Healthy Life Ad
News

ကိုရိုနာဗိုင်းရပ်စ်က လူ့ခန္ဓာကိုယ်ထဲတွင် ၃၇ ရက်ကျော်အထိ နေနိုင်ကြောင်း လေ့လာမှုအသစ်အရ တွေ့ရ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်ခံထားရသူ လူနာရဲ့ အသက်ရှူလမ်းကြောင်းမှာ ရက်သတ္တပတ် ၅ ပတ်ကျော်ကြာခန့်အထိ ရှင်သန်နေထိုင်နိုင်တယ်လို့ လေ့လာမှုအသစ်အရ သိရပါတယ်။ တချို့လူနာတွေက ဗိုင်းရပ်စ်ပိုးသတ်ဆေးကို မှီဝဲခဲ့ပေမယ့် ဒီဆေးတွေက ဗိုင်းရပ်စ်ရဲ့ သက်တမ်းကိုတိုအောင် မလုပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ ဆရာဝန် ၁၉ ဦးက တရုတ်မှလူနာ ၁၉၁ ဦး(ဝူဟန်ဆေးရုံမှ ၅၆ ဦးနဲ့ ဂျင်ရင်တန်ဆေးရုံမှ ၁၃၅ဦး)ရဲ့ ဆေးမှတ်တမ်းတွေကို ဆန်းစစ်လေ့လာခဲ့ကြပြီး သေဆုံးသူ ၅၄ ဦးနဲ့ ဆေးရုံမှပြန်ဆင်းနိုင်သူ ၁၇၁ ဦးတို့ရဲ့ ဓာတ်ခွဲခန်းမှတ်တမ်း၊ ကုသမှု၊ ဆေးဝါး စတာတွေကို လေ့လာပြီး ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က ရောဂါပြင်းထန်တဲ့ လူနာတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပျမ်းမျှအားဖြင့် ၁၉ ရက်ကြာ ရှိနေပြီး ပုံမှန်လူနာကိုယ်တွင်းမှာ ပျမ်းမျှအားဖြင့် ၂၄ ရက်အထိ နေနိုင်တယ်လို့ သိရပါတယ်။ ဆေးရုံကဆင်းပြီး လူနာတွေထဲမှာ ဗိုင်းရပ်စ်က ရက် ၂၀ လောက်အထိ ငုပ်လျှိုးရှိနေနိုင်သေးတာကို တွေ့ရပြီး သေဆုံးသူတွေရဲ့ အသက်ရှူလမ်းကြောင်းထဲမှာ ဗိုင်းရပ်စ်က ရှိနေသေးတာပါပဲ။ အသက်ရှင်သူတစ်ဦးရဲ့ အသက်ရှူလမ်းကြောင်းထဲမှာ ဗိုင်းရပ်စ်ရှင်သန်နိုင်တဲ့ အတိုဆုံးကာလက ရှစ်ရက်ဖြစ်ပါတယ်။ ထိတ်လန့်စရာကောင်းတာက တချို့လူနာတွေမှာ ဗိုင်းရပ်စ်က ၃၇ ရက်ကျော်တဲ့အထိ အသက်ရှင်နေတာပါပဲ။

“ဒါပင်မဲ့ လူနာတွေကို သီးသန့်ခွဲခြားထားဖို့ ဆုံးဖြတ်ချက်ချမှတ်ခြင်းနဲ့ ဗိုင်းရပ်စ်ကုသဆေး အတိုင်းအဆကို ဆုံးဖြတ်ဖို့ ရှုပ်ထွေးလာပါတယ်” လို့ လေ့လာသူတစ်ဦးက ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးက ဗိုင်းရပ်စ်ကူးစက်ဖူးတဲ့ ဒေသတွေကို ခရီးသွားဖူးသူတွေအနေနဲ့ အိမ်မှာ ၁၄ ရက် အသွားအလာကန့်သတ်နေထိုင်ပြီး ဗိုင်းရပ်စ်ကူးစက်မှု ရှိ၊ မရှိ စောင့်ကြည့်ဖို့ ညွှန်ကြားထားပါတယ်။ ဒီလေ့လာမှုအရဆိုရင် ဒါက လုံလောက်မှုရှိပါ့မလားဆိုတာ စိတ်ပူစရာပါပဲ။ ဒီလေ့လာတွေ့ရှိချက်ဟာ ကိုရိုနာဗိုင်းရပ်စ်ရှိသူတစ်ဦးကနေ နောက်တစ်ဦးကို ဘယ်လောက်အချိန်ကြာကြာအထိ ကူးစက်စေနိုင်တယ်ဆိုတာကို ဖော်ပြတာဖြစ်တယ်လို့ CBS News ရဲ့ တာဝန်ရှိသူတစ်ဦးက သုံးသပ်ထားပါတယ်။

(Ref;CBSNews)

Most Popular

Healthy Life Ad
To Top