Healthy Life Ad
Q & A

သတိပြုပါ၊ သွေးလွန်တုပ်ကွေးရောဂါ

မေး ။ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေကို ပြောပြပေးပါ ဆရာ။
ပါမောက္ခဦးကိုကို(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။

ဖြေ ။ သွေးလွန်တုပ်ကွေးကတော့ ခြင်ကျားကိုက်လို့ ဖြစ်တာပါ။ ကလေးတွေ သွေးလွန်တုပ်ကွေး ဖြစ်ရင် အသက်အန္တရာယ် ရှိပါတယ်။ ဒါကြောင့် အဖျား ၁၀၃၊ ၁၀၄၊ ၁၀၅ လောက်ရှိပြီဆိုရင် စိုးရိမ်ရပါတယ်။ ကလေးတွေမှာ သွေးလွန်တုပ်ကွေးနဲ့ တုပ်ကွေးကလည်း ရောနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ တုပ်ကွေးက အဖျားကြီးတာချင်းတူပါတယ်။ ဒါပေမဲ့ သွေးလွန်တုပ်ကွေးဖြစ်ရင် နှာစေးတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ သိပ်မဖြစ်ပါဘူး။ အသည်းနည်းနည်း ကြီးတတ်ပါတယ်။ လည်ပင်းအကျိတ်လည်း ဖြစ်တတ်ပါတယ်။ မှိန်းတတ်ပါတယ်။ အညိုရောင် အန်တတ်ပါတယ်။ သေချာချင်ရင် သွေးဖောက်စစ် ကြည့်လို့ရပါတယ်။

သတိထားစေချင်တာက ကလေးတွေမှာပဲ သွေးလွန်တုပ်ကွေးဖြစ်တယ်ဆိုပြီး လူကြီးတွေက ကိုယ့်ဘာသာတုပ်ကွေးထင်ပြီး ကျိတ်ကုနေတာမျိုး မလုပ်ဖို့ အရေးကြီးပါတယ်။ အဖျားတက်ပြီး အဖျားကလည်း နှစ်ရက်- သုံးရက်လောက်ကြာတဲ့အထိ မကျဘူးဆိုရင် ဆေးမြီးတိုတွေနဲ့ ကုမနေပါနဲ့၊ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ အမြန်ဆုံးပြကြပါ လို့တိုက်တွန်းလိုပါတယ်။ အိမ်အနားတစ်ဝိုက်မှာ ရေတိုင်ကီတွေကို ဖုံးထားတာမျိုး၊ ရေတွေကို စစ်ပေးတာမျိုး၊ မသုံးတော့တဲ့ ရေအကြွင်းအကျန်တွေကို သွန်ပစ်တာမျိုးလုပ်ပေးရပါမယ်။ ကလေးတွေကို ညနေနေဝင်ဖျိုးဖျအချိန်မှာ ခြင်မကိုက်အောင် ခြင်ကင်းစင်စေတဲ့ လိမ်းဆေးတွေ လိမ်းပေးတာ၊ လက်ရှည် အင်္ကျီ၊ ဘောင်းဘီရှည်ဝတ်ပေးတာ၊ ဘယ်အချိန်အိပ်အိပ် ဆေးစိမ်ခြင်ထောင်ထောင်တာနဲ့ ခြင်လုံခန်းထဲမှာ နေစေတာတို့ လုပ်ဆောင်ပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top