Healthy Life Ad
Health Tips

၀မ်းဗိုက်ချပ်ရပ်ပြီး အူလမ်းကြောင်း ကျန်းမာစေသည့် အကောင်းဆုံး အစာခြောက်မျိုး

စူး (ဆေးဝါးတက္ကသိုလ်)

အောက်ပါအစာတွေက ကိုယ်တွင်းရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်ပြီး အူလမ်းကြောင်းရှိ ပိုးမွှားတွေကို ဟန်ချက်ညီ မျှတစေတဲ့အတွက် ဝမ်းဗိုက်ကို ချပ်ရပ်လှပ ကြည့်ကောင်းစေပါတယ်။

(၁) အမျှင်ဓာတ်နှင့် အင်တီအောက်ဆီးဒင့်များသော ဟင်းသီးဟင်းရွက်များ

ဟင်းသီးဟင်းရွက်အားလုံးမှာ ဗီတာမင်၊ ဖိုင်တိုနျူးထရီးရန့်၊ အမျှင်ဓာတ်နဲ့ အင်တီအောက်ဆီးဒင့် စတာတွေ များစွာပါဝင်ပြီး ကယ်လိုရီနဲ့ အဆီပါဝင်မှု နည်းပါတယ်။ ရောင်ရမ်းမှုကျစေတဲ့ မဂ္ဂနီဆီယမ်နဲ့ တခြားအရေးပါတဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့ ကိုက်လန်၊ ဟင်းနုနယ်ရွက်၊ ငရုတ်ပွသီး၊ သခွားသီး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ အာလူး စတာတွေကို စားသင့်ပါတယ်။

(၂) ဗိုက်သားချပ်ရပ်စေသော သစ်သီး

ချိုမြိန်တဲ့ သစ်သီးတွေမှာ မျှတတဲ့ဂလူးကို့စ်-ဖရက်တို့စ် အချိုးရှိတာကြောင့် ဖရက်တို့စ်များတဲ့ အစာတွေထက်ပိုပြီး အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။ ဂလူးကို့စ်-ဖရက်တို့စ် အချိုးမျှတတဲ့ အသီးတွေကတော့ ငှက်ပျောသီး၊ ဘလူးဘယ်ရီသီး၊ သခွားမွှေးသီး၊ စပျစ်သီး၊ လိမ္မော်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ စတော်ဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီး စတာတွေ ဖြစ်ပါတယ်။

(၃) ကာဗိုဟိုက်ဒရိတ်နည်းပါးသော ကောက်နှံစာများ

ကောက်နှံစာအားလုံးနီးပါးဟာ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုများတဲ့အတွက် ဝမ်းဗိုက်အတွက် မသင့်တော်ပါဘူး။ ဒါပေမဲ့ တချို့ကာဗိုဟိုက်ဒရိတ်တွေက အမျှင်ဓာတ်ပါဝင်မှုများပြီး ပေါ့ပါးတဲ့ ကာဗိုဟိုက်ဒရိတ်တွေ ဖြစ်ကြပါတယ်။ အဲဒါတွေကတော့ ဂျုံမှုန့်အကြမ်း၊ ဆန်လုံးညိုတို့ ဖြစ်ပါတယ်။

(၄) အဆီနည်းပရိုတင်း

အသားတွေက အဆီဓာတ်များရင် ပြည့်ဝဆီပါဝင်မှု မြင့်မားတဲ့အတွက် ရောင်ရမ်းမှုကို တိုးစေပါတယ်။ ဒါကြောင့် ဥအမျိုးမျိုး၊ ငါး၊ အဆီနည်းအမဲသား၊ အဆီနည်းဝက်သား၊ ပင်လယ်စာ၊ တိုဟူး အစရှိတဲ့ အဆီနည်းပရိုတင်းကို ရွေးချယ်စားသုံးပါ။

(၅) ဒိန်ချဉ်

ဒိန်ချဉ်မှာ ပရိုတင်းဓာတ်ပါဝင်ပြီး ဝမ်းဗိုက်ကသိကအောက်ဖြစ်စေတဲ့ လက်တို့စ်ပါဝင်မှု နည်းပါတယ်။

(၆) အခွံမာသီးနှင့် အစေ့အဆန်

အခွံမာသီးနဲ့ အစေ့အဆန်တွေက စွမ်းအားတိုးစေတဲ့ ပရိုတင်း၊ ဝမ်းဗိုက် ချပ်ရပ်စေတဲ့ အမျှင်ဓာတ်နဲ့ ရောင်ရမ်းမှုလျော့ကျစေတဲ့ အဆီဓာတ်တို့ ပါဝင်ပါတယ်။ မကယ်ဒေးမီးယားစေ့၊ မြေပဲစေ့၊ သီဟိုဠ်စေ့၊ ရွှေဖရုံစေ့၊ နေကြာစေ့၊ နှမ်းစေ့နဲ့ သစ်ကြားသီး စတာတွေကို ရွေးချယ်စားသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top