Healthy Life Ad
Life Style

ဗိုက်နာတယ်ဆိုတာ . . . (Abdominal Pain)

ဒေါက်တာတင့်ဆွေ

၁။ မင်္ဂလာပါဆရာ သိချင်တာလေးမေးပါရစေရှင့်။ ကျွန်မ အသက်က ၂၇ နှစ်၊ အိမ်ထောင်မရှိပါ။ လွန်ခဲ့တဲ့ ၄၊ ၅ရက် လောက်တည်းက ဗိုက်ရဲ့ ဘယ်ဘက်အောက်ခြမ်းမှာ တင်းတင်းကြီးဖြစ်ပြီး နာနေပါတယ် ဆရာ။ ဒီတိုင်းနေရင် သိပ်မသိသာပေမယ့် လမ်းသွားတဲ့အခါ မတ်မတ်လမ်းမလျှောက်နိုင်အောင် နာနေပါတယ်။ လေထလို့နာတယ်ထင်ပြီး အဲအိတ်စ်သောက်ပါတယ်ဆရာ။ ခဏသက်သာသလို ဖြစ်ပေမယ့် အရှင်းမပျောက်သွားပါဘူးရှင်။ ဝမ်းလည်းမှန်ပါတယ် ဆရာ။ သို့ပေမယ့် အစာစားတာနဲ့ ဗိုက်ထဲနာပြီး ချွေးစေးတွေပြန်ကာ အိမ်သာသွားချင်သလိုမျိုး ဗိုက်နာလာပါတယ်ဆရာ။ အရင်တည်းက ကျွန်မက အစာအိမ်ရောဂါအခံရှိပါတယ်ဆရာ။ လတ်တလောမှာ ဘာဆေးသောက်ထားရမလဲ သိချင်လို့ပါဆရာ။ ကျေးဇူးပြုပြီး လမ်းညွှန်ဖြေကြားပေးပါ ဆရာရှင့်။

ဗိုက်အောက်ပိုင်းဆိုတာ အစာအိမ်မဟုတ်။ လေနာမဟုတ်လောက်။ အမျိုးသမီးတွေ မျိုးဥအိမ် ဘယ်ဘက်နဲ့ အစာဟောင်းအိမ်ကို စဉ်းစားရ။ ရာသီ မသိ။ တခုခ ုဆင်း၊ မဆင်းမသိ။

ဆရာရှင့်။ ရာသီတလတခါ မှန်ပါတယ်ဆရာရှင့်။ လတိုင်း ဗိုက်တအားအောင့်တတ်လေ့ရှိပါတယ်။ ယခုလည်း လွန်ခဲ့တဲ့ ၂ပတ်က ရာသီပြီးသွားခဲ့တာပါရှင့်။ သို့ပေမယ့် အစာဟောင်းအိမ်ရဲ့ အလုပ်လုပ်ပုံကို ကျွန်မ သေချာနားမလည်ပါရှင့်။ လေးစားစွာဖြင့် မေးမြန်းပါသည်။

တခုခုဆင်း၊ မဆင်းမေးတာ မဖြေသေး။ ရာသီလာစဉ် ဗိုက်နာခြင်း စာဖတ်နိုင်။

၂။ ဆရာ ကျွန်မအသက် ၂၄ပါ။ အိမ်ထောင်မရှိပါ။ ရာသီပုံမှန်လာပါတယ်ရှင့်။ ကျွန်မချက်ရဲ့ ဘယ်ဘက်ခြမ်းက အောင့်အောင့်နေတာ အတော်ကြာပါပြီ။ အခုနောက်ပိုင်း လေ့ကျင့်ခန်းလုပ်ချိန် ခုန်တာ၊ ကြာကြာလမ်းလျှောက်တာတွေဆို နာလာပါတယ်ရှင့်။ တစ်ခါတလေ နေ့လယ်စာစားတာ နောက်ကျပါတယ် ဆရာ။ အစာလွန်မှ စားလိုက်ရင်လဲ နည်းနည်း အောင့်ပါတယ်။ လွန်ခဲ့တဲ့ ၂လက Ultrasound ရိုက်ကြည့်ဖူးတာ ဘာမှမတွေ့ဘူးလို့ result ထွက်ပါတယ်ဆရာ။ သားအိမ်ကြောင့်လား၊ အူကြောင့်လား ဘာဆက်လုပ်ရမလဲ သိပါရစေရှင်။ ကျေးဇူးတင်ပါတယ်ဆရာ။

