Healthy Life Ad
Health Tips

၀က်ခြံအမာရွတ်နဲ့ အရေပြားမညီမညာဖြစ်ခြင်းတို့ကို ဖယ်ရှားနိုင်မည့် နည်းလမ်းကောင်း ၇ သွယ်

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းက သူတို့ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို ဝက်ခြံပေါက်တတ်ပါတယ်။ ဝက်ခြံနဲ့ တခြားအရေပြားအပြစ်အနာအဆာ ထင်တာတွေက စားသောက်နေထိုင်တဲ့ အကျင့်ကြောင့် ပိုဆိုးစေနိုင်ပါတယ်။ အဲဒီလို အရေပြား အပြစ်အနာအဆာတွေဖြစ်ပြီး ဝက်ခြံအမာရွတ်တွေထင်တာ၊ အရေပြားမညီမညာဖြစ်တာတွေ ရှိခဲ့ရင် အောက်ပါနည်းလမ်းတွေသုံးပြီး အသားအရေကြည့်ကောင်းအောင် ပြုပြင်ပေးနိုင်ပါတယ်။

(၁) မျက်ကွင်းညိုခြင်းအတွက် နနွင်းမှုန့်+နာနတ်သီးဖျော်ရည်သုံးပါ

နနွင်းမှုန့်မှာအင်တီအောက်ဆီးဒင့်နဲ့ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းပါလို့ မျက်ကွင်းညိုတာကို သက်သာစေပါတယ်။ မျက်ကွင်းညိုတာ ကင်းစင်စေဖို့- နနွင်းမှုန့် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းနဲ့ နာနတ်သီးဖျော်ရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို ရောမွှေပါ။ ရလာတဲ့ အရောအနှောကို မျက်ဝန်းအောက် လိမ်းပေးပြီး အချိန် ၁၀ မိနစ်ကြာထားပါ။ နူးညံ့တဲ့ ပိတ်စနဲ့ သုတ်လိမ်းပေးပါ။ နေ့တိုင်း ပြုလုပ်ပေးရင် အကျိုးရလဒ်ကောင်း တွေ့ရပါလိမ့်မယ်။ မျက်ဝန်းအရေပြားကိုလည်း ပိုမိုနူးညံ့ ချောမွေ့စေပါတယ်။

(၂) နေလောင်ခြင်းနှင့် ရောင်ရမ်းခြင်းအတွက် ထောပတ်သီးသုံးပါ

ထောပတ်သီးမှာ ဗီတာမင်အေ၊ ဒီနဲ့ အီးတို့ ပါဝင်တာကြောင့် နေလောင်တဲ့ အရေပြားကို သက်သာစေပြီး ကော်လာဂျင်ထုတ်လုပ်မှုအားကောင်းကာ အရေပြားရောင်ရမ်းမှု လျော့ကျစေပါတယ်။

ပြုလုပ်ရမယ့်နည်းကတော့- ထောပတ်သီးကို ထက်ခြမ်းခြမ်းပြီး ညက်အောင်ချေပါ။ ပြီးရင် ရေပူထမင်းစားဇွန်းနှစ်ဇွန်းနဲ့ ထောပတ်သီးအနှစ်ကို ရောမွှေပြီး မျက်နှာပေါ်လိမ်းပါ။ အချိန် ၁၀ မိနစ်ကြာမှ ကြက်သီးနွေးရေနဲ့ ဆေးချလိုက်ပါ။ ခြောက်သွေ့တဲ့ အသားအရေ ဒါမှမဟုတ် ထိခိုက်လွယ်တဲ့ အသားအရေရှိရင် ထောပတ်သီးထဲ ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်သုံးနိုင်ပါတယ်။

(၃) အမည်းစက်၊ အမာရွတ်ထင်ခြင်းအတွက် အာလူး+လီမွန်သီးဖျော်ရည်သုံးပါ

အာလူးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံပါဝင်တာကြောင့် အရေပြားမှာ အမည်းစက်ထင်တာ၊ အမာရွတ်ထင်တာတို့ကို ထိထိရောက်ရောက် သက်သာစေပါတယ်။ လီမွန်သီးမှာ စစ်ထရစ်အက်ဆစ်ပါတာကြောင့် သဘာဝကြေးချွတ်အစွမ်း ရှိပါတယ်။

ပြုလုပ်နည်းကတော့- အာလူးကို ရေစင်စင်ဆေးပြီး အတုံးသေးလှီးကာ မွှေစက်ထဲထည့်ကြိတ်ပါ။ ရလာတဲ့ အာလူးအနှစ်ကို လီမွန်သီးအရည်ညှစ်ထည့်ပြီး မျက်နှာပေါ်က အမည်းစက်၊ အမာရွတ်နေရာတွေပေါ် သုတ်လိမ်းပေးပါ။ တစ်လွှာလိမ်းပြီး မိနစ်အနည်းငယ်ထားကာ နောက်တစ်လွှာထပ်လိမ်းပါ။ ပြီးရင် တတိယတစ်လွှာလိမ်းပြီး တစ်ညလုံးထားပါ။ မနက်မိုးလင်းမှ ကြက်သီးနွေးရေနဲ့ သန့်စင်ပေးပါ။ နေ့တိုင်းနဲ့ တစ်ပတ်ကြာပြုလုပ်ပေးရင် သိသိသာသာ ကောင်းကျိုးရရှိ စေပါတယ်။

