထဲ အနာဖြစ်ပြီး မပျောက်တာ တော်တော်ကြာပြီ။

“ရှင် အစားအသောက် တရှောင်ရှောင်နဲ့ ဟိုဟာလည်းမစားနိုင်၊ ဒီဟာလည်းမစားနိုင်။ ဆရာဝန်သွားပြရအောင်”

မိန်းမဖြစ်သူခေါ်တော့ ဦးဘမောင် ဆေးခန်းမသွားချင်။ ဆရာဝန်က ရောဂါရှာပြီး ကြောက်စရာအမည်တပ်လိုက်မှာ ဦးဘမောင်မခံစားနိုင်။ အထူးသဖြင့် အဝေးပြေးကား မမောင်းနိုင်ရင် မိသားစုရှေ့ရေး ရင်လေးရဦးမယ်။

“မသွားချင်ပါဘူးကွာ၊ ခဏနေပျောက်သွားမှာပါ”

“ဘယ်ဟုတ်ပါ့မလဲ၊ ရောဂါဆိုတာ မွေးမထားရဘူးတော့။ လာ . .သွားပြမယ်”

“ခံတွင်းကင်ဆာဖြစ်တဲ့အခါမှာလည်း ကုသလို့ရတဲ့ အဆင့်လေးတွေ ရှိပါတယ်။ အနာတွေ ကြွလာတိုင်းလည်း အခြေအနေဆိုးတယ်လို့ ပြောလို့မရပါဘူး။ တချို့အနာတွေဆို ကြွပေမယ့်လည်း ကင်ဆာမဖြစ်သေးတာမျိုး ရှိပါတယ်။ စောစောစီးစီးလာပြလို့ သင်္ကာမကင်းတဲ့ အနာမျိုးဖြစ်လာပြီဆိုရင် ချက်ချင်းခွဲစိတ်ကုသမှုတွေ လုပ်လိုက်တော့ ပျောက်ပါတယ်။”

ဦးဘမောင် ဆေးခန်းရောက်တာစောလို့ ကံကောင်းတယ်ဆိုပြီး ဆရာဝန်က ပြောတယ်။

“တော်သေးတယ် ဦးရေ၊ အခုအနာလေးကို ခြစ်ထုတ်လိုက်မယ်နော်။ လိုလိုမယ်မယ် အသားစတော့ စစ်ထားလိုက်မယ်၊ နောက်တစ်ပတ် ပြန်လာပြပါ”

“ဒါနဲ့ ဆရာ . . ခံတွင်းကင်ဆာဖြစ်နိုင်လား၊ ဖြစ်ရင်ကော ကုလို့ပျောက်လား”

ဦးဘမောင်ရဲ့ စိုးရိမ်တကြီး မေးမြန်းမှုကို ဆရာဝန်က စာနာနားလည်စွာ ဖြေတယ်။

alignnone size-medium wp-image-56169
“ခံတွင်းကင်ဆာဖြစ်တဲ့အခါမှာလည်း ကုသလို့ ရတဲ့အဆင့်လေးတွေ ရှိပါတယ်။ အနာတွေကြွလာတိုင်းလည်း အခြေအနေဆိုးတယ်လို့ ပြောလို့မရပါဘူး။ တချို့အနာတွေဆို ကြွပေမယ့်လည်း ကင်ဆာမဖြစ်သေးတာမျိုး ရှိပါတယ်။ စောစောစီးစီး လာပြလို့ သင်္ကာမကင်းတဲ့ အနာမျိုးဖြစ်လာပြီဆိုရင် ချက်ချင်းခွဲစိတ်ကုသမှုတွေ လုပ်လိုက်ရင်တော့ ပျောက်ပါတယ်။ ကင်ဆာအနာတွေက အရေပြားကို မဖောက်သေးဘူးဆိုရင် သေချာခွဲစိတ်ဖြတ်ထုတ်လိုက်ပြီး ဘာမှမဖြစ်တော့ဘဲ ပျောက်နိုင်ပါတယ်။ အခြေအနေလွန်မှ ရောက်လာတာမျိုးဆိုရင်တော့ ခွဲမယ်ဆိုရင်တောင် ခွဲလို့မရတော့ဘူး။ အခုဦးအခြေအနေက အများကြီးကောင်းပါတယ်။ တစ်ခုတော့ရှိတာပေါ့ ဦးရယ်၊ ကွမ်းယာကိုတော့ မစားရင် အကောင်းဆုံးပေါ့”

ဆရာဝန်ရဲ့ အကြံပေးချက်ကို ဦးဘမောင် နားလည်လက်ခံပြီး “ဟုတ်ကဲ့ပါ ဆရာ၊ မစားတော့ပါဘူး”လို့ ဖြေလိုက်ပါတယ်။

လေ့လာမှုတွေအရ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း စတဲ့ အပြုအမူတွေက ခံတွင်းထဲမှာသာမက တခြားအင်္ဂါအစိတ်အပိုင်းတွေမှာလည်း ကင်ဆာဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဥပမာပြောရရင် အဆုတ်ကင်ဆာ၊ ပန်ကရိယကင်ဆာ စတာတွေဖြစ်တတ်ပြီး သွေးကြောပိတ်တာတွေ၊ အစာအိမ်မကောင်းတာတွေလည်း ဖြစ်နိုင်ပါသေးတယ်။

“ဆေးလိပ်လိုပဲ ကွမ်းယာစားလို့ရတဲ့ ကောင်းကျိုးထက် ဆိုးကျိုးကများတာကြောင့် ကလေးတို့ပတ်ဝန်းကျင်မှာ ကွမ်းစားတဲ့သူရှိရင်လည်း မစားဖြစ်အောင် ပြောပြပေးရမယ်။ တစ်ဦးချင်း၊ တစ်ဦးချင်းကသာ ပြင်သွားမယ်ဆိုလို့ရှိရင် တစ်နိုင်ငံလုံးမှာ ကွမ်းနဲ့ဆေးလိပ်ကြောင့်ဖြစ်တဲ့ ရောဂါတွေ ကင်းသွားမှာပါ။ အလှအပနဲ့ဆိုရင်လည်း ကွမ်းစားတာ၊ ဆေးလိပ်သောက်တာက လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ထိခိုက်စေပါတယ်။ သွားတွေမည်းနေမယ်၊ ခံတွင်းအနံ့ဆိုးထွက်တာတွေကြောင့် စကားပြောတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့နည်းလာပြီး အလုပ်ထဲမှာလည်း ကိုယ့်ကိုစကားမပြောချင်တာ၊ အလုပ်မခန့်ချင်တာတွေ ဖြစ်တတ်ပါတယ်။ လူတစ်ယောက်ရဲ့ အောင်မြင်တိုးတက်မှုဟာ စကားပြောတာနဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့လည်း ဆက်စပ်နေတာကြောင့် ကိုယ့်ဘဝတိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့ ဒီဆေးလိပ်၊ ကွမ်း၊ အရက်တွေကို ဆင်ခြင်ပြီး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် နေသွားကြပါကလေးတို့”

ကျောင်းဆင်းချိန်ရောက်တော့ မောင်မောင့်နားထဲမှာ နေ့လယ်က သွားဆရာဝန်ကြီးရဲ့ ဟောပြောချက်တွေကို ကြားယောင်ရင်း အိမ်ကျရင် ဖေဖေ့ကိုနားဝင်အောင် ဘယ်လိုမျိုးပြောပြရပါ့မလဲလို့ စဉ်းစားနေပါတော့တယ်။

Most Popular

Healthy Life Ad
To Top