Healthy Life Ad
Health Tips

ဆရာဝန်နှင့် ပြသသင့်ပြီဟု သင့်ခန္ဓာကိုယ်က အချက်ပြနေသည့် သင်္ကေတများ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ပုံမှန်လုပ်ဆောင်နိုင်တဲ့အရာတွေကို လုပ်ဆောင်နိုင်စွမ်း မရှိတော့တာ၊ အပြုအမူနဲ့ စွမ်းဆောင်နိုင်စွမ်း သိသိသာသာ ပြောင်းလဲလာတာတွေဟာ အခြေခံကျန်းမာရေးပြဿနာရဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။ နေ့စဉ်လုပ်ဆောင်မှုတွေကနေ ပြသပေးနေတဲ့ သတိပေးလက္ခဏာတွေ ဖြစ်ပေါ်တဲ့အခါ ဆရာဝန်နဲ့ပြသဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

စင်ပေါ်ကို လက်လှမ်းမမှီခြင်း

အရင်က လက်လှမ်းလို့မှီနေတဲ့စင်ရဲ့ ထိပ်ပိုင်းကို လက်လှမ်းလို့မမှီတော့ဘူးဆိုရင် ဒါဟာ အရိုးပါးရောဂါရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ “အရိုးထုထည် ဆုံးရှုံးသွားတာကြောင့် အရပ်ပုသွားလို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လက်လှမ်းမှီနေကျ အသုံးအဆောင်တွေကို ရုတ်တရက်ထိလို့၊ ယူလို့မရတာဖြစ်ပါတယ်” လို့ မန်ချက်စတာတော်ဝင်ဆေးခန်းမှ အရိုးအထူးကုဆရာဝန်ပီတာက ပြောပါတယ်။

ပုံမှန်အားဖြင့် အသက် ၄၀ အရွယ်ကစပြီး ၁၀ နှစ်ကြာတိုင်း အရပ်တစ်လက်မခွဲခန့် ပုသွားတတ်ကြောင်း၊ ဒါပေမဲ့ တစ်နှစ်အတွင်း အရပ်တစ်လက်မကျော်ပုသွားရင် ဆရာဝန်နဲ့ပြသင့်ကြောင်း ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။အရိုးပါးရောဂါရဲ့ အဓိကအချက်က လဲကျတဲ့အခါ အရိုးအက်နိုင်ခြေများတာပဲ ဖြစ်ပါတယ်။ အရိုးပါးရောဂါကို bisphosphonates လို ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ဒါဆိုရင် အရိုးကျိုးနိုင်ခြေ လျော့ကျသွားမှာဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်တာနဲ့ ကယ်လ်စီယမ်ပါတဲ့ အစာစားတာကြောင့် အရိုးတွေကို သန်စွမ်းစေပါတယ်။

လဲလျောင်းနေစဉ် အသက်ရှူမဝခြင်း

နေ့ခင်းဘက်မှာ ခြေထောက်ထဲ အရည်စုပုံမှုများတာကြောင့် လှဲလျောင်းလိုက်တဲ့အခါ အသက်ရှူမဝသလို ဖြစ်တတ်ပါတယ်။ အိပ်ရာထဲမှာ အသက်ရှူမဝတာများလာရင် ဒါက နှလုံးပြဿနာလက္ခဏာ ဖြစ်နိုင်ပါတယ်။ နှလုံးနဲ့အဆုတ်မှာ သွေးစုနေတာကြောင့် နှလုံးက ကောင်းကောင်းမညှစ်နိုင်တဲ့အခါ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ် သန်စွမ်းကြံ့ခိုင်မှုမရှိတာကြောင့် ဖြစ်တယ်လို့ တချို့လူတွေက ထင်မြင်တတ်ကြပါတယ်။ အိပ်နေတဲ့အချိန် ခေါင်းကမြင့်လွန်းတာကြောင့် သက်သောင့်သက်သာ မရှိရင်လည်း အသက်ရှူမဝသလို ဖြစ်တတ်ပါတယ်။ ဒီလိုလက္ခဏာ မကြာခဏဖြစ်ပေါ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