အာလ်ထွာဆောင်းမှာ ကောင်းနေရင် စိုးရိမ်စရာမရှိပါ။ ပြောပြတာအရ အစာလမ်းက ဖြစ်နိုင်တယ်။ အစာကို အချိန်မှန်စားပါ။ အမျိုးအစားတူစားပါ။ အဆာမခံလွန်းပါနဲ့။ စားချိန်မှာ မစားဖြစ်သေးရင် အချိုတခုခုစားသောက်ပါ။ ဘာမှမရှိလဲရေသောက်ပါ။

ဗိုက်ဆိုတာ လူ့ကိုယ်မှာ နေရာအများဆုံး ယူထားတယ်။ အထဲမှာ အင်္ဂါတွေကလည်း စုံလှတယ်။ နှလုံးနဲ့ အဆုတ်သာရှိတဲ့ ရင်ခေါင်းအောက်က ဗိုက်ဖြစ်တယ်။ ရင်ခေါင်းနဲ့ ဗိုက်ကို ဒိုင်ယာဖရမ်ခေါ် ကြွက်သားခုံးခုံးကြီးတခုနဲ့ နယ်နိမိတ် ခြားထားတယ်။ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ အစာဟောင်းအိမ်၊ အသဲ၊ ဘေလုံး၊ သည်းခြေအိပ်၊ ကျောက်ကပ်၊ ဆီးပြွန်ဆိုတဲ့ အင်္ဂါတွေရယ် သူတို့နဲ့တွဲနေတဲ့ သွေးကြောတွေ၊ (လင့်ဖ်)ကြောတွေ၊ အာရုံကြောတွေ၊ အမြှေးတွေရှိကြတယ်။

ဗိုက်နဲ့တဆက်တည်း အောက်မှာရှိတာက တင်ပါးဆုံပိုင်း။ သူအထဲမှာ ဆီးအိမ်၊ သားအိမ်(အမျိုးသမီး)၊ ဆီးအကျိတ်(အမျိုးသား)နဲ့ အစာဟောင်းအိမ်တွေ ရှိကြတယ်။ လေနာမဟုတ်ဘဲ ဗိုက်နာတာတွေ အများကြီးရှိတယ်။ အနာမဲ့သူ ရှင်ပါကူကလွဲရင် လူတိုင်းလိုလို ဗိုက်နာတာက ခဏခဏဖြစ်ကြရတယ်။ တချို့ ခွဲစိတ်ခံကြရတယ်။ ဗိုက်နာခြင်းအကြောင်းဟာ ခွဲစိတ်ဆေးပညာမှာ အများကြီးရှိတယ်။

၁။ Acute pain in abdomen ချက်ချင်းဖြစ်-အတင်းနာတာတွေကို ခေါ်တယ်။ ရမ်းကုဆရာတွေက နာတဲ့နေရာမှာ ဆေးထိုးတယ်။ နာတာကိုသိတဲ့ အာရုံကြောက အမျိုးမျိုးရှိနေလို့ ဗိုက်နာတာကို ရိုးရိုးစင်းစင်း၊ စဉ်းစားလို့မရဘူး။ အဲလိုဖြစ်နေတာတွေထဲမှာ အများကြီးရှိတယ်။ ခွဲစိတ်ပညာမှာ အရေးပေါ်ဖြစ်တယ်။

၂။ Visceral pain မျိုးက အထဲအင်္ဂါတွေမှာ တခုခုဖြစ်လို့ ဟိုနားကလို၊ ဒီနားကလိုအောင့်တာမျိုး။ Vague, Dull, Nauseating အန်ချင်သလိုလဲ နေတတ်တယ်။ ဗိုက်အပေါ်ပိုင်းမှာရှိကြတဲ့ အစာအိမ်၊ အူသိမ် အစပိုင်း၊ အသဲ၊ သရက်ရွက်တွေမှာဖြစ်ရင် ဗိုက်အပေါ်ပိုင်းမှာနာတယ်။ အူသိမ်၊ အူအတက်နဲ့ အူမကြီး အစပိုင်းကဖြစ်ရင် ချက်တဝိုက်မှာ နာတယ်။ အူမကြီးနဲ့ ဆီးလမ်းကဖြစ်ရင် ဗိုက်အောက်ပိုင်းမှာ နာတယ်။ Autonomic nerve ဆိုတဲ့ အာရုံကြောတွေကြောင့်ပဲ။ နာနည်းအမျိုးမျိုးရှိတယ်။

