Healthy Life Ad
Life Style

အိပ်ပျော်နေစဉ် လမ်းလျှောက်ခြင်း

ဒေါက်တာအုန်းကျော်(စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

အိပ်ပျော်နေစဉ်မှာ ဖြစ်ပွားတဲ့ စိတ်ဝေဒနာများ အကြောင်းကို စာရေးသူရဲ့ မိတ်ဆွေကိုဆွေနဲ့ ဆက်လက်ဆွေးနွေးနေပါတယ်။ ကိုဆွေရဲ့ သမီးလေး အိပ်မက်ဆိုးမြင်မက်တတ်တာကစပြီး အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်တဲ့အထိ စကားလက်ဆုံကြဖြစ်တယ်။
ကိုဆွေက စတင်မေးမြန်းပါတယ်။

“ခင်ဗျား အချိန်ပေးနိုင်သေးရင် ‘အိပ်ပျော်နေစဉ်လမ်းလျှောက်ခြင်း'(Sleep Walking) အကြောင်းကို ဆက်ပြောဗျာ”

“ရပါတယ် ကိုဆွေ။ မိုးကလည်း မစဲဘဲ ရွာနေတော့ ဒီနေ့ ကျွန်တော် လမ်းလျှောက် လေ့ကျင့်ခန်း မလုပ်တော့ပါဘူး။ ‘အိပ်ပျော်နေစဉ် လမ်းလျှောက်ခြင်း’ကို Somnambulism လို့ ဆေးပညာမှာ တရားဝင်ခေါ်ဝေါ်ပါတယ်။ အိပ်ပျော်နေစဉ်မှာ အိပ်ရာထဲကထပြီး လမ်းလျှောက်တာအပြင် တခြားအပြုအမူတွေလည်း ပြုလုပ်တတ်တာ ဖြစ်လို့ ‘အိပ်ပျော်နေစဉ်ပြုမူလှုပ်ရှားခြင်း’လို့ဆိုရင် ပိုပြီး အဓိပ္ပာယ် ပေါက်ပါတယ်”

ကိုဆွေက ဆက်လက်စူးစမ်းပါတယ်။

“ဒီရောဂါ ဖြစ်ပွားမှုနှုန်းများလို့လား”

“အသက် ၄ နှစ်နဲ့ ၈ နှစ်ကြားကလေးတွေထဲမှာ ၁၅ ရာခိုင်နှုန်းအထိ ဖြစ်ပွားတာ တွေ့ရှိရတယ်။ အရွယ်ရောက်သူတွေထဲမှာတော့ ၁၀ဝ မှာ တစ်ယောက်နှုန်း ဖြစ်ပွားတတ်ပါတယ်။ အိပ်ပျော်နေစဉ် ဆီးသွား ခြင်း (Enuresis) ဖြစ်တတ်တဲ့ ကလေးကြီးတွေနဲ့ အိပ်ပျော်နေစဉ် စကားပြောတတ်သူတွေထဲမှာ အိပ်ပျော်နေစဉ် လမ်းလျှောက်တဲ့ ရောဂါကို ပိုမိုတွေ့ရှိရတယ်။ နောက်ပြီး ‘အိပ်ပျော်နေစဉ် ခေတ္တ အသက်ရှူရပ်ရောဂါ'(Obstructive Sleep Apnea)ရှိရင် အိပ်ပျော်နေစဉ် လမ်းလျှောက်ရောဂါ ဖြစ်ပွားနိုင်ခြေ များလာတယ်။ ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်တဲ့ရောဂါကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေကလည်း အိပ်ပျော်နေစဉ် လမ်းလျှောက်တာကို ဖြစ်ပေါ်စေပါတယ်”

ကိုဆွေက နောက်ကြောင်းပြန်စဉ်းစားပြီး မှတ်ချက်ချပါတယ်။

“ဒါကြောင့် အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်တာနဲ့ အိပ်ပျော်နေစဉ် လမ်းလျှောက်တာက ညီအစ်ကိုတော်တယ်လို့ ခင်ဗျားက ဆွေမျိုးစပ်ပြောတာလား”