(၄) ဝက်ခြံထွက်ခြင်းအတွက် ပန်းသီးရှလကာရည်သုံးပါ

ပန်းသီးရှလကာရည်မှာ အဆီတစ်အက်ဆစ်၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်တာကြောင့် အဆိပ်အတောက်တွေကို ကောင်းကောင်းချေဖျက် ပေးနိုင်ပါတယ်။ ဘက်တီးရီးယားနဲ့ ဖန်းဂတ်စ်ပိုး ကင်းစင်စေပါတယ်။

ပြုလုပ်နည်းကတော့- ပန်းသီးရှလကာရည် ထမင်းစားဇွန်းတစ်ဇွန်းနဲ့ ရေထမင်းစားဇွန်း ၂-၃ဇွန်းကို ဆတူရောပါ။ ရလာတဲ့အရည်ကို မျက်နှာသစ်ထားတဲ့ မျက်နှာပေါ် ဂွမ်းစလေးနဲ့ တို့သုတ်ပေးပါ။ ခြောက်တဲ့အထိထားပြီး တခြားအသားအရေထိန်းပစ္စည်းတွေ သုံးနိုင်ပါတယ်။ ပြောရရင် တိုနာသုံးသလိုမျိုး တစ်နေ့နှစ်ကြိမ် သုံးလို့ရပါတယ်။

(၅) ဝက်ခြံအမာရွတ်ထင်ခြင်းအတွက် လက်ဖက်စိမ်းလက်ဖက်ရည် သုံးပါ

လက်ဖက်စိမ်းလက်ဖက်ရည်မှာအင်တီအောက်ဆီးဒင့်ဖီနောနဲ့ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိတာကြောင့် ဝက်ခြံအမာရွတ် ထင်တာကို သက်သာစေပါတယ်။

ပြုလုပ်နည်းကတော့- လက်ဖက်အိတ်နှစ်အိတ် ဒါမှမဟုတ် လက်ဖက်ခြောက်အနည်းငယ်ကိုယူပြီး ရေနွေးထဲ ထည့်ပြုတ်ပါ။ ရလာတဲ့လက်ဖက်ရည်ကြမ်းကို နှပ်ထားပြီး သန့်ရှင်းတဲ့ ပိတ်စနဲ့စွတ်ကာ မျက်နှာပေါ် အုပ်ပေးပါ။ အချိန် ၅-၁၀ မိနစ်ထားပြီး တစ်နေ့နှစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။

(၆) အရေးကြောင်းထင်ခြင်းအတွက် သံလွင်ဆီလိမ်းပါ

သံလွင်ဆီမှာ ဗီတာမင်အေနဲ့ ဗီတာမင်အီးပါဝင်တာကြောင့် အသားအရေထိခိုက်စေတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေပြီး အရေပြားဆဲလ်တွေကို အားပြည့်စေပါတယ်။ အိုမင်းမှုဖြစ်စဉ်ကို ကာကွယ်ပေးဖို့ သံလွင်ဆီတစ်မျိုးတည်း ဒါမှမဟုတ် အောက်ပါအရောအနှောနဲ့ နှိပ်ပေးနိုင်ပါတယ်။

ပြုလုပ်နည်းကတော့- သံလွင်ဆီအစက်အနည်းငယ်၊ ပျားရည်နဲ့ အလှဆီတို့ကို ရောပြီး မျက်နှာပေါ် တစ်နေ့နှစ်ကြိမ် လိမ်းကာနှိပ်နယ်ပေးပါ။ သံလွင်ဆီအစား အုန်းဆီ၊ ဗီတာမင်အီးအဆီလိမ်းလည်းရပါတယ်။

(၇) ချွေးပေါက်ပိတ်ခြင်းအတွက် ပင်လယ်ဆား+ပျားရည်သုံးပါ

ဆားခါးမှာ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်တို့လို သတ္တုဓာတ်အများအပြား ပါဝင်တာကြောင့် အရေပြားမှ အဆီထွက်ရှိမှုကို ထိန်းပေးနိုင်ပြီး အရေပြားဆဲလ်သေကင်းစင်စေကာ အရေပြားအသစ်ဖြစ်နှုန်း အားကောင်း စေပါတယ်။

ပြုလုပ်နည်းကတော့- ပင်လယ်ဆား လက်ဖက်ရည်ဇွန်းနှစ်ဇွန်းနဲ့ ပျားရည်လက်ဖက်ရည်ဇွန်း လေးဇွန်းတို့ကို ရောမွှေပြီး မျက်နှာသစ်ထားတဲ့ အရေပြားပေါ် ညင်ညင်သာသာလိမ်းကာ ပွတ်ပေးပါ။ ၁၅ မိနစ်ကြာထားပြီး ရေနဲ့ဆေးလိုက်ပါ။

အထူးသတိပေးချက်-ရှားစောင်းလက်ပပ်သုံးနိုင်

ရှားစောင်းလက်ပပ်မှာ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဘီတာကယ်ရိုတင်းနဲ့ သဘာဝအင်ဇိုင်းတွေ ပါဝင်မှုများတာကြောင့် အိုမင်းမှုကို လျော့ကျစေပါတယ်။ အရေပြားကိုလည်း အစိုဓာတ်ထိန်းပေးပြီး အသားအရေတင်းရင်းစေပါတယ်။ ရှားစောင်း လက်ပပ်က ဝက်ခြံနဲ့အမာရွတ်တွေကိုလည်း ကင်းစင်စေပါတယ်။ ရှားစောင်းလက်ပပ်အနှစ်နဲ့ ပျား၇ည်ရောကာ မျက်နှာသစ်ပြီး လိမ်းပေးနိုင်ပါတယ်။ အချိန်အနည်းငယ်ကြာမှ ရေနဲ့ ဆေးရမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top