Healthy Life Ad
Q & A

ကိုရိုနာဗိုင်းရပ်စ်(Covid-19)ကြောင့် သားသမီးအတွက် မိခင်ရဲ့စိတ်ပူပန်မှုသက်သာအောင် ဘာလုပ်သင့်သလဲ. . .

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Q. အခုကမ္ဘာအနှံ့ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကျွန်မအကြောက်လွန်နေလို့ပါ။ သားနဲ့သမီးက စာမေးပွဲပြီးသွားလို့ တော်သေးပေမယ့် သူတို့ကို သင်တန်းတွေမတက်ခိုင်းရဲဘူး ဖြစ်နေပါတယ်။ သူတို့က ပန်းချီသင်တန်း၊ ရေကူးသင်တန်း တက်ချင်တယ်လို့ ပူဆာနေတာ ကျွန်မစိတ်ထဲ စိုးရိမ်စိတ်များနေလို့ ဝေခွဲမရဖြစ်နေပါတယ်။ အခုမဖြစ်သေးဘူးဆိုပေမယ့် လူတွေကြားထဲ ပိုးရှိသူ ရှိချင်ရှိနေနိုင်တယ်လေ။ အိမ်ကိုဧည့်သည်လာမှာလည်းကြောက်၊ အပြင်ထွက်ရမှာလည်းကြောက်နဲ့ စိတ်တောင်ညစ်မိပါတယ်။ အထူးသဖြင့် ကလေးတွေက ၁၀နှစ်ဝန်းကျင်လေးတွေဆိုတော့ သူတို့ကူးမှာ ပိုစိုးမိပါတယ်။ တစ်ခါတလေတွေးရင်း ညညအိပ်လို့တောင် မပျော်ပါဘူး။ အမျိုးသားက ကျွန်မကို စိတ်ရောဂါဖြစ်နေပြီဆိုပြီး ပြောလို့ပါ။ ကျွန်မစိတ်သက်သာရာရအောင် ဘယ်လိုလုပ်နိုင်ပါသလဲရှင့်။
Yin Yin(FB)

A. မရင်ရင်လို Covid-19 ဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့ပွားမှာကို တစ်ကမ္ဘာလုံးက စိုးရိမ်နေတာအမှန်ပါပဲ။ ဒါပေမဲ့ အိမ်ထဲကအိမ်ပြင်မထွက်ရဲအောင် အကြောက်လွန်တာတော့ မဟုတ်ပါဘူး။ Covid-19 ဗိုင်းရပ်စ်က လူသားတွေထဲမှာ ပထမဆုံးဖြစ်ပွားလာတာကြောင့် အလျင်အမြန် ကူးစက်မသွားအောင် ကာကွယ်နေကြတာပါ။ ဒီတော့ မရင်ရင် ဘာလုပ်သင့်သလဲ။

(က) နိုင်ငံတော်အစိုးရက အခါအားလျော်စွာ လိုအပ်သလိုထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာပါ။ (ဥပမာ-ကိုရိုနာရောဂါ ရှေးဦးစွာ လက္ခဏာခံစားလာရရင် ဆောင်ရွက်ရမယ့်အချက်၊ ရောဂါရှိသူနဲ့ ထိတွေ့မှုရှိခဲ့ရင် ဆောင်ရွက်သင့်တဲ့အချက်၊ ပွဲလမ်းသဘင်ကျင်းပခြင်းနဲ့ပတ်သက်ပြီး ညွှန်ကြားချက် စသဖြင့်ပေါ့။

(ခ) ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းလျော့နည်းအောင် လိုက်နာလုပ်ကိုင်သင့်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ဆောင်ရွက်ပါ။ သတင်းစာ၊ ဂျာနယ်တွေထဲမှာဖတ်ပြီး သားသမီးတွေပါ လိုက်နာဆောင်ရွက်အောင် တိုက်တွန်းနိုင်ပါတယ်။

(ဂ) သွားလာနေကျ အိမ်တွင်းအိမ်ပြင်ကိစ္စတွေကို ရှောင်ရှားပြီး အိမ်မှာပဲနေသင့်သလားဆိုတဲ့ မေးခွန်းကိုတော့ အတိအကျ အဖြေမပေးနိုင်ပါဘူး။ နိုင်ငံတော်အစိုးရက တားမြစ်ထားတဲ့ စည်းကမ်းညွှန်ကြားချက်မဟုတ်ရင် မိသားစုအတွင်း ဆုံးဖြတ်ရမယ့်အချက်ပါ။

အကျိုးနဲ့အဆိုးကို တွက်ဆချင့်ချိန်စဉ်းစားရမှာပါ။

(ဃ) မရင်ရင်ရဲ့စိတ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကြောက်စိတ်က ဖျောက်ဖျက်မရအောင် စွဲလန်းနေရင် ဒါမှမဟုတ် ရောဂါကူးစက်မှာကြောက်လွန်းလို့ နေ့စဉ်လုပ်သင့်လုပ်ထိုက်တဲ့ စီးပွားရေး၊ လူမှုရေးနဲ့ အပန်းဖြေရေးကိစ္စတွေကို ရှောင်ကြဉ်လွန်းရင်တော့ ရောဂါဆန်လာပြီလို့ ပြောလို့ရပါတယ်။

(င) Covid-19ဗိုင်းရပ်စ်က တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့လာတဲ့အချိန်မှာ မြန်မာနိုင်ငံဆောင်းရာသီကုန်ဆုံးပြီး နွေဦးပေါက်ကာလ ရောက်ရှိလာပါပြီ။ ကောင်းတဲ့သတင်းတစ်ခုပါပဲ။ နိုင်ငံအသီးသီးမှာရှိတဲ့ သုတေသနဌာနပေါင်း ၃၅ ခုက Covid-19ဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်ဖို့ ကြိုးစားနေကြတယ်။ တစ်နှစ်အတွင်း ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်ဖို့ ရှိပါတယ်။

Most Popular

Healthy Life Ad
To Top