“ဟုတ်ပါတယ်။ နောက်တစ်ချက် ရှိသေးတယ်။ အိပ်ပျော်နေစဉ် ကြောက်ရွံ့ထိတ်လန့်တာနဲ့ အိပ်ပျော်နေစဉ် လမ်းလျှောက်တာကို အိပ်မောကျနေတဲ့ အိပ်စက်ချိန် (NonREM-sleep)မှာ တွေ့ရှိရတယ်။ ညီအစ်ကိုလို့ဆိုပေမယ့် အမြွှာပူးမဟုတ်လို့ ခြားနားချက်တွေတော့ရှိပါတယ်။ အိပ်ပျော်နေစဉ် လမ်းလျှောက်ရောဂါမှာ ကာယကံရှင်က အလန့်တကြား အသံနက်ကြီးနဲ့ အော်ဟစ်တာမရှိဘူး။ အိပ်ရာပေါ်မှာ ထထိုင်ရုံသာမကဘဲ အိပ်ရာထဲက ထွက်ပြီး တစ်ခုခု ပြုလုပ်တဲ့လက္ခဏာတွေကိုလည်း တွေ့ရှိရတယ်။ အဲဒီလို ပြုမူလှုပ်ရှားတတ်တာကြောင့် ဒီရောဂါက ပိုမိုအန္တရာယ်များပါတယ်”

“အိပ်ပျော်နေစဉ် လမ်းလျှောက်တဲ့ ရောဂါလက္ခဏာတွေကို အကျယ်တဝင့် ရှင်းပြဖို့ ကိုဆွေက တောင်းဆိုပါတယ်။

“ပြောပြပါမယ် ကိုဆွေ။ အဲဒီရောဂါမှာ အိပ်မောကျနေသူက ဗြုန်းကနဲ အိပ်ရာက ထတယ်။ ဟိုဟိုဒီဒီ လမ်းလျှောက်ပြီး တစ်စုံတစ်ခုကို ပြုလုပ်ပါတယ်။ ဒါပေမဲ့ ကာယကံရှင်က နိုးကြားနေတာ မဟုတ်ဘူး။ မျက်စိတော့ ဖွင့်ထားတယ်။ တစ်ခုခုကို ကြောင်တောင်တောင် စိုက်ကြည့်နေသလိုပဲ။ ပတ်ဝန်းကျင်က လူတွေကို သတိထားမိသလိုပဲ။ ဒါပေမဲ့ ပစ္စည်းတွေနဲ့ ခလုတ်တိုက်မိတာမျိုးကို မတွေ့ရဘူး။ ပစ္စည်းတွေကို မြင်နေသလို ရှောင်တိမ်းသွားနိုင်တယ်။ ဘေးက လူတွေနဲ့ စကားပြောဆက်ဆံမှု မရှိဘူး။ အဲဒီအချိန်မှာ ကာယကံရှင်ကို လှုပ်နှိုးဖို့ ခက်ခဲမယ်။ အတင်းလှုပ်နှိုးရင် ကယောင်ကတမ်းနဲ့အကြမ်းဖက်တတ်ပါတယ်”
ကိုဆွေက ကြားဖြတ်မေးပါတယ်။

“ခင်ဗျား ပြောဖူးသလို အန္တရာယ်ရှိနိုင်တယ်ဆိုတာမျိုးလား”

“ဟုတ်ပါတယ်။ အိပ်ပျော်နေစဉ်လမ်းလျှောက် ရောဂါကြောင့် အသက်ဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေရှိပါတယ်။ အိပ်ပျော်နေစဉ် လမ်းလျှောက်သူက အခန်းထဲက စားပွဲကို ရှောင်တိမ်းသွားနိုင်ပေမယ့် ပတ်ဝန်းကျင်ကို အမှန်အတိုင်း သိရှိသုံးသပ်နိုင်စွမ်းမရှိဘူး။ ဝင်ပေါက်တံခါးနဲ့ ပြတင်းပေါက်ကို မခွဲခြားနိုင်လို့ အမြင့်က လိမ့်ကျဖူးတဲ့ လူနာတွေရှိတယ်။ ဒါထက်ဆိုးတာက ကားလမ်းပေါ်မှာ ညအချိန်မတော် သတိလက်လွတ်လမ်းလျှောက်နေရလို့ ကားတိုက်သေဆုံးရသူတွေလည်း ရှိပါတယ်။ ဘေးက လူတွေကို ရန်သူလို့ထင်မှတ်ပြီး အကြမ်းဖက်တိုက်ခိုက်မိလို့ လူသတ်မှုကျူးလွန်ဖူးတဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။ ဒါကြောင့် အိပ်ပျော်နေစဉ် လမ်းလျှောက်နေသူကို အတင်းအဓမ္မလှုပ်နှိုးတာမျိုး မလုပ်သင့်ဘူး။ အလိုက်သင့်ချော့မော့ပြီး အိပ်ရာထဲကို ပြန်ခေါ်နိုင်ရင်ကောင်းပါတယ်။ မကြာခင် အလိုအလျောက် ပြန်ပြီး အိပ်ပျော်သွားလိမ့်မယ်။ နံနက်အိပ်ရာနိုးတဲ့ အခါ ညက အဖြစ်အပျက်တွေကို မမှတ်မိဘူး။ ပြန်လည်စဉ်းစားကြည့်လို့လည်း မရဘူး။ တခြားလူတွေ ကပြောပြမှ သူ့အဖြစ်အပျက်ကို သူသိရှိရပါတယ်”

