Healthy Life Ad
Q & A

သက်ကြီးသွားနှင့်ခံတွင်း ကျန်းမာရေး

သွားနှင့်ခံတွင်းဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးတစ်ဦး

Q. သက်ကြီးပိုင်းတွေမှာ အဖြစ်များတဲ့ သွားရောဂါတွေကို သိပါရစေ ဆရာ။

A. သက်ကြီးပိုင်းတွေမှာ လူငယ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သွားပိုးစားရောဂါတွေက တော်တော်အဖြစ်နည်းသွားပါတယ်။ အဖြစ်များတဲ့ ရောဂါတွေက ရေစီးကမ်းပြိုရောဂါ (Chronic Periodontitis) နဲ့ သွားဖုံးရောဂါတွေ ဖြစ်ကြပါတယ်။

Q. ရေစီးကမ်းပြိုဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြသတတ်ပါသလဲ ဆရာ။

A. ရေစီးကမ်းပြိုဖြစ်ရင် ပါးစပ်ထဲမှာ သွေးတွေထွက်တာ၊ သွားဖုံးရောင်တာ၊ သွားဖုံးအနားတွေအောက်ကိုကျပြီး သွားအမြစ်တွေအထိ ပေါ်နေတာ၊ အောက်ကဘက်တီးရီးယား အကွက်လွှာတွေပေါ်တာ၊ ခံတွင်းထဲမှာ ကျောက်တွေ၊ စားကြွင်းစားကျန်တွေ ပေါ်နေတာတွေ ဖြစ်တတ်ပါတယ်။ လူနာအနေနဲ့ သွားနာတဲ့ဝေဒနာကို ခံစားရတတ်သလို ခံတွင်းနံ့လည်း နံတတ်ပါတယ်။ ကမ်းပါးက နိမ့်ကျပြီး ပြိုလာသလို ခံတွင်းထဲက သွေးတွေ၊ အညစ်အကြေးတွေကြောင့် အောက်မှာထိန်းထားတဲ့ သွားမြစ်ဝှမ်း အရိုးတွေကလည်း တဖြည်းဖြည်းနိမ့်ဆင်းသွားတယ်။ သွားအရိုးတွေက ပျက်စီးထိခိုက်လာတဲ့အတွက်၊ တဖြည်းဖြည်းရောင်လာတဲ့အတွက် သွားတွေပုပ်ပွတာ၊ လှုပ်တာ၊ ခံတွင်းနံ့နံတာတွေ ဖြစ်လာတတ်ပါတယ်။ အသက်ကြီးလာရင် ရေစီးကမ်းပြိုဖြစ်နိုင်ခြေက များပါတယ်။ ရေစီးကမ်းပြိုရောဂါက အမျိုးသမီးတွေမှာထက် အမျိုးသားတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ အဓိကအားဖြင့် ခံတွင်းသန့်ရှင်းရေး အားနည်းတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

Q. သက်ကြီးသွားနဲ့ခံတွင်း ဆေးပညာမှာ ကာကွယ်ကုသရေးအတွက် ဘယ်လိုအပိုင်းတွေကို ဂရုစိုက်ပါသလဲ ဆရာ။

A. အသက်ကြီးသူတွေကို သွားနဲ့ခံတွင်းပိုင်းဆိုင်ရာ လေ့လာရာမှာ အုပ်စုသုံးစု ခွဲပါတယ်။ ပထမအုပ်စုက သွားအပြည့်ရှိတဲ့အုပ်စုဖြစ်ပြီး သွားကောင်း ၃၂ ချောင်းစလုံးရှိနေတဲ့ အုပ်စုပါ။ ဒုတိယအုပ်စုက သွားတွေရှိနေပေမယ့် သွားအရေအတွက် ၃၂ ချောင်းထက် လျော့သွားတဲ့အုပ်စုပါ။ ဒါကို Partial Missing လို့ ခေါ်ပါတယ်။ တတိယအုပ်စုကျတော့ သွားတစ်ချောင်းမှမရှိတဲ့အုပ်စု (Total Missing) ဖြစ်ပါတယ်။ ဆေးပညာအရ Edentulous လို့ ခေါ်ပါတယ်။

