Healthy Life Ad
Life Style

ပြင်ပမှာ သန္ဓေတည်စေနည်း In vitro fertilization (IVF)

ဒေါက်တာတင့်ဆွေ

၁။ ဆရာ အမျိုးသမီးကအသက် (၃၇) နှစ်ပါ။ IVF နည်းနဲ့ သားလောင်းလေး (၂ )ခု ထည့်လိုက်ပါတယ်။ ကိုယ်ဝန်(၈)ပတ်ရပြီး Ultrasound ရိုက်ကြည့်တော့ (၁)ယောက်တည်းပါဆရာ။ တခြားသားလောင်းလေးက ဘယ်လိုဖြစ်သွားတယ်ဆိုတာ သိပါရစေခင်ဗျာ။

၂။ သမီးက PCOS ရောဂါရှင်ပါ။ metformin ကို တနေ့ 1000mg သောက်နေရပါတယ်။ လွန်ခဲ့တဲ့လကစပြီး ရာသီမှန်လာပါတယ်ဆရာ။ သမီးတို့ လင်မယားနှစ်ယောက်ကလည်း ကလေးအရမ်းလိုချင်ပါတယ်ဆရာ။ သမီးမှာ ကလေးရနိုင်မယ့် အခြေအနေရှိလာနိုင်ပါဦးမလားရှင်။ ပြီးတော့ သမီးတို့ IVF နည်းနဲ့ ကလေးယူချင်ပါတယ်ဆရာ။ ဆရာ အခုနေထိုင်တဲ့ အိန္ဒိယမှာလာရောက်ကုသရင် အဆင်ပြေနိုင်ပါ့မလားဆရာ။ ခန့်မှန်းခြေကုန်ကျစရိတ်လေးနဲ့ အောင်မြင်မှုနှုန်းလေးကို သိချင်ပါတယ်ဆရာ။ သမီးအားကိုးစွာ ဆရာ့ရဲ့အဖြေကို စောင့်နေပါ့မယ်ရှင့်။

ဆရာ အိန္ဒိယမှာမနေရတော့တာ ၆ လ ရှိသွားပါပြီ။ (ဒီစာကို ပြန်တင်တော့ ၃ နှစ်ခွဲရှိပြီ။) ကုန်ကျစရိတ်မသိပါ။ လှမ်းမေးရင် ရပါတယ်။ ရေးထားတဲ့ စာတပုဒ် ပို့ပါတယ်။ Test-tube babies ဖန်ပြွန်သန္ဓေသားဆိုတာ ကြားဖူးကြပါမယ်။ ၁၉၇၈ တုံးက အင်္ဂလန်မှာ လူးဝစ်ဘရောင်းကို မွေးခဲ့တာကနေစပြီး လူသိများလာတာပါ။ သူဟာ သူ့မိခင်ရဲ့ သားအိမ်ထဲမှာ မနေခဲ့ရပါ။

Artificial insemination နည်းမှာတော့ ခပ်ရှင်းရှင်းပါ။ သုက်ပိုးကို သားအိမ်ထဲကို တမင်တကာ ထည့်ပေးနည်းလုပ်တာ ဖြစ်ပါတယ်။ IVF နည်းမှာတော့ မျိုးဥနဲ့ သုက်ပိုးတွေကို ဓာတ်ခွဲခန်းထဲမှာ ပေါင်းစပ်ပြီး သန္ဓေဖြစ်လာစေတယ်။ နောက်ပြီးမှ သားအိမ်ထဲကို ထည့်ပေးရပါတယ်။ ရှုပ်ထွေးတယ်။ အကုန်အကျများတယ်။ ကလေးမရသေးတဲ့ အတွဲတွေထဲက ၅% ကသာ ဒီနည်းလုပ်ပါတယ်။ ဒါပေမဲ့ ၁၉၈၁ ကစပြီး ယူအက်စ်မှာ စလုပ်လာတာကနေ ကနေ့အထိ အဲလို IVF နည်းနဲ့ မွေးတဲ့ကလေးပေါင်း ၂ သိန်း ကျော်နေပါပြီ။