_ _ _

စာရေးသူ စကားပြောရပ်ထားချိန်မှာ ကိုဆွေက ပြုံးစိစိမျက်နှာထားနဲ့ စဉ်းစားနေပါတယ်။

“ကိုဆွေ ဘာကို သဘောကျလို့ ပြုံးစိစိလုပ်နေတာလဲ”လို့ စာရေးသူက မေးတော့ ကိုဆွေက မျက်နှာအမူအရာပြောင်းလိုက်ပြီး ပြောပြပါတယ်။
“ကျွန်တော် ငယ်စဉ်က အတွေ့အကြုံတစ်ခုကို သတိရမိလို့ပါ။ ကျွန်တော် ကြီးပြင်းခဲ့တဲ့ အညာက မြို့လေးတစ်မြို့မှာ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ရွယ်တူအသက် ၁၄ နှစ်လောက်ရှိတဲ့ အိမ်နီးချင်း မထွေးရဲ့ အဖြစ်အပျက်ပါ။ မထွေးက ညဘက်မှာ အိပ်ရာက ထပြီး မီးဖိုချောင်ထဲမှာ တွေ့ကရာ အစားအစာတွေကို အားရပါးရ စားတတ်လာပါတယ်။ သူ့အမေ က သူ့သမီးရဲ့ အပြုအမူတွေကို မသင်္ကာဖြစ်လာတယ်”

“ဘာကို သံသယရှိတာလဲ”

“ဒီအပြုအမူကမရိုးဘူးပေါ့။ အပမှီနေတာ၊ သရဲပူးနေတာပဲ ဖြစ်မယ်ပေါ့။ သူ့သမီးစားတာ မဟုတ်ဘူး။ သူ့သမီးကို မှီပြီး မကောင်းဆိုးဝါးတစ်ကောင်ကောင်က စားနေတာ ဖြစ်မယ်လို့ တထစ်ချတွက်လိုက်တယ်။ သူ့သမီးကို နံနက် အိပ်ရာထမှာ မေးကြည့်တော့လည်း မထွေးက ဘာမှ မမှတ်မိဘူးတဲ့။ သူ့အမေက အထက်လမ်းဆရာတွေ ပင့်ပြီး ကုသတယ်လို့ သိလိုက်ရတယ်။

မထွေးအဖြစ်အပျက်ကို ဘယ်လို ကောက်ချက်ချမလဲ”

စာရေးသူက အတန်ကြာစဉ်းစားပြီး အဖြေပေးပါတယ်။

“အဲဒီလို ပြုမူတာကလည်း အိပ်ပျော်နေစဉ် လမ်းလျှောက်တဲ့ ရောဂါမှာ တွေ့ရှိရတဲ့ လက္ခဏာတစ်မျိုးပါ။ “အိပ်ပျော်နေစဉ်အစာစားခြင်း”( Sleep Related Eatings)လို့ ခေါ်ပါတယ်။ စိတ်ဖိစီးမှုဒဏ် ခံစားနေရရင် ဖြစ်တတ်ပါတယ်။ ဒါ့ထက်ပိုပြီး အန္တ ရာယ်များတဲ့ အပြုအမူတစ်မျိုး ရှိသေးတယ်”

_ _ _

“ပြောပြပါ ကိုအုန်းကျော်”

