Healthy Life Ad
Life Style

သွေးမလှူမီနှင့် သွေးလှူပြီးချိန် သံဓာတ်ပြည့်ဝစေရန် စားသောက်သင့်သည့် အာဟာရ

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

သွေးလှူတော့မယ်ဆိုရင် ကိုယ်ကျန်းမာရေးကောင်းနေဖို့ လိုက်နာသင့်တဲ့ နေထိုင်စားသောက်ပုံ စနစ်တွေရှိသလို သွေးလှူပြီးချိန်မှာလည်း ကျန်းမာနေစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။

သွေးမလှူမီ သံဓာတ်ပြည့်ဝပြီး ကျန်းမာစေရန် နေထိုင်နည်းများ

– အနီရောင်ရှိတဲ့အသားတွေကို စားပေးရပါမယ်။

– အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို စားပေးရပါမယ်။

– သံဓာတ်စုပ်ယူမှုအားကောင်းအောင် ဗီတာမင်စီများများပါတဲ့ အသီးအနှံတွေကို များများစားရပါမယ်။

– သံဓာတ်အားဆေး မှန်မှန်သောက်ပေးရပါမယ်။

– ကိုယ်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ကျန်းမာရေးနဲ့ညီညွတ်အောင် ပြင်ဆင်နေထိုင်ရပါမယ်။ ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်တွေကို မနက်စာ၊ နေ့လယ်စာ၊ ညစာပုံမှန်စားပေးရပါမယ်။

– အစာစားပြီး လမ်းလျှောက်ပေးရပါမယ်။ အထူးသဖြင့် အမျိုးသမီးကြီးတွေမှာ လမ်းလျှောက်တာ နည်းနေပါတယ်။ အသက် ၅၀လောက် အရွယ်ရောက်ရင် သွေးဆုံးတယ်၊ နည်းနည်းဖိန့်တဲ့ခန္ဓာကိုယ်ဖြစ်လာကြတယ်။ ဒါက ကိုယ်ရဲ့လှုပ်ရှားမှုနဲ့ ဆိုင်ပါတယ်။ အခုခေတ်မှာတော့ Zumba ကစားတာ၊ ယောဂကျင့်တာ၊ အေရိုးဗစ်ကစားတာတွေ လုပ်ကြတယ်။ ဒါတွေက အရမ်းကောင်းပါတယ်။ ဒါပေမဲ့ အထူးသတိပေးချင်တာက ပုံမှန်ပြုလုပ်ဖို့ပါပဲ။ လေ့ကျင့်ခန်း လုပ်ရမယ်ဆိုလို့ လမ်းလျှောက်လိုက်တယ် . . တစ်ပတ်။ ပြီးရင် မေ့သွားရော . . ဒါမျိုးကတော့ အဆင်မပြေပါဘူး။ တစ်နေ့နာရီဝက်ပဲ ပုံမှန်လမ်းလျှောက်မယ်ဆိုရင် တစ်နေ့နာရီဝက်တော်ပြီ၊ နေ့စဉ်ပုံမှန်တော့ လုပ်သင့်ပါတယ်။

စိတ်ကူးပေါက်တဲ့အချိန်မှာ Gym သွားလိုက်၊ အားကစားလုပ်လိုက်တစ်ပတ်ပဲ၊ နောက်ပိုင်း ဘာမှမလုပ်တော့ဘူး . . ဒါမျိုးကတော့ မကောင်းပါဘူး။ တစ်နေ့ လူတစ်ယောက်က ခြေလှမ်းခြောက်ထောင်နဲ့ တစ်သောင်းကြား လျှောက်ပေးနိုင်ရင် ကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။ ဒါဆိုရင် သွေးလှည့်ပတ်မှုကောင်းတယ်၊ အစာအိမ်အူလမ်းကြောင်းကနေ အာဟာရစုပ်ယူမှုကောင်းတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးကောင်းအောင် ဗီတာမင်ဒီလိုအပ်ပါတယ်။ အခုနောက်ပိုင်း ဗီတာမင်ဒီ လျော့နည်းနေတာတွေ့တဲ့အတွက် နေပူခံသင့်ပါတယ်။ တစ်ချိန်လုံး အဲကွန်းခန်းထဲ နေနေတာမျိုးဆင်ခြင်ပြီး မနက် ၆ နာရီနဲ့ ၈နာရီခွဲကြား အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်တာမျိုး လုပ်သင့်ပါတယ်။

