Healthy Life Ad
Life Style

ပရိုဘိုင်အိုးတစ် (၂) (Probiotics)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)
ယခင်တစ်ပတ်မှအဆက်
အူထဲကို ပရိုဘိုင်အိုးတစ်တွေ ဘယ်လိုရောက်ရှိလာသလဲ

လူတစ်ဦးစီမှာရှိတဲ့ probiotic ပိုးအမျိုးအစား၊ အရေအတွက်တွေ မတူကြပါဘူး။ ဆိုလိုတာက လူနှစ်ဦးမှာ ချွတ်စွတ်တူတဲ့ ပရိုဘိုင်အိုးတစ်အမျိုးအစား၊အရေအတွက်ရယ်လို့ မရှိနိုင်ပါဘူး။ ဒါက ဘာကြောင့်လဲဆိုတော့ လူတစ်ဦးအတွက် ဘယ်လိုပရိုဘိုင်အိုးတစ်တွေ ဘယ်လောက်ရှိမလဲဆိုတာကို ပထမဦးဆုံး သူတို့ရဲ့ DNA ဗီဇကဆုံးဖြတ်ပါတယ်။ ပြီးတော့ မွေးလာတဲ့အခါ မိခင်ဆီမှ ပရိုဘိုင်အိုးတစ်ကိုမွေးဖွားနေစဉ်၊ မွေးကင်းစနဲ့ နိုစို့စဉ်မှာ ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပတ်ဝန်းကျင်နဲ့ စားတဲ့ အစားအစာတွေကရရှိလာမယ့် ပရိုဘိုင်အိုးတစ်တွေကို ဆုံးဖြတ်ပေးသွားတာဖြစ်ပါတယ်။ ဥပမာ သက်သတ်လွတ်စားသူတွေနဲ့ အသားစားသူတွေရဲ့ အူထဲမှာတည်ရှိနေတဲ့ ပရိုဘိုင်အိုးတစ် အမျိုးအစားတွေဟာ များစွာကွဲပြားခြားနားတာ တွေ့ရှိရပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာတွေ့ရှိချက်တစ်ခုကတော့ အမေရိကန်အစားအစာတစ်မျိုးပဲစားသူတွေရဲ့ အူမှာရှိနေတဲ့ ပရိုဘိုင်အိုးတစ်ပိုးအမျိုးအစားဟာ အသီးအရွက်မျိုးစုံ စားတတ်တဲ့သူတွေမှာရှိတဲ့ ပိုးအမျိုးအစားထက်များစွာနည်းပါတယ်။ တကယ်တော့ ပိုးမျိုးစုံလေ ပိုပြီးအကျိုးရှိလေဖြစ်ပါတယ်။ တခြားအရေးကြီးတဲ့ ပတ်ဝန်းကျင်ကြောင့် ပိုးတွေရဲ့ ပြောင်းလဲမှုတစ်ခုကတော့ antibiotics ခေါ်ပဋိဇီဝပိုးသတ်ဆေးသောက်သုံးခြင်းပဲဖြစ်ပါတယ်။ နေမကောင်းလို့ ပဋိဇီဝပိုးသတ်ဆေးထိုးရပြီ၊ သောကရပြီဆိုရင် မကောင်းတဲ့ရောဂါပိုးတွေနဲ့အတူ ကောင်းကျိုးပေးနေတဲ့ ပရိုဘိုင်အိုးတစ်တွေကိုပါ သုတ်သင်ရှင်းလင်းပစ်လိုက်သလိုဖြစ်သွားပါတယ်။ အူထဲမှာ၊ ဆီးလမ်းကြောင်းမှာ၊ သားအိမ် လမ်းကြောင်းတွေမှာ နေနေတဲ့ ကောင်းတဲ့ပိုးတွေသေသွားတဲ့အခါ တခြားဆိုးတဲ့ပိုးတွေ အထူးသဖြင့် ပိုးသတ်ဆေးခံနိုင်ရည်ရှိလို့ ဆက်လက်ရှင်သန်နေတဲ့ ပိုးဆိုးတွေ ကြီးစိုးလာတယ်၊ နေရာယူလာကြပါတယ်။ ပိုးကောင်းနဲ့ ပိုးဆိုး အချိုးမညီတာဖြစ်လာရင် နောက်ဆက်တွဲဖြစ်စဉ်အမျိုးမျိုးကို ကြုံတွေ့ရတတ်ပါတယ်။ လက်ငင်းအစာအိမ်အူလမ်းကြောင်းမှာဖြစ်တတ်တဲ့ ပြဿနာတွေကတော့ အစာမကြေ၊ ဝမ်းပျက်ဝမ်းလျှောခြင်းဖြစ်ပြီး တချို့မှာတော့ ဝမ်းချုပ်တာလည်း ဖြစ်တတ်ပါတယ်။ အရေပြား၊ ဆီးလမ်းကြောင်းနဲ့ အမျိုးသမီးမွေးလမ်းကြောင်းတွေမှာ ရောဂါပိုးတွေ၊ မှိုတွေဝင်လာတတ်ပါတယ်။

၁။ ပတ်ဝန်းကျင်မှရရှိခြင်း (Environment)
သင့်ရဲ့ပတ်ဝန်းကျင်က သင့်အူထဲမှာရှိတဲ့ ပရိုဘိုင်အိုးတစ်ကိုဖန်တီးပေးတာဖြစ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကြောင့် ပိုးကောင်းနဲ့ ပိုးဆိုးတွေ ဘယ်လိုထိန်းညှိနေကြသလဲဆိုတာ ဆက်လက်ရှင်းပြလိုပါတယ်။