Q. ပထမအုပ်စုမှာ ပါဝင်နေတဲ့ သက်ကြီးရွယ်အိုတွေရဲ့ သွားကျန်းမာရေးအကြောင်း သိပါရစေဆရာ။

A. ပထမအုပ်စုကို လေ့လာကြည့်ရင် သွားတွေ ၃၂ ချောင်းစလုံးရှိတယ်။ ဒါပေမဲ့ မေးရိုးအတွင်းထဲကနေ သွားတွေရှည်ထွက်နေတတ်တယ်။ အပေါ်မေးရိုး (Maxilla) နဲ့ အောက်မေးရိုး (Mendibular) တွေက အသက်ကြီးလို့ ကျုံ့သွားတယ်။ အဲဒီလိုကျုံ့သွားတာက သွားမြစ်ဝှမ်းမေးရိုး (Alveolar Bone Resortion) ကျုံ့သွားလို့ ဖြစ်ရတာပါ။ နောက်ဖြစ်တတ်တာက အသက်ကြီးလာတဲ့အခါမှာ သွားတွေရဲ့ ဝါးစားတဲ့မျက်နှာပြင် ပွန်းသွားပါတယ်။ ဒါကို Attrition Surface လို့ ခေါ်ပါတယ်။ ပြီးတော့ သွားဖုံးတွေက မေးရိုးဘက်ကို ကျလာပါတယ်။ Gum Recessian လို့ခေါ်ပါတယ်။ အဲဒီအခါ သွားတွေလှုပ်တာ၊ သွားတွေယိုင်တာနဲ့ အပူအအေးစာတွေကို မစားနိုင်တော့ဘဲ သွားတွေကျဉ်တာတွေကို ခံစားရတတ်ပါတယ်။ သွားတွေကျဉ်တာ (Hypersensitivity) ဖြစ်လာတဲ့အခါ အစာအတော်များများကို မစားနိုင်တော့ဘဲ အစာတွေရွေးလာပါတယ်။

Q. ဒုတိယအုပ်စုမှာပါဝင်နေတဲ့ သက်ကြီးရွယ်အိုတွေရဲ့ သွားနဲ့ခံတွင်းကျန်းမာရေးကိုလည်း သိပါရစေဆရာ။

A. ဒုတိယအုပ်စုမှာ ပါဝင်နေတဲ့ သက်ကြီးရွယ်အိုတွေက သွား ၃၂ ချောင်း မရှိတော့ပါဘူး။ သွားတချို့က သွားပိုးစားတာကြောင့် နုတ်ပစ်ရသလို တချို့သွားတွေက ရေစီးကမ်းပြိုရောဂါကြောင့် နုတ်ရတာ၊ အလိုလို ကျွတ်ထွက်သွားတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါ သွားတွေရဲ့ ကြိတ်ဝါးအားနည်းသွားတာကြောင့် အစာအားလုံး မစားနိုင်တော့ပါဘူး။

“အံကပ်တပ်တဲ့အခါ အံဝင်ခွင်ကျမဖြစ်ဘဲတပ်ရင် အလွန်အမင်းနာကျင်မှုကို ခံစားရတာကြောင့် သက်ဆိုင်ရာသွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။ မေးရိုးတိုနေတဲ့သူတွေမှာ အံကပ်မမြဲတတ်တာကြောင့် အံကပ်ကပ်စေတဲ့ဆေးကိုသုံးပြီး တပ်ပေးသင့်ပါတယ်။ အံကပ်မမြဲတာကို တပ်ရင်” . . .