Somatic pain ဆိုတာက Parietal peritoneum ဗိုက်အတွင်းအဖုံး အပြင်လွှာမှာ Infection ပိုးဝင်ရင် နာတာမျိုးက စူးစူးရှရှ၊ နေရာအတိအကျ နာတယ်။ ဘာ့လို့လဲဆိုတော့ Somatic nerves ဆိုတဲ့ (ဆိုမက်တစ်) အာရုံကြောကြောင့်ပဲ။ Radiating pain ဆိုတာ တနေရာမှာ ရောဂါဖြစ်နေပြီး ဘာမှမဆိုင်တဲ့နေရာမှာ သွားပြီးနာတာကို ခေါ်တယ်။ အသဲရောဂါ၊ သည်းခြေအိတ်ရောဂါ၊ နှလုံးရောဂါတွေကနေ ပခုံးထိပ်မှာ လာနာတတ်တယ်။ အာရုံကြောတွေက ခါးရိုးမကြီးထဲက Spinal cord မှာ လာဆုံနေကြလို့ဘဲ။ ညာပခုံးမှာ လာနာရင် Gall bladder stone သည်းခြေကျောက်၊ ဘယ်ပခုံးလာနာရင် Ruptured spleen ဘေလုံးကွဲတာ၊ ဒါမှမဟုတ် Pancreatitis သရက်ရွက်ရောင်တာ ဖြစ်တတ်တယ်။ Urinary stone ဆီးလမ်းကျောက်တည်တာကနေ Pubis ဆီးစပ်၊ Testis ကျားအစေ့၊ Vagina မွေးလမ်းကြောင်းအထိ နာလာတတ်တယ်။

Peritonitis ဆိုတဲ့ ဗိုက်ဖုံးလွှာရောင်တာဟာ ခွဲစိတ်ပညာ အရေးပေါ်အခြေအနေတခု ဖြစ်တယ်။ Gastric perforation အစာအိမ်ပေါက်ခြင်း၊ Appendicitis အူအတက်ရောင်ခြင်း၊ diverticulitis အူမကြီးရောင်ခြင်း၊ intestinal obstruction အူပိတ်ခြင်း၊ Pancreatitis သရက်ရွက်ရောင်ခြင်း၊ Pelvic inflammatory disease တင်ပါးဆုံတွင်းရောင်ခြင်း၊ သားအိမ်ပြင်ပ သန္ဓေတည်ခြင်း၊ စတာတွေကြောင့် ဖြစ်စေတယ်။

ကလေးငယ်တွေမှာဖြစ်တာက လူကြီးတွေနဲ့ မတူပြန်ဘူး။ ကလေးငယ်ငယ် တအားငိုတယ်ဆိုရင် ဗိုက်နာတာကို အရင်စဉ်းစား။ လေမဟုတ်ရင် သန်ကောင်အဖြစ်များတယ်။ ဒီထက် ဆိုးဝါးတာတွေထဲမှာ Imperforate Anus မွေးကတည်းက စအိုပေါက် မပါတာ။ Intussusception အူကနေ အူထဲ တိုးဝင်သွားတာတွေပါတယ်။

ကလေးငယ်တွေမှာဖြစ်တာက လူကြီးတွေနဲ့ မတူပြန်ဘူး။ ကလေးငယ်ငယ် တအားငိုတယ်ဆိုရင် ဗိုက်နာတာကို အရင်စဉ်းစား။ လေမဟုတ်ရင် သန်ကောင်အဖြစ်များတယ်။ ဒီထက်ဆိုးဝါးတာတွေထဲမှာ imperforate anus မွေးကတည်းက စအိုပေါက်မပါတာ။ Intussusception အူကနေ အူထဲ တိုးဝင်သွားတာတွေပါတယ်။

ရောဂါရာဇဝင် ကောင်းကောင်းပြောတတ်ရင် ဆရာဝန်ကို ကူညီရာကျတယ်။ ကိုယ်ဖြစ်တာကိုယ် မပြောတတ်သူတွေရှိတယ်။ စကားပြောကောင်းသူတွေက ဟန်မကျဘူး။ ပိုပြောတတ်တယ်။ မေးသူတွေထဲက စာရေးကောင်းသူတွေက လူနာကောင်းတွေ ဖြစ်နိုင်တယ်။

– စူးစူးရှရှနဲ့ တချက်တချက် အသက်ရှူတန့်သွားအောင် နာလိုက်ရပ်လိုက်ဖြစ်တာဟာ သည်းခြေလမ်းပြဿနာ။

