Healthy Life Ad
News

ဂျော်ဒန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသူတို့တွင် စစ်ဆေးတွေ့ရှိရသည့် Covid-19 မျိုးဗီဇက ကူးစက်မြန်အမျိုးအစားမဟုတ်ကြောင်း သိရ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ဂျော်ဒန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသူ ၆ ဦး၏ ဓာတ်ခွဲနမူနာများတွင် စစ်ဆေးတွေ့ရှိရသည့် Covid-19 မျိုးဗီဇက ကူးစက်မြန်အမျိုးအစား မဟုတ်ကြောင်း ရန်ကုန်၊ ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က ပြောသည်။

“ဂျော်ဒန်မှာဖြစ်ပွားနေတဲ့ Covid-19 မျိုးဗီဇ တွေ့တာတော့ မှန်ပါတယ်။ အသစ်တော့မဟုတ်ပါဘူး။ အခုနောက်ဆုံးတစ်ကြိမ် ဓာတ်ခွဲနမူနာတွေကို စစ်ဆေးရာမှာ ဂျော်ဒန်က ပြန်လာတဲ့သူတွေပါတယ်၊ ရန်ကုန်နဲ့ ပဲခူးက ဓာတ်ခွဲနမူနာတွေကို စစ်ဆေးတယ်။ အဲဒီအခါမှာ ဂျော်ဒန်က ပြန်လာသူတွေမှာ ဂျော်ဒန်က Covid-19 Virus Strain ကို တွေ့တယ်ပေါ့။ အဲဒီလိုပဲ ရန်ကုန်နဲ့ ပဲခူးကို စစ်တဲ့အခါမှာ မြန်မာနိုင်ငံမှာတွေ့ရတဲ့ Covid-19 Virus B 1.36 အမျိုးအစားကို တွေ့တာပါ။ အသစ်ဆိုတဲ့ စကားလုံးပါသွားတဲ့အတွက် လူတွေက နားလည်မှုလွဲပြီး မျိုးဗီဇအသစ်ကြီး တွေ့နေပြီဆိုပြီး ထင်ကြတာပါ”ဟု ဒေါက်တာမြတ်ထွဋ်ညွန့်က ဆိုသည်။

အဆိုပါဗိုင်းရပ်စ်အမျိုးအစားမှာ ပြည်တွင်းတွင် လက်ရှိတွေ့ရှိရသည့် ဗိုင်းရပ်စ်အမျိုးအစားနှင့် ကွာခြားမှုရှိသော်လည်း လူအများ ကြောက်လန့်နေသည့် ကူးစက်မှုမြန်သော ဗိုင်းရပ်စ်အမျိုးအစားမဟုတ်ကြောင်း သိရသည်။

“ကူးစက်မှုနှုန်းကလည်း အရင်အတိုင်းပါပဲ။ လက်ရှိတွေ့တဲ့ မျိုးဗီဇက ဟိုးအရင်တရုတ်မှာတွေ့တဲ့ မျိုးဗီဇနဲ့ယှဉ်ရင် ပြောင်းတာတော့ ပြောင်းနေပြီပေါ့။ ပြောင်းတာမှန်ပေမယ့် ယူကေမှာတွေ့တယ်ဆိုတဲ့ အမျိုးအစား၊ တောင်အာဖရိကနဲ့ နိုက်ဂျီးရီးယားမှာတွေ့တယ်ဆိုတဲ့ အမျိုးအစားတို့လို ကူးစက်မှုအရမ်းမြန်တယ်ဆိုတဲ့ဟာတော့ မဟုတ်ပါဘူး”ဟု ဒေါက်တာမြတ်ထွဋ်ညွန့်က ဆိုသည်။

Covid-19 မျိုးဗီဇပြောင်းလဲမှုက အမြဲတမ်းဖြစ်နေနိုင်သဖြင့် အဆိုပါပြောင်းလဲမှုများကို စဉ်ဆက်မပြတ်သိရှိနိုင်ရန် ဆေးသုတေသနဦးစီးဌာနသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ သက်ဆိုင်ရာ ဌာနအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်၊ ၁၈-၁-၂၀၂၁

Most Popular

Healthy Life Ad
To Top