နောက်တစ်ပတ်မှာ သွေးလှူတော့မယ်ဆိုရင် ဒီနေ့ကတည်းက သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို များများစားသောက်ပေးရပါမယ်။ အနီရောင်ရှိတဲ့ အသား၊ ကြက်သည်း၊ အစိမ်းရောင်ရှိတဲ့ အရွက်တွေ၊ လိမ္မော်သီးလို အသီးတွေစားပေးရပါမယ်။ ဒီအချိန်မှာ လက်ဖက်လျှော့စားရပါမယ်။ အိပ်ရေးဝအောင် အိပ်စက်အနားယူပေးရပါမယ်။ သွေးမလှူခင်မှာ အနည်းဆုံး ရေတစ်လီတာဘူးရဲ့ တစ်ဝက်ကို သောက်ပေးရပါမယ်။ သွေးလှူခါနီး တစ်ပတ်အလိုမှာ အဆီများတဲ့ အစာကို မစားသင့်ပါဘူး။ ဥပမာ- ဘယာကြော်စားတာ၊ ဟင်းအနှစ်စားတာ၊ ခရင်မ်ပါတဲ့ ကိတ်မုန့်စားတာတို့ ရှောင်ပါ။

သွေးလှူပြီးချိန် သံဓာတ်ပြည့်ဝပြီး ကျန်းမာစေရန် နေထိုင်နည်းများ

– သွေးလှူပြီး ဝုန်းခနဲ မထပါနဲ့၊ ၁၀ မိနစ်လောက် ခဏလှဲပြီး သွေးလှူထားတဲ့ ကုသိုလ်စိတ်လေးနဲ့ စိတ်အေးလက်အေး အပန်းဖြေပေးပါ။

– သွေးလှူပြီး ၂၄ နာရီအတွင်း အရက်လုံးဝ မသောက်သင့်ပါဘူး။

– သွေးလှူပြီး ကြက်ဥစားသင့်ပါတယ်။

– ရေသောက်ပေးသင့်ပါတယ်။

– ပလာစတာကို စနစ်တကျကပ်ပါ၊ အဲဒီနေရာမှာ ယားယံတာမျိုးမဖြစ်အောင် သေချာသန့်ရှင်းရေးလုပ်ပေးပါ။

– ၂၄ နာရီအတွင်း အားကစားအပြင်းအထန် မလုပ်သင့်ပါဘူး။

– ၂၄ နာရီအတွင်း လေးလံတဲ့ ပစ္စည်းကိုလည်း မသယ်သင့်ပါဘူး။

– ၂၄ နာရီအတွင်း သိပ်အားစိုက်ရတဲ့ အလုပ်တွေကို မလုပ်သင့်ပါဘူး။

– ၂၄ နာရီအတွင်း ပြည့်ပြည့်ဝ၀ အနားယူပြီး အိပ်ရေးဝ၀ အိပ်စက်ပေးရပါမယ်။

နောက်တစ်ပတ်မှာ သွေးလှူတော့မယ်ဆိုရင် ဒီနေ့ကတည်းက သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို များများစားသောက်ပေးရပါမယ်။ အနီရောင်ရှိတဲ့ အသား၊ ကြက်သည်း၊ အစိမ်းရောင်ရှိတဲ့ အရွက်တွေ၊ လိမ္မော်သီးလို အသီးတွေ စားပေးရပါမယ်။ ဒီအချိန်မှာ လက်ဖက်လျှော့စားရပါမယ်။ အိပ်ရေးဝအောင် အိပ်စက်အနားယူပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top