ညဘက်တွင် ကားမီးကြောင့် မျက်စိပြာခြင်း

ကားမီးထိုးလိုက်တဲ့အခါ အမြဲလိုလို မျက်စိပြာပြီး မသက်မသာဖြစ်တာဟာ အတွင်းတိမ်ရောဂါ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ အလင်းရောင်က မျက်စိမှန်ဘီလူးထဲ ဝင်တဲ့အခါ တိမ်ကြောင့် အလင်းကိုဖြာသွားစေပြီး ညဘက်မှာ အရာရာကို ကောင်းကောင်းမြင်နိုင်ဖို့ ခက်သွားစေတာ ဖြစ်ပါတယ်။

အိပ်ခန်းထဲတွင် ပြဿနာရှိခြင်း

ကျန်းမာတဲ့ အမျိုးသားတွေ ပန်းသေပန်းညှိုးဖြစ်တာက နှလုံးရောဂါရဲ့ အစောပိုင်း သတိပေးလက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ကောင်းကောင်းကျန်းမာနေတဲ့ အမျိုးသားတွေမှာတောင် ပန်းသေပန်းညှိုးပြဿနာ အနည်းငယ် ဒါမှမဟုတ် အသင့်အတင့်ရှိရင် နှလုံးကျန်းမာရေး စစ်ကြည့်သင့်ပါတယ်။ ပန်းသေပန်းညှိုးရောဂါက အသက် ၄၅ နှစ်နဲ့ အထက်နှလုံးရောဂါမရှိတဲ့ အမျိုးသားတွေမှာ နှလုံးရောဂါထတာ၊ နှလုံးအလုပ်မလုပ်နိုင်တာနဲ့ သွေးကြောရောဂါတို့ ဖြစ်နိုင်ခြေကို ၃၇ ရာခိုင်နှုန်း ပိုများစေပါတယ်။ နှလုံးရောဂါကြောင့် သွေးကြောကျဉ်းနေရင် လိင်တံဆီကိုသွားတဲ့ သွေးကြောတွေကိုလည်း ထိခိုက်မှုရှိနိုင်ပါတယ်။ ဒါကြောင့် နှလုံးအထူးကု ဆရာဝန်နဲ့ ပြသသင့်တာပါ။

အဝတ်လှန်းရာတွင် လက်မောင်းများ အားနည်းနေခြင်း

အဝတ်လှန်းတဲ့အခါ လက်မောင်းတွေအားနည်းပြီး မသန်မာရင် သင်ရဲ့လက်မောင်းရှိ ကြွက်သားနဲ့ အရွတ်အုပ်စုတစ်ခု Rotator Cuff ထိခိုက်လို့ ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ နာကျင်မှုကို မခံစားရဘဲ လက်မောင်းတွေ အားနည်းနေတာဖြစ်တတ်ပါတယ်။ ဒါက အိမ်ရှင်မတွေ အဖြစ်များတဲ့ ပြဿနာဖြစ်သလို အိုမင်းမှုဖြစ်စဉ်တစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါဆိုရင် ပြန်လည်သန်စွမ်းရေးကုထုံး လိုအပ်နိုင်ပါတယ်။

ခြေချောင်းထိပ်ကို ထိနိုင်သည်အထိ ခန္ဓာကိုယ်ကို မကွေးနိုင်ခြင်း

ထိုင်ခုံမှာထိုင်ပြီး နာရီပေါင်းများစွာ အချိန်ကုန်ဆုံးတာကြောင့် ခြေတံကောက်ကြောနဲ့ ခါးတွေတင်းမာနေကာ ခြေချောင်းတွေကို ထိဖို့ခက်ခဲလာတတ်ပါတယ်။ ခြေသလုံးတွေကို ဆွဲဆန့်တဲ့ လေ့ကျင့်ခန်း၊ ယောဂကျင့်တာနဲ့ ခါးဆွဲဆန့်လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။ ခြေချောင်းတွေကို မထိနိုင်တာဟာ အခြေခံနှလုံးရောဂါရှိတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ တချို့ကသုံးသပ်ပါတယ်။ တက်ဆက်တက္ကသိုလ် လေ့လာသူတွေက ခန္ဓာကိုယ်ပျော့ပျောင်းသန်စွမ်းတာဟာ နှလုံးသွေးကြောတွေ ပျော့ပျောင်းသန်စွမ်းတာနဲ့ ဆက်စပ်မှုရှိတယ်လို့ ယူဆထားလို့ပါ။ သွေးကြောတွေ ပျော့ပျောင်းနေတဲ့အခါ တစ်ကိုယ်လုံးကို သွေးတွေလွတ်လွတ်လပ်လပ် ရောက်ရှိစေပါတယ်။ သွေးကြောမာကျောတောင့်တင်းနေရင် နှလုံးရဲ့အလုပ်လုပ်နိုင်စွမ်း ပိုခက်ခဲလာပြီး နှလုံးရောဂါနဲ့ လေဖြတ်တာတို့ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