ဘာလို့ ကလေးမရသေးသလဲ

1. Endometriosis သားအိမ်ရောဂါ၊

2. Low sperm counts သုက်ပိုးနည်းခြင်း၊

3. Problems with the uterus or fallopian tubes သားအိမ်နဲ့ ပြွှန်ရောဂါ၊

4. Problems with ovulation မျိုးဥ မထွက်ခြင်း၊

5. Antibody problems that harm sperm or eggs သုက်ပိုးနဲ့မျိုးဥကို ဆန့်ကျင်တဲ့ “အင်တီဘော်ဒီ” ထွက်ခြင်း၊

6. The inability of sperm to penetrate or survive in the cervical mucus သားအိမ်အဝက အချွဲထဲကို သုက်ပိုးက ထိုးဖောက်မဝင်နိုင်ခြင်း၊

7. An unexplained fertility problem ရှင်းမပြနိုင်တဲ့အကြောင်းခံ။

ကလေးမရသေးသူတွေအတွက် IVF နည်းကို အရင်ဆုံးနည်းအနေနဲ့ အားမကိုးပါ။ Fertility drugs မျိုးဥထွက်ဆေးပေးနည်း၊ ခွဲစိတ်နည်းနဲ့ Artificial insemination သုက်ပိုး အပြင်ကနေ ထည့်ပေးနည်းတွေနဲ့ မရတော့မှသာ လုပ်ပါမယ်။

ဒီနည်းမှာ ပဌမအဆင့်အနေနဲ့ ဟော်မုန်းဆေး ထိုးပေးပါတယ်။ ဒီနည်းကြောင့် လစဉ်မျိုးဥက တစ်ခုမက ထွက်လာမယ်။ မျိုးဥထုတ်ယူနိုင်ခြေကို စမ်းသပ်မှုတွေလုပ်မယ်။ Retrieval procedure မျိုးဥထုတ်ယူဖို့ ပြင်ဆင်မယ်။ ဆေးတွေထိုးပေးမယ်။ မျိုးဥတွေ မျိုးဥအိမ်ကနေထွက်လာစေမယ်။ အချိန်ကိုက်လုပ်ဘို့ အရေးကြီးတယ်။ မျိုးဥအိမ်ထဲက ဖော်လီကယ်ထဲကနေ ရင့်မှည့်နေတဲ့မျိုးဥမထွက်ခင်မှာ ထုတ်ယူဖို့ဖြစ်တယ်။ စောလဲမရ၊ နောက်ကျလဲမရပါ။ သွေးစစ်နည်းနဲ့ အာလ်ထွာဆောင်းအရ အချိန်ကိုက်ကိုသိနိုင်တယ်။ မတိုင်ခင်ညမှာ ညွှန်ကြားချက်နဲ့ လိုအပ်ရင်ဆေးပေးမယ်။ တချို့ကို မေ့ဆေးနဲ့လုပ်မယ်။

မျိုးဥအိမ်ထဲက မှန်ကန်တဲ့ ဖော်လီကယ်ထဲကနေ ဆေးထိုးအပ်နဲ့ မျိုးဥကိုထုတ်ယူမယ်။ နာရီဝက် တနာရီသာကြာမယ်။ ထုတ်ယူလိုက်တဲ့မျိုးဥကို ဓာတ်ခွဲခန်းထဲမှာပဲ ချက်ချင်းသုက်ပိုးနဲ့ ပေါင်းစပ်စေမယ်။ ခင်ပွန်းက ကျန်းမာသူဆိုရင် သူ့သုက်ပိုးကိုသုံးမယ်။ စောင့်ကြည့်မှုကိုဆက်လုပ်နေပါမယ်။ ၅ ရက်စောင့်လိုက်ရင် . . .

