Healthy Life Ad
Health Tips

ပဲပိစပ်ဆီ၏ ကျန်းမာရေးကောင်းကျိုးများ

စူး (ဆေးဝါးတက္ကသိုလ်)

ပဲပိစပ်ဆီက ပဲပုပ်စေ့က ရယူထားတဲ့ ဟင်းသီးဟင်းရွက်ဆီဖြစ်ပြီး နှလုံးကျန်းမာစေတာ၊ သွေးတွင်းကိုလက်စထရော လျော့ကျစေတာ၊ ကိုယ်ခံအားစနစ် ကောင်းမွန်စေတာ၊ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးတာနဲ့ ကြီးထွားမှုတိုးစေတာ အစရှိတဲ့ ကောင်းကျိုးတွေကို ပိုင်ဆိုင်ရရှိစေပါတယ်။

သွေးတွင်းမကောင်းသော ကိုလက်စထရော လျော့ကျစေခြင်း

ပဲပိစပ်ဆီမှာ ပါဝင်တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။ ဒါ့အပြင် စတီးယားရစ်အက်စစ်၊ ပါမင်းတစ်အက်စစ်နဲ့ အိုးလစ်အက်စစ်တို့လို ဖက်တီးအက်စစ်တွေက သွေးတွင်းအဆီဓာတ်ကို ဟန်ချက်ညီမျှစေပါတယ်။ ပဲပိစပ်ဆီမှာပါတဲ့ ဖက်တီးအက်စစ်ဟာ အူထဲက ကိုလက်စထရောအဆင့်ကို ၁၀-၁၅ ရာခိုင်နှုန်း လျော့ကျစေပါတယ်။ ဒါ့အပြင် ပဲပိစပ်ဆီက နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးရောဂါထတာနဲ့ လေဖြတ်တာတို့ကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။

တွေးခေါ်နိုင်စွမ်းအား ကောင်းမွန်ခြင်း

လူတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာ တွေးခေါ်မြော်မြင်နိုင်စွမ်း ထိခိုက်တာကြောင့် အယ်လ်ဇိုင်းမားရောဂါလို ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ခြေများတတ်ပါတယ်။ ပဲပိစပ်ဆီမှာ ဗီတာမင်ကေ များများပါဝင်တဲ့အတွက် အယ်လ်ဇိုင်းမားရောဂါဝေဒနာ လက္ခဏာတွေကို လျော့ပါးစေတဲ့အပြင် အာရုံကြောဆဲလ်တွေ ထိခိုက်မှုမဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

အရိုးကျန်းမာစေခြင်း

ဗီတာမင်ကေရဲ့ တခြားအရေးပါတဲ့ လုပ်ငန်းဆောင်တာက အရိုးကြီးထွားနှုန်း ကောင်းအောင်နဲ့ အနာကျက်အောင် လှုံ့ဆော်ပေးတာပဲ ဖြစ်ပါတယ်။ ပဲပိစပ်မှာ ဗီတာမင်ကေ၊ ကယ်လ်စီယမ်တို့ ပါဝင်တဲ့အတွက် အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

မျက်စိနှင့် အသားအရေ ကျန်းမာစေခြင်း

ပဲပိစပ်ဆီမှာ စုစုပေါင်းဖက်တီးအက်စစ်ရဲ့ ၇ ရာခိုင်နှုန်းဟာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပဲ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့်တွေ ဖြစ်တဲ့အတွက် မျက်စိအမြင်အာရုံကို ကျန်းမာစေပြီး အတွင်းတိမ်ရောဂါနဲ့ မက်ကူလာယိုယွင်းပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

အိုမင်းမှုကို ဟန့်တားပေးနိုင်ခြင်း

ပဲပိစပ်ဆီမှာ ဗီတာမင်အီး ပါဝင်မှုများတဲ့အတွက် အစွမ်းထက် အင်တီအောက်ဆီးဒင့်အဖြစ် အသားအရေကို အိုမင်းမှုကြောင့် မထိခိုက်အောင် ကာကွယ်ပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top