Healthy Life Ad
Life Style

အသည်းအစားထိုးထားသူ လူနာများအတွက် အာဟာရ

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ အသည်းအစားထိုးလူနာတွေအတွက် ဘယ်လိုအာဟာရတွေ လိုအပ်ပါသလဲ ဆရာမ။

ဖြေ ။ အသည်းရောင် စီရောဂါပိုးရှိတဲ့ လူနာတွေ၊ အရက်အရမ်းသောက်တဲ့ လူနာတွေမှာအသည်းက လုံးဝအလုပ်မလုပ်တော့တဲ့အခါ အသည်းအစားထိုးတာတွေလုပ်ကြပါတယ်။ ဒီတော့ အသည်းအစားထိုးထားတဲ့ လူနာတွေ ဘယ်လို နေထိုင်စားသောက်ရမလဲဆိုတော့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်များနေတတ်တာကြောင့် ရေယူတဲ့ ပမာဏကို လျှော့ချရပါမယ်။ အသည်းအစားထိုးလို့ ပြီးတာ မကြာသေးတဲ့ လူနာတွေအနေနဲ့လည်း ဂရုတစိုက်နေထိုင်စားသောက်ဖို့ အရမ်းအရေးကြီးပါတယ်။

အသည်း အစားထိုးတယ်ဆိုတာ ကိုယ့်ဆွေမျိုးသားချင်းတွေ၊ ဒါမှမဟုတ် ကိုယ်နဲ့ အမျိုးအစားတူတဲ့ အသည်းတစ်ခြမ်းကို ယူပြီး အစားထိုးထားတယ် ဆိုပေမယ့် ဘယ်လိုဖြစ်ဖြစ် အဲဒီအသည်းက ကိုယ့်အသည်းအစစ် မဟုတ်ပါဘူး။ ဒီတော့ ခန္ဓာကိုယ်မှာ ရှိတဲ့ ခုခံအားတွေရဲ့ သဘာဝတရားအရ အဲဒီ အစားထိုးထားတဲ့ အသည်းကို အနည်းနဲ့ အများတော့ ပြန်တိုက်ထုတ်တာ၊ အန္တရာယ်ပေးတာမျိုး ရှိပါတယ်။ နောက်ပြီး အဲဒီခွဲစိတ်ထားတဲ့နေရာကို ရောဂါပိုးတွေ ဝင်လာပြီး အနာမကျက်ဘဲ ဖျားနာနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဒီတော့ အသည်းအစားထိုးထားတဲ့ လူနာတွေကို ခန္ဓာကိုယ်က ဆဲလ်တွေ အချင်းချင်း မတိုက်ခိုက်နိုင်အောင် Immuno-suppressant လို့ခေါ်တဲ့ ကိုယ်ခံအားကျဆင်းစေတဲ့ ဆေးမျိုးပေးထားရပါတယ်။ ဒီဆေးတွေက တစ်ခုရှိတာက လူနာကို ပျို့ချင်အန်ချင်စိတ်တွေ၊ အစာစားချင်စိတ်မရှိတာ တွေဖြစ်စေနိုင်ပါတယ်။ နောက်ပြီး ကြာလာရင် တဖြည်းဖြည်းနဲ့ သွေးတွင်းသကြားဓာတ် လွန်ကဲတာတွေဖြစ်ပြီး ဆီးချိုရောဂါ ဖြစ်နိုင်ပါတယ်။

ဆီးချိုကို မထိန်းနိုင်ရင်တော့ အနာမကျက်တာတွေဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲက သွေးတိုးမယ်၊ ကိုလက်စထရောဓာတ်တွေ အလိုအလျောက် တက်လာတာမျိုး ဖြစ်နိုင်ပါတယ်။ အသားဓာတ်ကို ချေဖျက်နိုင်စွမ်းလည်း ပြောင်းလဲသွားပါတယ်။ အရိုးပွတဲ့နှုန်းကလည်း ပိုများလာပါတယ်။

အသည်းအစားထိုးတဲ့ လူနာတွေကိုလည်း အကြောကနေ အာဟာရဓာတ်တွေ သွင်းပေးတာမျိုးပဲ အရင် လုပ်ရပါတယ်။ နောက်မှ တဖြည်းဖြည်း ကျန်းမာလာမှ အသားဓာတ်များများပါတဲ့ အစာတွေ စားဖို့ ပြုလုပ်ပေးရပါတယ်။

မေး ။ အသည်းကျန်းမာရေးအတွက် စားသင့်တဲ့ အာဟာရနဲ့ ပတ်သက်ပြီး အများပြည်သူအတွက် အကြံပြုချက်တွေ ရှိရင် ပြောပြပေးပါ ဆရာမ။

ဖြေ ။ အသည်းခြောက်တဲ့သူဖြစ်ဖြစ်၊ အသည်းကင်ဆာလူနာပဲ ဖြစ်ဖြစ် အရမ်းဆိုးရွားနေတဲ့ အခြေအ နေမျိုးဆိုရင် အာဟာရဓာတ်မပြည့်ဝတာ၊ လုံးဝမစားနိုင်တော့တာမျိုးကြုံရတတ်ပါတယ်။ ဒါကြောင့် အဲလိုရောဂါတွေဖြစ်ပြီးလို့ သိရှိပြီဆိုတာနဲ့ ဘယ်လိုအာဟာရဓာတ်တွေ မျှမျှတတ စားရမယ်ဆိုတာ ဆရာမတို့တွေကို လာတိုင်ပင်တာမျိုး လုပ်သင့်ပါတယ်။ ဆရာမတို့ကလည်း လူနာတွေကို အချိန်မီ ကုသပေးနိုင် မှာပေါ့နော်။ ဒါပေမဲ့ ဘယ်လိုမှ အစာမစားနိုင်တော့တဲ့အချိန်မျိုးမှာမှ ဆရာမတို့ဆီရောက်လာတယ်ဆိုရင်တော့ ကုသမှုအပိုင်းမှာလည်း မထိရောက်တော့မှာစိုးရိမ်ရပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် တကယ်ပဲ အစာမစားနိုင်တော့တာလား၊ ကိုယ်အလေးချိန်တစ်လမှာ ရှစ်ပေါင်လောက်ကျသွားတာမျိုးဆိုရင်တော့ ဆရာမတို့နဲ့လာတိုင်ပင်ဖို့လိုပါတယ်။ အရမ်းကြီး အသိနောက်ကျမှ ရောက်တာမျိုးမဖြစ်အောင် ဆန်းစစ်ပေးပါလို့ အကြံပြုလိုက်ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top