Healthy Life Ad
Q & A

ကျောက်ကပ်တစ်လုံးတည်းရှိသူ ဆီးသွားနည်းခြင်း

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

မေး- ကျွန်တော်သည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်က ဖြစ်ပါသည်။ ညာဘက်ကျောက်ကပ်ပျက်သွား၍ ၂၀၁၅ ခုနှစ်က ထုတ်လိုက်ပါသည်။ ယခုအခါ အပူချိန်ပြင်းသဖြင့် ရေတစ်လီတာ ၂ဘူးသောက် သော်လည်း ဆီးနည်းနည်းသာ သွားပါသညိ။ အပူချိန်ပြင်း၍ ချွေးများစွာထွက်ပြီး ဆီးနည်းနည်းသာသွားသဖြင့် ဘယ်ဘက်ကျောက်ကပ်တွင် ကျောက်တည်မည်ကို စိုးရိမ်ပူပန်ပါသည်။ ကျောက်ကပ်တစ်လုံးတည်းဖြစ်နေ၍ ရေကိုလည်း ပိုမသောက်ရဲပါ။ နေ့အချိန်တွင် ဆီးနည်းနည်းသာသွားပါသည်။ ည ၁၂ နာရီကျော်မှ ဆီးမှာ နေ့အချိန်ထက် နည်းနည်းပိုသွားပါသည်။ ထို့ကြောင့် ဆီးများများသွားစေရန် ရေကို မည်သို့သောက်ရမည်၊ မည်သို့ နေထိုင်စားသောက်ရမည်ကို ဖြေကြားပေးပါခင်ဗျာ။

ဖြေ- နေ့ခင်းမှာ နေပူတော့ ခန္ဓာကိုယ်က ချွေးထွက်ရင်ထွက်တယ်၊ ချွေးမထွက်ရင်တောင် ခန္ဓာကိုယ်က အငွေ့ပြန်တယ်။ နေ့ခင်းမှာ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှုများတဲ့အတွက် ဆီးဖြစ်တာနည်းတယ်။ ညဘက်ကျတော့ အေးသွားတဲ့အတွက် ဆီးဖြစ်ဖို့ပိုများတယ်။ ဒါက သဘာဝထဲမှာ ပါဝင်ပါတယ်။ အဲဒီတော့ ရေသောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးပြောရရင် ကိုယ်ရဲ့ Creatinine အဆင့်ကို သိဖို့လိုပါတယ်။ နောက်တစ်ခုက ကျောက်ကပ်သမားတွေ ခြေထောက်ဖောခြင်း၊ ရောင်ခြင်းမရှိရင် ရေကို တစ်နေ့မှာ ၂ လီတာကျော် အထိသောက်လို့ရပါတယ်။ ကျောက်ကပ်က ရေ ၂ လီတာကို စစ်ထုတ်မနိုင်ဘဲ အားနည်းတယ်ဆိုရင်တော့ ခြေထောက်မှာ ဖောခြင်း၊ ရောင်ခြင်း ဖြစ်လာမယ်၊ ဒါက ဆီးမစစ်ထုတ်နိုင်ဘဲ ခန္ဓာကိုယ်မှာကျန်တဲ့ လက္ခဏာတွေပါ။ အဲဒီလိုမဖြစ်ဘူးဆိုရင်တော့ ရေကို ၂ လီတာအထိ သောက်လို့ရပါတယ်။ ကျောက်ကပ်တစ်လုံးတည်းရှိပေမယ့် ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာ ကောင်းတယ်ဆိုရင် နေပူတယ်၊ ချွေးထွက်တယ်ဆိုတဲ့ အချိန်တွေမှာ ရေကို ၂ လီတာ အထက်အထိ တိုးသောက်လို့ ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top