လက်ရေးက ပိုသေးလာခြင်း

လက်ရေးက ပိုသေးလာပြီး ပြွတ်ပြွတ်သိပ်သိပ်ဖြစ်နေရင် ပါကင်ဆန်ရောဂါရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ပါကင်ဆန်ရောဂါဖြစ်ရင် ဦးနှောက်ရဲ့ ကြွက်သားလှုပ်ရှားမှုထိန်းချုပ်တဲ့ လမ်းကြောင်းကို သက်ရောက်မှုရှိစေပြီး လက်တွေတောင့်တင်းကာ လှုပ်ရှားမှုနှေးကွေးလာတဲ့အတွက် လူနာတွေဟာ စာရေးတဲ့အခါ မြန်မြန်လှုပ်ရှားနိုင်စွမ်း မရှိတော့ပါဘူး။

နံနက်ခင်းတွင် လှုပ်ရှားမှုလုပ်ရန် ကြိုးစားအားထုတ်ရခြင်း

လူအများစုဟာ ညဘက်ကောင်းကောင်း အိပ်မပျော်တာနဲ့ ခါးနာတာကြောင့် နံနက်ခင်းမှာ တောင့်တင်းနေကာ စတင်လှုပ်ရှားမှုလုပ်ဖို့ အခက်အခဲရှိနေတတ်ပါတယ်။ အချိန်နှစ်နာရီ ကြာပြီးတဲ့အထိ ခန္ဓာကိုယ်ကို လှုပ်ရှားနိုင်စွမ်းမရှိသေးရင် အဆစ်ရောင်နာလက္ခဏာ ဖြစ်နိုင်ပါတယ်။ အဆစ်ရောင်နာ တစ်မျိုး ankylosing spondylitis (AS) ဖြစ်ရင် အဆစ်တစ်သျှူးပျော့တွေ ရောင်ရမ်းကာ အရိုးတွေ ထိခိုက်တဲ့အခြေအနေပါ။ အဲဒီအခါ ခါးနာတာနဲ့ တစ်ကိုယ်လုံး တောင့်တင်းတာတို့ ဖြစ်တတ်ပါတယ်။ အမျိုးသားတွေမှာ အဖြစ်များပြီး အသက် ၂၀ အရွယ်မှာ လက္ခဏာစတင်ပေါ်တတ်ပါတယ်။ ရောဂါကို စောစောတွေ့လေ၊ ကုသအောင်မြင်နိုင်ခြေများလေဖြစ်တဲ့အတွက် ဒီလိုလက္ခဏာဖြစ်ရင် ဆရာဝန်နဲ့ တွေ့ဆုံပြသသင့်ပါတယ်။

အမြင်ဝေ၀ါးခြင်း၊ အထူးသဖြင့် ရေချိုးချိန်တွင် အမြင်ဝေ၀ါးခြင်း

ရေနွေးနဲ့ရေချိုးနေချိန်မှာ အမြင်ဝေ၀ါးတာ ဒါမှမဟုတ် အမြင်အာရုံ အပြောင်းအလဲဖြစ်တာတို့ ဖြစ်ပေါ်ရင် နာ့ဗ်ကြောဆိုင်ရာ ဝေဒနာ (multiple sclerosis) ရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ဒီဝေဒနာက စက္ခုအာရုံကြောကို ထိခိုက်စေနိုင်ပါတယ်။ တခြားဖြစ်တတ်တဲ့ အပြောင်းအလဲတွေက မကြာခဏ အမြင်ဝေ၀ါးတာနဲ့ အရောင်တွေ၊ ဥပမာ အနီရောင်ကို မြင်နိုင်စွမ်းဆုံးရှုံးတာပဲ ဖြစ်ပါတယ်။ MS ဖြစ်သူ ငါးပုံတစ်ပုံခန့် ပထမဆုံး သတိပြုမိတဲ့ လက္ခဏာက မျက်စိဝေဒနာပဲ ဖြစ်ပါတယ်။