Q. တတိယအုပ်စုဖြစ်တဲ့ သွားတစ်ချောင်းမှ မရှိတော့တဲ့ သက်ကြီးရွယ်အိုတွေကိုကော ဆရာတို့အနေနဲ့ ဘာဆက်လုပ်ပေးပါသလဲ ဆရာ။

A. သွားတွေကျိုးသွားပေမယ့် သွားအငုတ်တွေရှိနေသေးရင်တော့ အငုတ်တွေမှာ ရောဂါရှိနေသလား၊ မရှိဘူးလားဆိုတာကို ကြည့်ရပါတယ်။ အသက်ကြီးသလား၊ ငယ်သလား ကြည့်ရတယ်။ သွားအငုတ်မှာ ရောဂါလည်းမရှိဘူး။ တချို့သူတွေက အဲဒီသွားအငုတ်လေးနဲ့ အစာစားနေတယ်ဆိုရင် ဆရာတို့က မနုတ်ပါဘူး။ သွားစိုက်ရင်တောင်မှ သွားအငုတ်တွေကို မနုတ်ဘဲ အပေါ်ကနေ အံကပ်စိုက်ပေးတာမျိုး ရှိပါတယ်။ ဒါကို Overdenture လို့ ခေါ်ပါတယ်။ ဒီလို သွားငုတ်မနုတ်ဘဲ အံကပ်စိုက်ပေးတာရဲ့ ကောင်းတဲ့အချက်က သွားမနုတ်ရတော့ လူကြီးမှာ အင်အားယုတ်လျော့တာနည်းတယ်။ အငုတ်လေးတွေကို မေးရိုးထဲမှာ ထိန်းထားတဲ့အတွက် အသက်ကြီးလာလို့ မေးရိုးကျုံ့သွားတာမဖြစ်အောင် ကာကွယ်ပေးတယ်။ သွားအံကပ် အရှင်စိုက်တဲ့အချိန်မှာ မေးရိုးရဲ့ အနေအထားကို ထိန်းပေးထားနိုင်ပါတယ်။

Q. အထက်ကပြောခဲ့တဲ့ အုပ်စုသုံးစုလုံးမှာပါတဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ သွားနဲ့ခံတွင်းအတွက် ဆက်လက်ပြီး ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

A. အုပ်စုသုံးအုပ်စုလုံးမှာပါတဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ ခံတွင်းသန့်ရှင်းအောင် ရေနဲ့ပလုတ်ကျင်းပေးသင့်ပါတယ်။ ခံတွင်းသန့်ဆေးအနေနဲ့ သင့်တော်ရာဆေးကို ရွေးချယ်ပြီး ပလုတ်ကျင်းပေးသင့်ပါတယ်။ သွားကျဲတာကြောင့် အစာစားပြီးလို့ သွားကြားညပ်ရင် သွားကြားပွတ်ကြိုး ဒါမှမဟုတ် သွားကြားထိုးတံကို သုံးပေးသင့်ပါတယ်။ ခံတွင်းထဲမှာ သွားတွေကျန်နေရင် သွားတိုက်ပေးပါ။ မာတဲ့အစာကို ရှောင်ပါ။ ပျော့တဲ့အစာကို ရွေးစားပေးဖို့ လိုပါတယ်။ အရည်ရွှမ်းတဲ့ သစ်သီးတွေကို စားပေးသင့်ပါတယ်။ အမြွှာလိုက် ကိုက်မစားနိုင်ရင် သေးသေးလေးတွေစိတ်ပြီး စားသင့်ပါတယ်။ တကယ်လို့ သွားနဲ့ခံတွင်းဆိုင်ရာ ဝေဒနာတွေဖြစ်ခဲ့ရင် သွားနဲ့ခံတွင်းဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Q. အသက်ကြီးသူတွေမှာ သွားမရှိတော့တဲ့အခါ ဘယ်လိုကုသနိုင်ပါသလဲ ဆရာ။

A. ကုသနည်းမှာ သွားအစားထိုးကုသနည်း (Prosthodontics)နဲ့ ကုသနိုင်ပါတယ်။ သွာအစားထိုး ကုသနည်းမှာ သွားအသေစိုက်တဲ့နည်း(Fixed)နဲ့ သွားအရှင်စိုက်တဲ့နည်း (Movable) ဆိုပြီး နှစ်နည်းရှိပါတယ်။ သွားအသေစိုက်တာကို ဆေးပညာအရ (Bridge)လို့ခေါ်ပြီး အရှင်စိုက်တာကိုတော့ Dentures (အံကပ်)လို့ ခေါ်ပါတယ်။ အသက်ကြီးသူတွေမှာတော့ အံကပ်သုံးတာက ပိုများပါတယ်။