မျိုးဥအိမ်ထဲက မှန်ကန်တဲ့ ဖော်လီကယ်ထဲကနေ ဆေးထိုးအပ်နဲ့ မျိုးဥကိုထုတ်ယူမယ်။ နာရီဝက် တနာရီသာကြာမယ်။ ထုတ်ယူလိုက်တဲ့မျိုးဥကို ဓာတ်ခွဲခန်းထဲမှာပဲ ချက်ချင်းသုက်ပိုးနဲ့ ပေါင်းစပ်စေမယ်။ ခင်ပွန်းက ကျန်းမာသူဆိုရင် သူ့သုက်ပိုးကိုသုံးမယ်။ စောင့်ကြည့်မှုကို ဆက်လုပ်နေပါမယ်။ ၅ ရက်စောင့်လိုက်ရင် Embryo သန္ဓေဟာ more advanced blastocyst stage အဆင့်ရောက်ပါပြီ။ အဲသည်အချိန်မှာ သန္ဓေကိုသားအိမ်ထဲထည့်ပေးပါမယ်။ သန္ဓေတခုမက ၃-၄ ခုလဲ ထည့်နိုင်တယ်။ ကသီတာ ခေါ်တာလေးနဲ့ ဗဂျိုင်းနားကနေ သားအိမ်ထဲထည့်ပေးမှာဖြစ်တယ်။ မျိုးဥထုတ်ယူရသလောက် မခက်ဘူး။ အိပ်ရာထဲမှာ ဆေးရုံတက်နေသလို နားနေရပါမယ်။ ဆရာဝန်က ကိုယ်ဝန်အတွက် သွေး-ဆီးစစ်ပါမယ်။

ခင်ပွန်းဖြစ်သူရဲ့ သုက်ပိုးအရေအတွက် နည်းနေရင် IVF နည်းနဲ့အတူ Intracytoplasmic sperm injection သုက်ပိုး ဆေးထိုးနည်းကိုပါ တွဲလုပ်နိုင်တယ်။ Semen စီမင်ထဲကနေ Sperm သုက်ပိုးကိုထုတ်ယူမယ်။ တချို့ကိုတော့ Testicles ကျားအစိထဲကနေယူမယ်။ ယူတာကို Egg မျိုးဥထဲ ထိုးပေးရတယ်။

IVF ဘယ်လောက်အောင်မြင်သလဲဆိုတာ ဘာလို့ကလေးမရသေးသလဲဆိုတာအပေါ်နဲ့ တခြားအကြောင်းအချက်တွေအပေါ်မူတည်တယ်။ အသက်အရွယ်လည်း စကားပြောတယ်။ အမျိုးသမီးရဲ့အသက်အရွယ် အရေးပါတယ်။ ၃၅ နှစ်အောက်ဆိုရင် ၃၉.၆ ရာခိုင်နှုန်း အောင်မြင်တယ်။ ၄၀ကျော်ရင် ၁၁.၅ ရာခိုင်နှုန်း ရှိတယ်။ နောက်ပိုင်းနည်းတွေက အသက်ကြီးလာလဲ အခွင့်အလမ်းတူလောက်ဖြစ်လာတာ အားရှိစရာကောင်းတယ်။

အထောက်အကူနည်းနဲ့ ကလေးရအောင် လုပ်နည်းတွေဖြစ်တဲ့ IVF, GIFT နဲ့ ZIFT နည်းတွေကို Assisted reproductive technology (ART) လို့ခေါ်တယ်။ ၂၀ဝ၉ စာရင်းဇယားတွေအရ IVF နည်းကို ၉၉ ရာခိုင်နှုန်း သုံးတယ်။ တခါကြိုးစားမှုလုပ်တာကို ဆိုက်ကယ်တခုလို့ ခေါ်တယ်။ ဆိုက်ကယ်အားလုံးတွက်ရင် ကိုယ်ဝန်ရနှုန်း ၂၉.၄ ရာခိုင်နှုန်းရှိတယ်။ ၂၂.၄ ရာခိုင်နှုန်း အရှင်မွေးတယ်။ ရလာတဲ့ Embryos သန္ဓေတွေကို မသုံးသေးရင် အေးခဲနည်းနဲ့ သိမ်းထားနိုင်တယ်။ ဒုတိယ၊ တတိယအကြိမ်တွေထပ်ကြိုးစားဖို့ အကုန်အကျသက်သာမယ်။ သူများကိုလည်း လှူနိုင်တယ်။ ယူအက်စ်မှာ IVF cycle ဆိုက်ကယ်တခုအတွက် $12,400 ကုန်ကျတယ်။

