Healthy Life Ad
Health Tips

ခြင်ကိုက်ခြင်းကြောင့် ကူးစက်ပိုးမဝင်စေရန် . . .

———၊ ငွေကြယ်စင်ယံ ၊———

ခြင်ကိုက်တာဟာ တကယ်ကို စိတ်မသက်မသာ ဖြစ်စရာကောင်းတဲ့ အခြေအနေပါ။ ခြင်ကိုက်တဲ့နေရာကို သင့်အနေနဲ့ လက်နဲ့ကုတ်ခြစ်လိုက်မယ်ဆိုရင် အရေပြားပေါက်ပြဲသွားပြီး ကူးစက်ပိုးဝင်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် ခြင်ကိုက်တာကြောင့် ကူးစက်ပိုးမဝင်အောင် ကာကွယ်သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

နည်းလမ်း (၁)

ခြင်ကိုက်ခံရပြီဆိုတာနဲ့ ခြင်ကိုက်တဲ့နေရာကို ဆပ်ပြာနဲ့ရေသုံးပြီး ဆေးကြောသန့်စင်ပေးပါ။ ဒီနည်းလမ်းဟာ ခြင်ကိုက်တဲ့နေရာမှ အညစ်အကြေးတွေနဲ့ ပိုးမွှားတွေကို ကင်းဝေးသွားစေသလို ယားယံတာကို သက်သာစေပါတယ်။

နည်းလမ်း (၂)

ခြင်ကိုက်တဲ့နေရာကို မကုတ်ပါနဲ့။ အရေပြားမျက်နှာပြင် ပေါက်ပြဲနေတာဟာ အနာမကျက်မချင်း ပိုးမွှားတွေဝင်ရောက်အောင် လက်ယက်ခေါ်နေသလိုပါပဲ။

နည်းလမ်း (၃)

သင့်ခန္ဓာကိုယ်အနှံ့မှာ ခြင်ကိုက်ဖုတွေများနေပြီး ယားယံလွန်းနေရင် ယားယံတာသက်သာစေဖို့ ကလမင်း (Calamine)လိုးရှင်း လိမ်းထားပါ။ ဒါမှမဟုတ် ဟစ်စတာမင်းတားဆေး (ဥပမာ-ဘာမီတွန်)သောက်ပါ။

နည်းလမ်း (၄)

သင့်လက်သည်းတွေကို ခပ်တိုတို ညှပ်ထားပါ။ ဒါမှသာ သင့်အနေနဲ့ ခြင်ကိုက်တဲ့အရေပြားကို ကုတ်ခြစ်မိတာမျိုး မဖြစ်မှာပါ။ လက်သည်းရာကြောင့် အရေပြားပေါက်ပြဲနိုင်ခြေ များပါတယ်။

နည်းလမ်း (၅)

ခြင်ကိုက်တဲ့နေရာက ပေါက်ပြဲပြီး ပိုးဝင်နေပြီဆိုရင် နေ့စဉ် ဆပ်ပြာနဲ့ ရေသုံးပြီး ဆေးကြောကာ အနာကျက်အောင် ပူနွေးတဲ့ပတ်တီးစည်းထားပါ။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ပါတဲ့ ခရင်မ်ဟာ ခြင်ကိုက်တဲ့နေရာမှာ ရောဂါပိုးဝင်တာကို တွန်းလှန်ပေးပါတယ်။

သတိပြုရန်

ခြင်ကိုက်ရာကနေတစ်ဆင့်ဖြစ်တဲ့ ပိုးဝင်တဲ့အနာကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် ပုံမှန်လိမ်းပေးတာနဲ့ ခြင်ကိုက်တဲ့ အရေပြားကို ပုံမှန်သန့်စင်ဆေးကြောပေးတာက ချက်ချင်းမသက်သာစေပေမယ့် ပိုဆိုးမသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top