Q. အံကပ်အမျိုးအစား ဘယ်လောက်ရှိပါသလဲ ဆရာ။

A. အံကပ်အမျိုးအစား အမျိုးမျိုးရှိပါတယ်။

၁။ သွားအငုတ်တွေကို မနုတ်ဘဲ အပေါ်က စိုက်တဲ့အံကပ်ကို Overdenture လို့ခေါ်ပါတယ်။

၂။ ရှေ့အလယ်တည့်တည့်မှာ သွားတွေမရှိရင် သွားသေးသေးလေးတွေစိုက်တဲ့ အံကပ်ကို Spoore Denture လို့ ခေါ်ပါတယ်။

၃။ သွားကို နုတ်ပြီးတာနဲ့ ချက်ချင်းစိုက်ပေးတဲ့ အံကပ်ကို Immediate Denture လို့ ခေါ်ပါတယ်။ သွားကိုမနုတ်ခင်ကတည်းက ဆေးခန်းမှာ သွားတုအဆင်သင့်လုပ်ထားပြီး သွားနုတ်ပြီးတာနဲ့ ချက်ချင်းစိုက်တာမျိုး ဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ သွားနုတ်ပြီး တစ်လခွဲ၊ နှစ်လလောက်ရှိမှ၊ အနာကျက်မှ အံကပ်သွားတုစိုက် ပေးလေ့ရှိပါတယ်။

၄။ သွားတချို့တစ်ဝက်မရှိတဲ့၊ လွတ်နေတဲ့ နေရာကိုဖြည့်ပြီး စိုက်တဲ့အံကပ်ကို Partial Denture လို့ခေါ်ပါတယ်။ ဒါက အုပ်စု(၂) မှာပါတဲ့ သက်ကြီးရွယ်အိုတွေအတွက် အဆင်ပြေပါတယ်။

၅။ သွားလုံးဝမရှိတဲ့ အုပ်စု(၃) သက်ကြီးရွယ်အိုတွေကိုတော့ အပေါ်အောက်သွားအပြည့် အံကပ်အပြည့်စိုက်နည်း (Full Denture)ကို သုံးပြီး စိုက်ပေးပါတယ်။

၆။ ပလတ်စတစ်အံကပ်စိုက်တာကို Acrylic Denture လို့ ခေါ်ပါတယ်။

၇။ သတ္တုပြားအံကပ်စိုက်တာကို Skeleton Denture လို့ ခေါ်ပါတယ်။

၈။ နောက်ဆုံးပေါ်တာက အံကပ်အပျော့ (Flexible Denture)စိုက်တာ ဖြစ်ပါတယ်။ အခုဖော်ပြခဲ့တဲ့ နည်းတွေကတော့ အရှင်စိုက်နည်းတွေ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ မေးရိုးက အရမ်းပြားနေတဲ့သူတွေ၊ အံကပ်စိုက်ဖို့ သွားမရှိတဲ့သူတွေမှာတော့ Implant ခေါ်တဲ့ တိုင်နဲ့စိုက်တဲ့နည်းတွေလည်း ပေါ်နေပါပြီ။

Q. သွားအသေစိုက်နည်းကိုလည်း သိပါရစေ ဆရာ။

A. သွားအသေစိုက်နည်းကို Crown and Bridge လို့ခေါ်ပါတယ်။ သွားတစ်ချောင်းမရှိရင် တစ်ချောင်းစိုက်တဲ့နည်းကို Single Bridge လို့ ခေါ်ပြီး သွားနှစ်ချောင်းတွဲ စိုက်တဲ့နည်းကို Cantilever Bridge လို့ ခေါ်ပါတယ်။ သွားသုံးချောင်းစိုက်တဲ့နည်းကို Three Unit Bridge လို့ ခေါ်ပြီး သွားတန်းရှည်ကြီး စိုက်တာကို Long Bridge လို့ ခေါ်ပါတယ်။