ဈေးချိုချိုနဲ့ ကလေးလိုချင်သလား

– အမေရိကန်ပြည်ထောင်စု ကိုလိုရာဒို၊ ဘူလ်ဒါ တက္ကသိုလ်ကနေ IVF ပြင်ပသန္ဓေတည်နည်းနဲ့ ကလေးရအောင် လုပ်းနည်းကို ဈေးသက်သာတဲ့နည်း တီထွင်လိုက်ပါတယ်။ တစ်ကြိမ်ကြိုးစားမှု ဆိုက်ကယ်တခုအတွက် ဒေါ်လာ ၂၅၀ သာ ကုန်ကျပါတော့မယ်။

– မျိုးဥထွက်ဆေးကို Generic fertility drugs ဆေးနာမည်ရင်းနဲ့လာတာကိုသာ သုံးမယ်။ ဓာတ်ခွဲခန်းသုံး ပစ္စည်းကိရိယာတွေကိုလည်း အခြေခံကျတာတွေကို သာသုံးမယ်လို့ သြစတေးလျ၊ မဲလ်ဘုန်း၊ Monash မိုနက်ရှ် တက္ကသိုလ် ပါမောက္ခ(ဂဘ်ကိုဗက်စ်)ကနေ မကာအိုမှာ ကျင်းပတဲ့ ၁၉ ကြိမ်မြောက် Contro­versies in Obstetrics, Gynecology & Infertility (COGI) ကမ္ဘာ့ကွန်ကရက်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

– စမ်းသပ်ဖန်ပြွန် ၂ ချောင်း၊ ဈေးမကြီးတဲ့ ဓာတ်ပစ္စည်းတွေ၊ Low-cost embryo culture method ဈေးနှုန်းချိုသာတဲ့ သန္ဓေမွေးယူနည်းကို တီထွင်လိုက်တာဖြစ်ပါတယ်။ လက်ရှိသုံးနေတာက ဒေါ်လာ ၆ သောင်းတန် Incubator အင်ကျူဘေတာထဲမှာ လုပ်ရတာဖြစ်တယ်။

– စမ်းသပ်ဖန်ပြွန် နံပါတ်(၁)ထဲမှာ (ဆစ်တရစ်အက်စစ်)နဲ့ Sodium bicarbonate ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်တွေသုံးမယ်။ Carbon dioxide solution ကာဗွန်ဒိုင်အောင်ဆိုက်ရည်ရလာမယ်။ ဒီဟာက Fertilization မျိုးစပ်ဖို့ အကောင်းဆုံးအခြေအနေတစ်ရပ်ဖြစ်တယ်။

– အဲဒီအခါ စမ်းသပ်ဖန်ပြွန် နံပါတ် (၂) ထဲထည့်မယ်။ Oocytes မျိုးဥနဲ့ Sperms သုက်ပိုးတွေကို ဆေးထိုးအပ်နဲ့ ထည့်ပေးမယ်။ ရလာတဲ့ သန္ဓေသားကို အနုကြည့်မှန်ဘီလူးနဲ့ စစ်ဆေးမယ်။ နောက်အောင်မြင်တာကို သားအိမ်ထဲကို ပြောင်းထည့်ပေးပါတော့မယ်။

– ဒီဈေးချိုတဲ့နည်းသစ်ကို အသက် ၃၆ နှစ်အောက် အမျိုးသမီးတွေမှာ မျိုးဥ (၈) ခုရစေတဲ့နည်းနဲ့ ဆက်လုပ်တာမှာ သုံးနေတဲ့ IVF culture systems ဈေးကြီးနည်းနဲ့ အောင်မြင်နှုန်း မကွာလှတာတွေ့ရပါတယ်လို့ Euro­pean Society of Human Reproduction and Embryology 2013 Annual Meeting မှာ ဆိုထားပါတယ်။

– ကိုယ်ဝန်ရနှုန်း ၃၀.၄ ရာခိုင်နှုန်း ရှိတယ်။

– ဒီနည်းသစ်ကြောင့် ချမ်းသာသူတွေသာမက အသင့်အတင့်တတ်နိုင်သူတွေပါ ကလေးရစေဖို့ လက်လှမ်းမီလာတော့မှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top