Healthy Life Ad
Health Tips

ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းက Covid -19 ကာကွယ်ရေးပညာပေး W ၃ လုံး လှုပ်ရှားမှု စတင်ပြုလုပ်မည်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းက ကူးစက်မှုအများဆုံးဖြစ်ပွားနေသည့် ရန်ကုန်မြို့တော်တွင် နေထိုင်သူများကို Covid -19 ကာကွယ်ရေးပညာပေး W ၃ လုံး လှုပ်ရှားမှု စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၉ ရက်နေ့က ပြောကြားခဲ့သည်။

ရက်သတ္တပတ် ခြောက်ပတ်ကြာကာလကြာမြင့်မည့် အဆိုပါလူထုလှုံ့ဆော်လှုပ်ရှားမှုကာလတွင် W သုံးလုံးဟု အမည်ရသည့် နာခေါင်းစည်းကို လုံအောင်အုပ်ဝတ်ဆင်ရန် (wear amask)၊ တစ်ဦးနှင့်တစ်ဦး (၆ – ပေ) အကွာအဝေးကို လူချင်းခွာနေရေး ဂရုစိုက်ရန် (watch your distance) နှင့် လက်ကို မကြာခဏ စနစ်တကျ ဆေးကြောရန် (Wash your hands) စသော အပြုအမူများနှင့် ရောဂါကူးစက်ခံရနိုင်ခြေ မြင့်မားသည့် လူစုလူဝေးရှိရာ အခြေအနေများအား တတ်နိုင်သမျှရှောင်ရှားရန်၊ အနီးကပ်ပြောဆိုဆက်ဆံခြင်းများကို ရှောင်ရှားရန်နှင့် အလုံပိတ်နေရာများကို ရှောင်ကြဉ်ရန်တို့အား တိုက်တွန်းပြောကြားသွားမှာ ဖြစ်ကြောင်းသိရသည်။

“မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းမလာခင်မှာ တားနိုင်ဖို့အတွက် ဒီ Campaign ကိုပြုလုပ်ခြင်းဖြစ်ပါတယ်။ မြို့သူမြို့သားတွေက ဈေးတွေထဲမှာ၊ လက်ဖက်ရည်ဆိုင်တွေမှာ၊ လုပ်ငန်းခွင်ထဲမှာ နီးနီးကပ်ကပ် ထိတွေ့မှုတွေ ရှိနေတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ လူထုလှုံ့ဆော်လှုပ်ရှားမှုက ဒီလိုလူသူများတဲ့ နေရာတွေကို အဓိကထားအာရုံစိုက်သွားမှာပါ။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က လူအများ သူတို့ဘာသာ ရောဂါမကူးစက်အောင် နေထိုင်ကာကွယ်တတ်ဖို့ ကူညီချင်တာဖြစ်တယ်” ဟု ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌဌ ဒေါက်တာဦးသန်းစိန်က ပြောကြားခဲ့သည်။

ထိုလှုပ်ရှားမှုတွင် လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် စည်းရုံးလှုံ့ဆော်ရေးများ ဆောင်ရွက်သွားမည့်အပြင် ကိုဗစ်ရောဂါခံစားခဲ့ရသည့် လူနာ/ မိသားစုများမှ ပြောကြားချက်များ ပါဝင်သော ဗီဒီယိုများ၊ စတစ်ကာပညာပေးများ၊ ပုံနှိပ်ထုတ်ဝေမှုများ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ထုတ်လွှင့်ခြင်းများနှင့် ရေဒီယိုမှတစ်ဆင့် ဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခု လူထုလှုံ့ဆော်လှုပ်ရှားမှုကို ကျန်းမာသောမြို့ပြများအတွက် မိတ်ဖက်အစီအစဉ် (Partnership for Healthy Cities) က ပါဝင်ကူညီဆောင်ရွက်ခြင်း ဖြစ်သည်။

“Covid -19 ကပ်ရောဂါက အခြေခံအားဖြင့် မြို့ပြများအတွက် အကျပ်အတည်းပြဿနာတစ်ခု ဖြစ်စေပါတယ်။ ဒါကြောင့် မကြုံစဖူးဖြစ်လာတဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကို တုံ့ပြန်ဆောင်ရွက်ရမယ့် အဓိကခံစစ်နေရာဖြစ်တဲ့အတွက် ဦးစားပေးဆောင်ရွက်ရတာ ဖြစ်ပါတယ်”ဟု ကျန်းမာသော မြို့ပြများအတွက် မိတ်ဖက်အစီအစဉ်၏ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Ariella Rohani က ဆိုသည်။

ထို့ပြင် DJ Mr Y ဖန်တီးရေးသားထားသော ကိုဗစ်ပညာပေးသီချင်းကို အဆိုတော် Leo မှသီဆိုကာ Tik Tok ဖြင့် သရုပ်ဖော်တင်ဆက်ထားကြောင်း၊ ထို Tik Tok ကို အများပြည်သူကလည်း မိမိစိတ်ကြိုက်ပုံစံ ပြန်လည်ဖန်တီးကာ စည်းရုံးလှုံ့ဆော်ခြင်းလုပ်ငန်းတွင် ပါဝင်နိုင်မှာဖြစ်ပြီး ပါဝင်သူတို့၏ ကိုယ်ပိုင် facebook တွင် #SafetinTheCity (hashtag) ဖြင့် တင်ပေးနိုင်ကြောင်းလည်း သိရသည်။

Most Popular

Healthy Life Ad
To Top