Healthy Life Ad
Women

ဆံပင်ပုံ ပြောင်းခြင်းကြောင့် လက်ရှိအသက်ထက် ၁၀ နှစ်ခန့် ပိုမိုနုပျိုသွားစေရန်

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

ဆံပင်ပုံပြောင်းချင်နေပါသလား၊ ဒါမှမဟုတ် ဆံပင်ပုံကြောင့် ရုပ်ရင့်နေတယ်လို့ ထင်မြင်နေပါသလား။ သင့်ဆံပင်ကို ပြင်ဆင်တော့မယ်ဆိုရင် အောက်ပါနည်းလမ်းတွေကို လိုက်နာပေးသင့်ပါတယ်။ ဒီလိုနည်းတွေကို သုံးလိုက်ရင် လက်ရှိအသက်ထက် အသက် ၁၀နှစ်လောက် ပိုမိုနုပျိုသွားစေပါလိမ့်မယ်။

၁) ပုံမပြောင်းမီ အရင်ဆုံး ဆွေးနွေးပါ

ဆံပင်ကို မညှပ်ခင်မှာ ဆံပင်ထိန်းသိမ်း ပြုပြင်မှုဆိုင်ရာ အကြံပေးသူတစ်ဦးနဲ့ အရင်ဆွေးနွေးပါ။ သူရဲ့ အကြံဉာဏ်ကို ရယူပြီး သင်လည်း သဘောကတယ်ဆိုမှ ဆံပင်ကို ပုံစံပြောင်းပါ။ ဒီလို ဆွေးနွေးတဲ့ အချိန်က ငါးမိနစ်- ၁၀မိနစ်လောက်တော့ ပေးရပါလိမ့်မယ်။ ဒါကြောင့် အချိန်ကောင်းကောင်း မပေးနိုင်တဲ့ နေ့တွေမှာ ဆံပင်ကို မပြုပြင်သင့်ပါဘူး။

၂) ဆံပင်ပုံပြောင်းပါ

နှစ်ပေါင်းများစွာ ကြာတဲ့အထိ ဒီဆံပင်ပုံ တစ်မျိုးတည်းကိုပဲ မထားပါနဲ့။ လူတွေမှာ အမှားဆုံးပြုပြင်နည်းက ဆံပင်ပုံက ခေတ်နဲ့ လိုက်လျောညီထွေမှု မရှိတော့တာပါပဲ။ ဖက်ရှင်ရေစီးကြောင်းအလိုက် ဆံပင်ပုံစံကိုပြောင်းပါ။ အဓိက အချက်အနေနဲ့ ကိုယ့်ရုပ်ရည်နဲ့ လိုက်ဖက်ဖို့၊ ကိုယ့်အသက်အရွယ်နဲ့ အ ဆင်ပြေဖို့နဲ့ ကိုယ့်အလုပ်အကိုင်နဲ့ လိုက်လျောညီ ထွရှိဖို့တော့ လိုပါတယ်။

၃) ဆံပင်ဖြူနေလျှင် ဖုံးအုပ်ပါ

ဆံပင်ဖြူနေရင် ပြုပြင်ပါ။ ဆံပင်ဖြူပြီး ကြမ်းတမ်းနေရင် ဆံပင်အရောင်ပြောင်းပါ။ ဆိုလိုတာက ဆံပင်တွေ တစ်ခေါင်းလုံးဖြူမှ အရောင်ဆိုးသင့်တာမဟုတ်ပါဘူး။ အနက်ရောင်ထဲ အဖြူရောင်တွေ ရောနေရင်လည်း ဆံပင်အရောင်ကို ပြောင်းသင့်ပါတယ်။ ဆံပင်အရောင်ပြောင်းလဲလိုက်တာက အမျိုးသမီး တစ်ယောက်ရဲ့ဘဝနဲ့ တင့်တယ်မှုကို ပိုကြည့်ကောင်းစေပါတယ်။ မျက်လုံးအရောင်၊ အသားအရောင်နဲ့ လိုက်ဖက်တဲ့ ဆံပင်အရောင်ကို ဆိုးပေးပါ။

၄) အာဟာရပြည့်ဝစွာ စားသောက်ပါ

စားသောက်တဲ့ အစားအသောက်ကို ကြည့်ပါ။ အစားအသောက်ဟာ ဆံကေသာ ကျန်းမာလှပရေးအတွက် အရေးပါပါတယ်။ အခုလက်ရှိစားနေတဲ့ အစားအသောက်တွေက နောင်အနာဂတ်မှာ ဆံကေသာရဲ့ ကျန်းမာလှပရေးအပေါ် သက်ရောက်မှုရှိနေပါတယ်။ ဆံပင်သား၊ လက်သည်းခြေသည်းနဲ့ အရေပြားတွေရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရတွေရှိပါတယ်။ ငါးများများ စားပေးရင် ဆံပင်သားမှာ လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ရရှိစေကာ ဆံပင်သားကို သန်စွမ်းစေပါတယ်။