“အဲဒီအပြုအမူကို ‘အိပ်ပျော်နေစဉ် လိင် ဆက်ဆံခြင်းအပြုအမူ'(Sexsomia)လို့ ခေါ်ပါတယ်။ အိပ်ရာက ကယောင်ကတမ်းထပြီး မိမိဘာသာ ကာမဆန္ဒဖြေဖျောက်ခြင်း၊ အနီးအနားမှာ အိပ်နေသူကို မတော်တရောက် ဖက်လှဲတကင်းပြုလုပ်ခြင်း၊ လိင်ဆက်ဆံခြင်းစတဲ့ အပြုအမူတွေကို သတိလက်လွတ် ပြုမူတတ်ပါတယ်။ အဲဒီအချိန်မှာ ကာယကံရှင်ရဲ့ အပြုအမူက ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေသလို ထင်ရပေမယ့် သူ ဘာလုပ်နေတယ်ဆိုတာကို အမှန်အတိုင်းမသိရှိဘူး။ နံနက်အိပ်ရာနိုးတော့လည်း အဲဒီအဖြစ်အပျက်ကို သူမမှတ်မိဘူး။

ဒီလိုရောဂါမျိုး အမှန်တကယ်ရှိပါတယ်။ အသက် ၃၄ နှစ်အရွယ် ယောကျာ်းတစ်ယောက် ခံစားနေရတဲ့ “အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း ဝေဒနာ”အကြောင်းကို ဆေးပညာဂျာနယ်တစ်ခုထဲမှာ ၁၉၈၆ ခုနစ်က ပထမဆုံးမှတ်တမ်းတင် ဖော်ပြဖူးပါတယ်။ အဲဒီဝေဒနာရှင်က မအိပ်ခင် သူ့ဇနီးနဲ့ ပုံမှန် ကာမဆက်ဆံနိုင်ပါတယ်။ ဒါပေမဲ့ ညဘက်မှာ အိပ်ရာထဲက ထပြီး မိမိဘာသာ ကာမဆန္ဒဖြေဖျောက်တဲ့ အပြုအမူကို ပြီးဆုံးတဲ့အထိ ပြုလုပ်တတ်တယ်တဲ့။

အဲဒီလို အိပ်ပျော်နေစဉ် လိင်ဆက်ဆံတဲ့ အပြုအမူတွေက ကာယကံရှင်အဖို့ အရှက်တကွဲ အကျိုးနည်းစရာ ဖြစ်နိုင်ပါတယ်။ မုဒိမ်းမှုအထိ စွပ်စွဲခံရတဲ့ အဖြစ်အပျက်တွေလည်း ရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စကားစပ်မိလို့ ပြောချင်ပါတယ်။ အခုအချိန်မှာ ခေတ်စားလာတဲ့ အိပ်ဆေးတစ်မျိုး Zolpidem ကို ကြားဖူးလား”

“ပြောပါ ကိုအုန်းကျော်”

” Zolpidem အိပ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုက အိပ်ပျော်နေစဉ် လမ်းလျှောက်တာနဲ့ အိပ်ပျော်နေစဉ် လိင်ဆက်ဆံတဲ့ အပြုအမူဗျ။ အဲဒီဆေးကို အခုချိန်မှာ ဆရာဝန်တွေက အိပ်ဆေးအဖြစ် အသုံးများလာတယ်။ မူးယစ်ဆေးစွဲတဲ့ လူငယ်တွေထဲ မှာလည်း အကူဆေးအဖြစ် အသုံးပြုနေကြတယ်။ သတိထားရမယ့် အချက်တစ်ခုပေါ့ဗျာ”

_ _ _

“အိပ်ပျော်နေစဉ် လမ်းလျှောက်တဲ့ ရောဂါရဲ့ နောက်ဆုံးပေါ် လက္ခဏာတစ်ခုရှိသေးတယ်”

“ဘာများလဲ”

“အိပ်ပျော်နေစဉ် ‘တက်မက်ဆိပ်ချ်ရိုက်ခြင်း’ (Sleep Texting)ဗျ။ မြီးကောင်ပေါက် လူငယ်တွေထဲမှာ ဖြစ်ပွားတာ တွေ့ရှိလာရတယ်။ လူငယ် ၅ ယောက်မှာ ၄ ယောက်က သူတိုရဲ့ လက်ကိုင်ဖုန်းကို ခေါင်းအုံးနားမှာထားပြီး အိပ်လေ့ရှိတယ်။ အဲဒါ အိပ်ပျော်နေစဉ် ကယောင်ကတမ်းနဲ့ မဆီလျော်တာတွေကို ရိုက်နှိပ်ပြီး ‘တက်မက်ဆိပ်ချ်’ပို့တတ်တယ်။ နံနက်အိပ်ရာနိုးတော့ အဲဒီအဖြစ်အပျက်ကို မမှတ်မိဘူး။ လူမှုမီဒီယာမှာ အရှက်တကွဲ ဖြစ်ရတာပေါ့”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top