Healthy Life Ad
Men

နုပျိုကျန်းမာမှု ကင်းဝေးစေနိုင်သော အချက် ငါးရပ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လူတိုင်း နုပျိုလှပလိုကြပါတယ်။ အသက်ကြီးလာလေလေ၊ နုပျိုတယ်လို့ အပြောခံချင်လေလေပါပဲ။ ဒါပေမဲ့ နုပျိုမှုကို ဖျက်ဆီးပစ်နိုင်တဲ့အရာတွေကိုတော့ မသိလို့ပဲဖြစ်ဖြစ်၊ သိရက်နဲ့ပဲဖြစ်ဖြစ် လုပ်မိနေတတ်ကြပါတယ်။ ဒီအပြုအမူတွေကို လုပ်တာကြောင့် ချက်ချင်းတော့ ရုပ်ရင့်သွားမှာမဟုတ်ပေမယ့် နောက်ပိုင်းမှာ ကျန်းမားရေးလိုက်စားတဲ့ သက်တူရွယ်တူတွေကြား သင်က ပိုအိုစာနေတာကို တွေ့လာရမှာပါ။ ဒါကြောင့် နုပျိုစေဖို့အတွက် အောက်ပါအပြုအမူတွေကို ရှောင်ရှားသင့်ပါတယ်။

(၁) မကြာခဏ နေလောင်ဒဏ်ခံရခြင်း

နေလောင်ဒဏ်ခံရပြီး မကြာခဏ နေလောင်ဒဏ်ရာတွေရရှိတာက အရေပြားကင်ဆာအန္တရာယ်ကို မြင့်တက်စေကာ အရေပြားမှာ အရေးကြောင်းထင်တာနဲ့ အမည်းစက်၊ တင်းတိပ်စတာတွေပေါ်တာတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အပြင်သွားမယ်ဆိုရင် နေကာခရင်မ်လိမ်းတာ၊ ဦးထုပ်ဆောင်းတာ၊ နေကာမျက်မှန်တပ်တာနဲ့ အစိုဓာတ်ထိန်းခရင်မ်ကို မှန်မှန်လိမ်းတာပြုလုပ်ဖို့လိုပါတယ်။

(၂) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်အသောက်များတာကြောင့် အရွယ်မတိုင်မီ အိုမင်းလွယ်စေတဲ့အပြင် အဆုတ်တစ်သျှူးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်အမျိုးအစားအားလုံးကို မသောက်ဘဲ ရှောင်ပါ။ ဆေးလိပ်ဖြတ်တဲ့အချိန် ကြာလာတဲ့အခါမှာ ဆေးလိပ်ကြောင့်ဖြစ်နိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေ လျော့ကျသွားပါလိမ့်မယ်။

(၃) အရက် အလွန်အမင်းသောက်ခြင်း

အတိတ်က အရက်ကို အလွန်အမင်းသောက်ခဲ့တာကြောင့် ထိခိုက်မှုကို ပြန်လည်ပြုပြင်ဖို့ အတော်ကြာတဲ့အထိ အချိန်ယူရပါတယ်။ လူပေါင်း ၁၆၀ဝဦး နီးပါးကို လေ့လာမှုတစ်ရပ်အရ အရင်က အရက်သောက်ခဲ့တာကြောင့် အစာရေမျိုပြွန်ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်က ဆယ်စုနှစ်တစ်စုလောက်ကြာပြီးမှ ပုံမှန်ဖြစ်သွားပါတယ်။ ဒါကြောင့် အရက်ကိုမသောက်ဘဲမနေနိုင်လို့ သောက်မယ်ဆိုရင်တောင် တစ်နေ့မှာတစ်ခွက်လောက်ပဲ သောက်သင့်ပါတယ်။

(၄) ထိခိုက်ဒဏ်ရာ အကြီးအကျယ်ရခြင်း

ခြေထောက်၊ ဒူးနဲ့ ခြေချင်းဝတ်နေရာတွေမှာ ထိခိုက်ဒဏ်ရာရရင်၊ ဒါမှမဟုတ် ခြေထောက်နဲ့ အဆစ်တွေနာကျင်နေရင် ဆရာဝန်နဲ့ပြပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို စနစ်တကျလိုက်နာပါ။ အကြောင်းကတော့ ဘဝမှာတစ်ကြိမ်လောက် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရဖူးပြီး စနစ်တကျကုသမှုမခံယူပါက နောက်ပိုင်းကာလမှာ နောက်ဆက်တွဲ အန္တရာယ်တွေဖြစ်လာနိုင်လို့ပါ။

(၅) လိင်ဆက်ဆံဖော် များခြင်း

အမျိုးသမီးအများစုအတွက် လိင်ဆက်ဆံဖော်များတာက သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ HPV ဗိုင်းရပ်စ်ပိုးဝင်ရောက်နိုင်ခြေ များပါတယ်။ တကယ်လို့ အမျိုးသားတွေအနေနဲ့ လိင်ဆက်ဆံဖော်များရင်လည်း ဇနီးမယားမှာ HPV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ခြေများပါတယ်။ ဒါကြောင့် တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါ။ အိမ်ထောင်သည် အမျိုးသမီးတွေအနေနဲ့ သားအိမ်ခေါင်းအသားစ ယူစစ်ဆေးမှုကို ပုံမှန်ပြုလုပ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top