၅) ဦးရေပြားကို နှိပ်နယ်ပေးပါ

ဦးရေပြားကို နေ့စဉ် နှိပ်နယ်ပေးတာက သွေးစီးဆင်းမှုကို ကောင်းစေပြီး ဆံချည်မျှင် အိတ်တွေကို ကြီးထွားစေပါတယ်။ အိပ်ရာမဝင်ခင်မှာ ဦးရေပြားကို နှိပ်နယ်ပေးရင် အပန်းပြေစေပြီး အိပ်မောကျစေပါတယ်။ ခေါင်းလျှော်တဲ့အခါမှာလည်း ဦးရေပြားကို နှိပ်နယ်ပေးပါက ဦးရေပြား ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၆) စိတ်ရှည်ရှည်ထားပါ

ဆံကေသာကို ဂရုစိုက်တာကအချည်းနှီးမဟုတ်ဘူးဆိုတာကို သတိရပါ။ ဆိုလိုတာက ဆံပင်ကို အခု ထိန်းသိမ်းလို့ အခုချက်ချင်း အကျိုးကျေးဇူးရတာထက် နောက်ပိုင်းကာလမှာ ပိုကျန်းမာလာတာကို တွေ့ရမှာဖြစ်လို့ပါ။ ဆံကေသာလှပတာက အသက်ကြီးလာပေမယ့် ငယ်နုတဲ့သွင်ပြင်မျိုးရစေတာကြောင့် ယုံကြည်မှုနဲ့ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။

၇) ဆံပင်အရောင်မဆိုးမီ သေချာစဉ်းစားပါ

ဆံပင်ကို အရောင်မဆိုးခင် ဒီရာသီက ဘယ်အရောင်နဲ့လိုက်သလဲ၊ အခု ခေတ်စားနေတဲ့ ဆံပင်အရောင်က ဘယ်လိုအရောင်လဲစသဖြင့် ဆံကေသာပညာရှင်နဲ့ တိုင်ပင်ပါ။ မျက်လုံးအရောင်၊ အရေပြားအရောင်နဲ့ လိုက်ဖက်တဲ့ ဆံပင်အရောင်ကို သုံးသင့်ပါတယ်။

၈) သဘာဝအဆီ သုံးပါ

ဆံပင်သားကျန်းမာရေးအတွက် ကောင်းတဲ့ သဘာဝအဆီတွေက အများကြီးရှိပါတယ်။ ဒီအဆီတွေကို လိမ်းတာက ဆံကေသာရဲ့အတွင်းပိုင်းတည်ဆောက်မှုကိုတော့ ထိုးဖောက်ပြီး မဝင်ရောက်နိုင်ပါဘူး။ ဆံကေသာရဲ့ အပေါ်ပိုင်းကိုသာအားဖြည့်ပေးနိုင်တာကြောင့် ဆံပင်သားကိုတောက်ပချောမွေ့စေပါတယ်။ ဆံပင်သားချောမွေ့တောက်ပရေးအတွက် ရှမ်ပူကအဓိကကျပါတယ်။ ဆံပင်သားကိုကောင်းကောင်းသန့်စင်ပြီး အားဖြည့်ပေးနိုင်တဲ့ ရှမ်ပူမျိုးကိုသုံးမယ်ဆိုရင်ဆံပင်သားကျန်းမာတောက်ပစေပါတယ်။

၉) ဆံပင်ပုံမကြိုက်လျှင် မကြိုက်ကြောင်းပြောပါ

ဆံပင်ညှပ်တဲ့ပုံကို သဘောမကျရင် သဘောမကျကြောင်းပြောပါ။ ဆံပင်စတိုင်ကို ပြောင်းပြီး အိမ်ရောက်မှ စိတ်မသက်မသာဖြစ်နေတဲ့သူတွေ များတတ်ပါတယ်။ ဒါဆိုရင် ရက်အနည်းငယ်ကြာတဲ့အထိ စိတ်အနှောင့်အယှက်ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ညှပ်ပြီးကတည်းက ပုံစံအသစ်ကို သဘောမကျဘူးဆိုရင် ဆံကေသာပညာရှင်ကိုပြောပြပါ။ Customerကို လေးစားတဲ့ ဆံကေသာပညာရှင်တွေက သင့်စိတ်ကြိုက်ပုံစံမျိုး ရတဲ့အထိ ပြောင်းလဲပြုပြင်ပေးပါလိမ့်မယ်။