ပါးစပ်ဟနိုင်စွမ်း ခက်ခဲခြင်း

အောက်မေးရိုးနဲ့ ဦးခေါင်းခွံအခြေကြား အဆစ်တွေကို ထိခိုက်စေနိုင်တဲ့ဝေဒနာ (temporoman­dibular joint disorder) ရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ မေးရိုးရှိ Disc ချပ်ပြားထိခိုက်တာကြောင့် ညဘက်မှာ သွားကြိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ပီကေဝါးတာကို ရှောင်ရပါမယ်၊ နူးညံ့တဲ့အစာကို စားရပါမယ်၊ ညင်သာတဲ့ ဆွဲဆန့်လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ မေးရိုးပေါ်မှာ ပူနွေးတဲ့ ဖလန်နယ်စ အုပ်ထားရပါမယ်၊ ပါးစပ်ကိုအကျယ်ကြီးဟတာကို ရှောင်ရပါမယ်။

ပခုံးပေါ်စောင်းပြီး ကျော်မကြည့်နိုင်ခြင်း

လည်ပင်းအာရုံကြော ညပ်တဲ့အခြေအနေ(ကျီးပေါင်းတက်ခြင်း) ခံစားနေရတာကြောင့် ဖြစ်နိုင်ပါတယ်။ အများအားဖြင့် လည်ပင်းတစ်ဖက်တည်း တောင့်တင်းနေတတ်ပါတယ်။ ကားမောင်းများတဲ့အခါ ဘယ်ဘက်လက်တောင့်တင်းပြီး ညာဘက်ပခုံးပေါ်ကနေ ကျော်မကြည့်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ အရိုး၊ အကြော ပြန်လည်သန်စွမ်းရေးကုထုံးလိုအပ်သလို ယောဂကျင့်တာကြောင့်လည်း သက်သာစေနိုင်ပါတယ်။

စားပွဲပေါ်တွင် လက်ဖဝါးကို အပြားလိုက်မချနိုင်ခြင်း

စားပွဲပေါ်မှာ လက်တွေကို အပြားလိုက် ဖြန့်မချနိုင်ရင် လက်ချောင်းတွေကို လက်ဖဝါးထဲ ဖြေးဖြေးချင်းမကွေးနိုင်တဲ့ အခြေအနေ Dupuytren’s contracture ခံစားနေရလို့ ဖြစ်နိုင်ပါတယ်။ လက်ဖဝါးရှိ တွယ်ဆက်တစ်သျှူး ဖြစ်ပေါ်စေတဲ့ အလုံးအကျိတ်အသေးလေးတွေ ပေါ်တာကြောင့် လက်ချောင်းတွေကို ဖြန့်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ကုသမှု မခံယူရင် အမြဲကွေးနေတတ်ပါတယ်။ အများအားဖြင့် ခွဲစိတ်ကုသမှု ခံယူရတတ်ပါတယ်။

ပြုံးနိုင်စွမ်း မရှိခြင်း

အလွယ်တကူ ပြုံးနိုင်စွမ်းမရှိတာက myasthenia gravis ဆိုတဲ့ နာ့ဗ်ကြောကြွက်သားဆိုင်ရာ ဝေဒနာလက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ လူတစ်သောင်းမှာ တစ်ဦးဖြစ်တတ်ပြီး ကြွက်သားအားနည်းတာကြောင့် ဖြစ်တတ်ပါတယ်။ ပါးစပ်လိုပဲ မျက်စိကြွက်သားတွေကိုလည်း ထိခိုက်စေနိုင်တဲ့အတွက် မျက်ခွံတွဲကျတတ်ပါတယ်။ ဒီအခြေအနေကို လုံးဝပျောက်ကင်းအောင် ကုသနိုင်မှု မရှိသေးပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top