ညစ်ညစ်ပတ်ပတ်နေတဲ့သူတွေ၊ အစုံစားတတ်သူတွေဟာ တကယ်တော့ ပရိုဘိုင်အိုးတစ်တွေ ပိုရရှိပါတယ်။ ဒါက ညစ်ညစ်ပတ်ပတ် နေရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အသန့်လွန်ပြီး ဘယ်အညစ်အပတ်မှ မထိတွေ့တဲ့ပတ်ဝန်းကျင်မှာနေရင်လည်း မကောင်းပြန်ဘူးလို့ဆိုချင်ပါတယ်။ ကလေးတွေကို တိုက်ပေါ်မှာပဲ မလှောင်ထားဘဲ မြေကြီးပေါ်မှာဆော့ ကစားတာကိုအားပေးသင့်ပါတယ်။

ဘာတွေလေ့လာတွေ့ရှိထားလဲဆိုတော့ ကလေးတွေကို ငယ်စဉ်ကထဲက ပတ်ဝန်းကျင်ကပိုးတွေမျိုးစုံနဲ့ ထိတွေ့ဖူးထားရင် နောင်မှာရောဂါတွေတိုက်ထုတ်နိုင်တဲ့ ခုခံအားတွေပိုကောင်းလာစေပါတယ်။ မြေကြီးနဲ့ဆော့ကစားတာ၊ ပြင်ပပတ်ဝန်းကျင်မှာဆော့တာ နေထိုင်တာကို မိဘများစိုးရိမ်ကြောင့်ကျတာ၊ တားမြစ်တာ မလုပ်သင့်ပါဘူး။

၂။ အစားအစာ (Probiotic Foods)
အစားအစာတချို့ကို စားသုံးခြင်းဖြင့် သင့်အတွက် ပရိုဘိုင်အိုးတစ်တွေ ပိုမိုရရှိစေမှာဖြစ်ပါတယ်။ ပရိုဘိုင်အိုးတစ်ပိုးတွေ ပေးတဲ့အစားအစာ (Probiotic Foods)တွေကတော့ သဘာဝအလျောက် ပရိုဘိုင်အိုးတစ်တွေ ပိုပွားနေတဲ့အစားအစာတွေကို ဆိုလိုပါတယ်။ အောက်ပါ အစားအစာအုပ်စုတွေစားရင် ပရိုဘိုင်အိုးတစ်တွေပိုရရှိနိုင်ပါတယ်။

၁။ ဒိန်ချဉ်

၂။ ထောပတ်နို့ (butter milk)

၃။ acidophilus milk

Acidophilus ခေါ် ပရိုဘိုင်အိုးတစ်ထည့်ပြီးပြုပြင်ထားတဲ့နွားနို့ဘူး

၄။ kefir ကဖါ

အချဉ်ဖေါက်ထားတဲ့ ဒိန်ချဉ်အခဲဖြစ်ပြီး ရိုးရိုးဒိန်ချဉ်ထက် ပရိုဘိုင်အိုးတစ် သုံးဆပိုပါပါတယ်။

၅။ ကင်မ်ချီ(ကိုရီးယား မုန်ညင်းချဉ်)

၆။ sauerkraut ဆားဝါးခရောက်

အချဉ်စိမ်ထားတဲ့ ဂေါ်ဖီရွက်(fermented cabbage)

၇။ tempeh တမ်းပေ

အင်ဒိုနီးရှားအစားအစာ fermented soy­beans ပဲပုတ်တစ်မျိုး

၈။ miso မီဆို (fermented soybean paste)

ဂျပန်ဟင်းချိုချက်ရာမှာ သုံးတဲ့အစားအစာဖြစ်ပြီး ပဲပိစပ်မှပြုလုပ်ထားတဲ့ ပဲငပိတစ်မျိုးဖြစ်ပါတယ်။

၉။ olives (အိုးလစ်ဗ်သံလွင်ဆီ)

၁၀။ Kombucha ကွန်ဘူးချား (fermented tea drink)

လဖက်ရည်နဲ့သကြား အချဉ်ဖောက်ထားတဲ့ သောက်စရာဖျော်ရည်ဖြစ်ပါတယ်။

၁၁။ ချီးစ် ( ဒိန်ခဲမျိုးစုံ)

cheese, cottage cheese(Brie,feta, gruyere)

၁၂။ sour cream ခရင်မ်အချဉ်

၁၃။ ဒီနိုင်ငံတကာ စာပေတွေမှာမပါပေမဲ့ ပရိုဘိုင်အိုးတစ်များစွာပါဝင်မယ့် မြန်မာအစားအစာတွေကတော့ ပဲငန်ပြာရည်၊ ပဲငပိ၊ ပဲပုပ်၊ လက်ဖက်သုပ်၊ တိုဟူး၊ ချဉ်ဖတ်မျိုးစုံ စတဲ့ အစားအစာတွေဟာလည်း ပရိုဘိုင်အိုးတစ်တွေကြွယ်ဝတဲ့အစားအစာတွေ ဖြစ်ကြပါတယ်။

See More

ပရိုဘိုင်အိုးတစ် (၁) (Probiotic)

ပရိုဘိုင်အိုးတစ် (၃) (Probiotic)

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top