၁၀) ခေါင်းလျှော်ရည်ကို ရွေးချယ်သုံးပါ

သင်အသုံးပြုသင့်တဲ့ ရှမ်ပူအကြောင်းကို ဆံကေသာပညာရှင်အား မေးပါ။ ကျန်းမာတောက်ပြောင်တဲ့ ဆံပင်သားရှိတာက အသုံးပြုတဲ့ ရှမ်ပူအမျိုးအစားအပေါ်မှာ များစွာမူတည်နေပါတယ်။ ဆံကေသာ ထိန်းသိမ်းမှုအတွက် လုပ်ဆောင်သင့်တဲ့ အဆင့်သုံးဆင့်ရှိပါတယ်။ အဲဒါတွေကတော့ ဆံကေသာကို သန့်စင်တာ၊ အစိုဓာတ်ထိန်းတာနဲ့ အားဖြည့်တာတွေပဲ ဖြစ်ပါတယ်။ ဒီအဆင့် သုံးဆင့်အစား ခေါင်းလျှော်တာနဲ့ ကွန်ဒီရှင်နာသုံးပြီး ရေဆေးချတာတွေကို ခေါင်းလျှော်တိုင်း မှန်မှန်လုပ်ပေးကာ တစ်ပတ်တစ်ကြိမ် ပေါင်းတင်ပေးမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဒီလိုဆံပင်သားကို ပြုပြင်ပေးတာက ဆံကေသာကို သန်စွမ်းလှပပြီး တောက်ပစေပါတယ်။

သင့်မှာ စေးကပ်တဲ့ ဆံပင်သား ဒါမှမဟုတ် ခြောက်သွေ့တဲ့ ဆံပင်သားအမျိုးအစားရှိရင် မျိုးရိုးလိုက်တာကြောင့် ဒါမှမဟုတ် ဟော်မုန်းကြောင့် ဒါမှမဟုတ် ရာသီဥတုအခြေအနေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလို ဆံပင်သားမျိုးဆိုရင် ဘယ်လိုရှမ်ပူမျိုးနဲ့ အသင့်တော်ဆုံးလဲဆိုတာ ဆံကေသာပညာရှင်ကို မေးမြန်းနိုင်ပါတယ်။

၁၁) နာမည်ကျော်တို့၏ ဆံပင်ကို အတုမခိုးသင့်ပါ

နာမည်ကျော်ကြားသူတွေရဲ့ ပုံစံအတိုင်း လိုက်အတုမခိုးပါနဲ့။ သူတို့ရဲ့ ဆံပင်သား အမျိုးအစား၊ ဆံပင်သားပုံစံက သင်နဲ့တူချင်မှတူမှာပါ။ မျက်နှာကျပုံနဲ့ အလုပ်အကိုင်ကပါ ကွဲပြားနေမယ်ဆိုရင် သူတို့ရဲ့ ဆံပင်ပုံစံအတိုင်း လိုက်ထားဖို့ မသင့်ပါဘူး။

၁၂) မှန်ကန်သော ခေါင်းဘီးကို သုံးပါ

သင့်ဆံပင်အမျိုးအစားအလိုက် သင့်တော်တဲ့ ခေါင်းဖြီးမျိုးကို သုံးပါ။ ဆံပင်ကို ထူပွတယ်လို့ ထင်ရချင်ရင် ဝက်မင်ဘီးအလုံးကို သုံးပါ။ ဆံပင်ကို သေသေသပ်သပ်ဖြစ်နေချင်ရင်တော့ ဘီးပြားသုံးပါ။

၁၃) အဖျားနှစ်ခွဖြစ်နေလျှင် ညှပ်ပါ

ဆံပင်အဖျားတွေမှာ နှစ်ခွဖြစ်နေရင် ညှပ်ပေးပါ။ ဆံပင်အဖျားတွေ ကြမ်းရှနေရင်လည်း ညှပ်ထုတ်တဲ့နည်းနဲ့သာ ပြုပြင်သင့်ပါတယ်။

၁၄) ပတ်ဝန်းကျင်ကို အကြံဉာဏ်တောင်းပါ

ဆံပင်ပုံကို ဘယ်လိုပြောင်းရမယ်ဆိုတာ မသေချာရင် အကြံဉာဏ်တောင်းပါ။ သင့်ဘေးပတ်ဝန်းကျင်က သင့်ကို အကောင်းဆုံး အကြံဉာဏ်ပေးနိုင်မယ့်သူတွေကို မေးမြန်းပါ။ ဖြစ်နိုင်ရင် ဆံကေသာ အလှပြင်ဆိုင်ကို သင့်ကိုအကြံပေးနိုင်မယ့်သူကို ခေါ်သွားပါ။

၁၅) သဘာဝအတိုင်း အခြောက်ခံပါ

ဆံပင်ကို ခြောက်သွေ့အောင် ပြုပြင်တဲ့ အကောင်းဆုံးနည်းက လေမှုတ်စက်မသုံးဘဲနေပါ။ ခေါင်းလျှော်ပြီးချိန်မှာ ဆံပင်သားကို တဘတ်နဲ့ပဲ အုပ်ထားပေးပါ။ ဆံပင်သားကို ပွတ်တိုက်ပြီး မသုတ်ပါနဲ့။ ဆံပင်သားကို ပွတ်တိုက်ပြီး ခပ်ကြမ်းကြမ်းသုတ်တာက ဆံပင်သားကို ပြတ်ထွက်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top