Q. အံကပ်တပ်တဲ့အခါ အံဝင်ခွင်ကျမဖြစ်ရင် ဘာလုပ်သင့်ပါသလဲ ဆရာ။

A. အံကပ်တပ်တဲ့အခါ အံဝင်ခွင်ကျမဖြစ်ဘဲတပ်ရင် အလွန်အမင်းနာကျင်မှုကို ခံစားရတာကြောင့် သက်ဆိုင်ရာ သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။ မေးရိုးတိုနေတဲ့သူတွေမှာ အံကပ်မမြဲတတ်တာကြောင့် အံကပ်ကပ်စေတဲ့ဆေးကိုသုံးပြီး တပ်ပေးသင့်ပါတယ်။ အံကပ်မမြဲတာကိုတပ်ရင် အံကပ်လှုပ်နေနိုင်တာကြောင့် ကျိုးတာ၊ ပဲ့တာတွေ ဖြစ်တတ်ပါတယ်။

Q. အံကပ်စိုက်ရတဲ့သူတွေအနေနဲ့ အံကပ်ကို ရေရှည်ထိန်းသိမ်းနိုင်ဖို့နဲ့ ခံတွင်းသန့်ရှင်းနေဖို့အတွက် ဘယ်လိုထိန်းသိမ်းသင့်ပါသလဲ ဆရာ။

A. အံကပ်တပ်ဆင်သူတွေအနေနဲ့ အစာစားပြီးတိုင်း အံကပ်ကိုဖြုတ်ပြီး ရေနဲ့ဆေးကြောပေးရပါမယ်။ ညအိပ်ရာဝင်ခါနီးတိုင်း အံကပ်ကိုဖြုတ်ပြီး သွားတိုက်ဆေး ဒါမှမဟုတ် ဆပ်ပြာနဲ့တိုက်ပြီး ရေနဲ့သေချာ ဆေးကြောသန့်စင်ပေးပါ။ ပြီးရင် အံကပ်ကို ရေထဲစိမ်ထားပါ။ ခွက်တစ်ခွက်ထဲမှာ ရိုးရိုးရေထည့်ပြီး စိမ်ကာ အဖုံးဖုံးထားပေးပါ။ နံနက်အိပ်ရာထပြီး ခံတွင်းသန့်ရှင်းရေး လုပ်ဆောင်ပြီးချိန်မှာ အံကပ်ကို သွားတိုက်ဆေး ဒါမှမဟုတ် ဆပ်ပြာကိုသုံးပြီး သွားတိုက်တံနဲ့ သေချာတိုက်ပြီးမှ ပြန်သုံးသင့်ပါတယ်။ အံကပ်မှာ စားကြွင်းစားကျန်တွေ ကပ်ညိမနေအောင်ထားဖို့ အရေးကြီးပါတယ်။

Q. တကယ်လို့ အံကပ်ကို မဖြုတ်ဘဲအိပ်မိရင် ဘာဖြစ်တတ်ပါသလဲ ဆရာ။

A. အံကပ်ကို ခံတွင်းထဲမှာ အကြာကြီး မထားသင့်ပါဘူး။ အဲလိုအကြာကြီးထားရင် အံကပ်နဲ့ အာခေါင်ကြားမှာ အစာဖတ်ဝင်နေပါတယ်။ ခံတွင်းတစ်သျှူးတွေကြားမှာ စားကြွင်းစားကျန်တွေအောင်းနေပြီး ပုပ်ပွတာ၊ တစ်သျှူးတွေ ပျက်စီးတာ၊ ခံတွင်းအနံ့နံတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အံကပ်တပ်ထားရင် အစာစားပြီးတိုင်း အံကပ်ကိုဖြုတ်ပြီး သန့်ရှင်းရေးလုပ်ပေးသင့်သလို ခံတွင်းသန့်ရှင်းနေအောင်လည်း ပလုတ်ကျင်းပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top