Healthy Life Ad
Life Style

ရိုမန်တစ်အချစ် နှင့် ခန္ဓာကိုယ်ဟော်မုန်းများ

စူး (ဆေးဝါးတက္ကသိုလ်)
ချစ်ခြင်းမေတ္တာက ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေနဲ့ အကြီးအကျယ် ဆက်နွှယ်မှုရှိနေတယ်ဆိုတာ သိပ္ပံပညာရှင်တွေက လက်ခံထားပြီးသားပါ။

(၁) ချစ်နေချိန်မှာ ကြည်နူးနှစ်သိမ့်မှုအပြည့် ခံစားရပါတယ်

တစ်ဦးနဲ့ တစ်ဦး ချစ်ခင်မြတ်နိုးတန်ဖိုးထားနေချိန်မှာ စွဲလမ်းမှုအရှိန်ကြောင့် ကြည်နူးနှစ်သိမ့်မှုအပြည့်အဝခံစားရပါတယ်။ ဒါက ဘယ်လိုဖြစ်ရသလဲ ဆိုတော့ ဦးနှောက်နဲ့ အဒရီနယ်ဂလင်းကနေ နော်အဒရီနယ်လင်ဟော်မုန်း ထွက်ရှိလို့ပါပဲ။ ကိုကိန်း ဒါမှ မဟုတ် ဟီးရိုးအင်းသုံးတဲ့အခါ ထွက်တဲ့ ဟော်မုန်းနဲ့ အတူတူပါပဲ။ ဒါပေမဲ့ ရိုမန်တစ်အချစ်ကြောင့် ထွက်တဲ့ ဟော်မုန်းကတော့ ဆိုးကျိုးမရှိဘူးပေါ့။ လူတစ်ယောက်က သူ့ချစ်သူကို ပိုပိုပြီး ချစ်မြတ်နိုးလာလေ၊ ဒီဟော်မုန်းတွေ အထွက်တိုးပြီး ကြည်နူးနှစ်သိမ့်မှု ပိုခံစားရလေလေပါပဲ။

(၂) ချစ်နေချိန်မှာ ခန္ဓာကိုယ်ထဲ ဟော်မုန်းတွေ အများအပြား ထွက်လာပါတယ်။

ချစ်နေချိန်မှာ ဦးနှောက်ထဲမှာ ဓာတုဖြစ်စဉ်အမျိုးမျိုး ဖြစ်ပေါ်လာပါတယ်။ ချစ်နေချိန် ထွက်လာတဲ့ ဟော်မုန်းတွေက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အရာတွေပါ။

အောက်ဆီတိုစင်ဟော်မုန်းက စိတ်ခံစားမှု ကောင်းစေပြီး ချစ်သူတွေကြား နက်နဲတဲ့ သံယောဇဉ်ဖြစ်စေပါတယ်။ ဟိုက်ပိုသားလမတ်စ်က လုံလောက်တဲ့ အောက်ဆီတိုစင်ထွက်ရှိရင် စိတ်ဖိစီးမှုအဆင့် လျော့ကျသွားပြီး ချစ်သူနဲ့ ဆုံချင်တဲ့ ဆန္ဒ ပြင်းပြလာပါတယ်။

ဗေဆိုပရက်ဆင်ဟော်မုန်းက တစ်ဦးနဲ့ တစ်ဦး စောင့်ရှောက်ပေးချင်တဲ့ ခံစားချက် ဖြစ်စေတာပါ။ဒိုပါမင်းက ကြည်နူးမှုဖြစ်စေတဲ့ ဟော်မုန်းပါ။ ဒိုပါမင်းအထွက်များရင် ဝမ်းသာကြည်နူးစေပြီး ချစ်သူနဲ့အတူ ဘာမဆို ရင်ဆိုင်ရ ရင်ဆိုင်ရ အားအင် ရှိနေတာမျိုးပါ။

ဆီရိုတိုနင်က စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းဖြစ်ပြီး အိမ်ထောင်သည်ဘဝမှာ လိင်မှုဆိုင်ရာ အရည်အသွေးကောင်းမွန်စေပါတယ်။
ကော်တီစောက စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းဖြစ်ပြီး ကော်တီစောအဆင့်ဟာ ချစ်သူစုံတွဲ စတွဲခါစမှာ အလွန်မြင့်တက်တယ်လို့ လေ့လာသူအတော်များများက ဆိုပါတယ်။

ချစ်ခြင်းမေတ္တာဓာတ်သဘောသဘာဝဟာ ဖီရိုမုန်းပေါ်မှာလည်း မူတည်ပါတယ်။ ဖီရိုမုန်းကတော့ ခန္ဓာကိုယ်ရဲ့ချွေးဂလင်းတွေကနေ ထွက်ရှိတာ ဖြစ်ပါတယ်။ ဒီဟော်မုန်းက ချွေးထွက်များတာ၊ နှလုံးခုန်နှုန်းမြန်တာ၊ မျက်စိသူငယ်အိမ်ကျယ်တာ၊ အိပ်ရေးပျက်တာနဲ့ အစာစားချင်စိတ်လျော့နည်းတာစတဲ့ ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုတွေကို ဖြစ်စေနိုင်ပါတယ်။

(၃) အိမ်ထောင်သက်ကြာလာတဲ့အခါ မှေးမှိန်သွားတဲ့ ချစ်ခြင်းမေတ္တာ
ရိုမန်တစ်အချစ်နဲ့ ဓာတ်သဘောသဘာဝဖြစ်စဉ်က အိမ်ထောင်သက် သုံးနှစ်ကြာရင် လျော့ပါးသွားပါသတဲ့။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ထောင် သက်ကြာလာတဲ့အခါ ကလေးတွေကို ပြုစုဖို့၊ စားဝတ်နေရေးရှာဖွေဖို့၊ ကလေးတွေ ပညာသင်ဖို့၊ ထိန်းကျောင်းဖို့ ပိုအလေးထားလာတဲ့အတွက် အိမ်ထောင်ဖက်တွေမှာ ဒီဟော်မုန်းတွေ ထွက်ရှိနှုန်းနှေးလာပါတော့တယ်။ ဒီအချိန်မှာ ချစ်စခင်ခလို ရိုမန်တစ်မဖြစ်တော့တာ သိပ်တော့ အံ့သြစရာမရှိပါဘူး။

 

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top