– အောင့်နာပြီး၊ အန်လာတာမျိုးက အူပိတ်နေတာ။

– ရစ်ရစ်နာပြီး၊ မှန်မှန်ဖြစ်လာတာမျိုးဆိုရင် Appendicitis အူအတက်၊ Intestinal obstruction အူသိမ်ပိတ်ခါစ၊ Mesenteric ischemia အူမြှေး သွေးကြောပိတ်တာ။

– စူးရှပြီး၊ တောက်လျှောက်နာတာဟာ လှုပ်ရှားလေ ဆိုးလေဖြစ်ရင် Peritonitis ဝမ်းတွင်းခေါင်းမြှေးရောင်တာ။

– မီးခလုတ်ဖွင့်လိုက်တော့ မီးလင်းသလို ဗြုန်းစားကြီး နာလာတာမျိုးက Gastric perforation အစာအိမ်ပေါက်တာ။ Renal stone ကျောက်ကပ်ကျောက်တည်တာ၊ Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်ပြီးပေါက်တာ။

– ဆုတ်ဖြဲခံရသလို နာတာမျိုးက Dissecting Aneurysm သွေးလွှတ်ကြော ဖောင်းကွဲတဲ့ရောဂါ။

– အရင်ကလည်းနာဖူးသူဆိုရင် Peptic ulcer လေနာ၊ Gallstone colic သည်းခြေကျောက်၊ Diverticulitis အူမကြီးထဲက ရောင်တာ တခုခုဖြစ်နိုင်တယ်။

– စမ်းကြည့်ရတာနဲ့ နာတာမမျှအောင် နာတာမျိုးဆိုရင် Mesenteric ischemia အူအမြှေးသွေး မလျှောက်တာ။

– ဗိုက်နာတာက ဘယ်လိုနေရင်သက်သာသလဲ။ Peptic ulcer disease က Antacids သောက်လို့ သက်သာတယ်။ Peritonitis ဝမ်းဗိုက်အတွင်းမှာ အရာရာကိုဖုံးပေးထားတဲ့ အလွှာလေးရောင်တာဆိုရင် အသာလေးလှဲနေလို့ သက်သာတယ်။

– ဗိုက်လဲနာတယ် အန်မယ်၊ ဝမ်းလဲလျှောတာမျိုးက အစာလမ်းရောင်တာ။ ဗိုက်နာတာကြာပြီးမှ အန်လာမယ်၊ အူတွေလှုပ်ရှားသံ မကြားရသူဟာ ရုတ်တရက်အူလမ်းပိတ်တာ။ ဗိုက်နဲ့မဆိုင်ဘဲ ဗိုက်နာတာမျိုးတွေလည်း ရှိသေးတယ်။ (ဗယ်လီ) ကြွက်သားမှာ သွေးခဲနေတာ၊ ကျားအစေ့လိမ်နေတာ၊ ရေယုံ၊ အရက်နာ၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း၊ နူမိုးနီးယား၊ အဆုတ်သွေးခဲပိတ်၊ အဆိပ်သင့်တာတွေ၊ ပင့်ကူကိုက်တာ၊ ဘိန်းဖြတ်တာတွေဖြစ်တယ်။

ရောဂါတွေ တန်းစီရေးပြရတာကိုဖတ်ပြီး၊ သိပ်မကြောက်စေချင်ပါ။ စုံအောင်မရေးရင် ထိန်ချန်မှုရောက်မှာစိုးလို့ပါ။ ဗိုက်နာရင် ဆရာဝန်ပြပါ။ မနေနိုင်မထိုင်နိုင် မနာသူများ၊ ဆရာဝန်မပြခင် လှမ်းမေးချင်မေးနိုင်ပါတယ်။ ကုတဲ့နည်းတွေ မရေးသေးပါ။ မေးတဲ့သူကိုတော့ တိုက်ရိုက်ဖြေလိုက်ပါတယ်။ ဆေးကျောင်းသားတွေသာ စာအများကြီး ဖတ်ရတဲ့ဇာတာ ပါတယ်မဟုတ်လား။

လူဆိုတာ နာတာမခံချင်ကြဘူး။ ဒီလိုဖြစ်သူတွေက ပုံမှန်ဖြစ်တယ်။ နာတာကို သာယာသူတွေရှိတယ်။ အနာခံမှ အသာစံရမယ်ဆိုတာကို သိလို့တော့မဟုတ်ဘူး။ သူတို့က Sadism (Sadoma­sochism) ခေါ်တဲ့ စိတ်ခြေအနေတမျိုး ရှိသူတွေ။ အနာခံချင်ကြသတဲ့။ အမှန်က ဗိုက်ထဲကနာနာ၊ ဘယ်ကနာနာ၊ နာတာမကောင်းပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top