Healthy Life Ad
Life Style

ခင်ပွန်းတွင် HIV ပိုးရှိသော်လည်းကိုယ်ဝန်ဆောင် ကလေးမွေးရာတွင် မိခင်ရောကလေးကိုပါ HIVပိုးကူးစက်မှုမရှိကြောင်းပြောပြခဲ့သည့် မဝေမာသင်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မဝေမာသင်းတို့ အိမ်ထောင်သက် သုံးနှစ်အကြာ ၂၀၁၆ ခုနစ် ၁၂လပိုင်းတွင် ကိုယ်ဝန်စယူရန် ဆုံးဖြတ်ပြီး သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ပါမောက္ခဦးသိန်းမြင့်သူနှင့် စတင်တိုင်ပင်ဆွေးနွေးခဲ့သည်။

“အစ်မအမျိုးသားက HIV ပိုးရှိပြီး အစ်မမှာ ပိုးမရှိပါဘူး။ ဆရာကြီးကို ဒီအကြောင်းပြောပြပြီး ရိုးရိုးဒီအတိုင်း ကလေးယူရင် HIV ပိုး ကူးနိုင်ခြေများတယ်လို့ သိထားတာကြောင့် IUI နည်း (သုက်ပိုးကို သားအိမ်ထဲ ထည့်သည့်နည်း) လုပ်မယ်ဆိုပြီး တိုင်ပင်ကြည့်ပါတယ်။ ဆရာကြီးက အရေပြား ၊ ကာလသားနှင့် ခုခံအားကျရောဂါ အထူးကု ဆရာဝန်ကြီး ဆရာဦးမျိုးသန့်နဲ့ တိုင်ပင်ခိုင်းပါတယ်။ ဆရာဦးမျိုးသန့်က အစ်မအမျိုးသားကို စစ်ဆေးပါတယ်။ ပိုးကောင်ရေ(Viral Load)အရင်စစ်လိုက်တော့ ပိုးကောင်ရေက သုည ဖြစ်နေပါတယ်။

“အဲဒါဆို ဒီအတိုင်းတောင်ယူလို့ရတယ်။ ဒါပေမဲ့စိတ်ချရအောင် ဆေးတစ်မျိုးရှိတယ်။ အဲဒီဆေးကိုသောက်ပြီး အတူနေရင် မကူးနိုင်ဘူး။ Tutec ဆိုတဲ့ဆေးကို မနေခင် အရှေ့နှစ်ရက်၊ နေတဲ့ တစ်ရက်နဲ့ နောက်နှစ်ရက်ဆိုပြီး အားလုံး ငါးရက်သောက် ရတယ်”ဆိုပြီး ဆရာဦးမျိုးသန့်က ပြောပြပါတယ်။

အစ်မတို့လည်း ဒီအတိုင်း မယူဖြစ်သေးဘဲ ဆရာကြီး ဦးသိန်းမြင့်သူနဲ့ ပြန်တိုင်ပင်ပါတယ်။ ဆရာကြီးကပိုပြီး စိတ်ချရအောင် IUI နည်းနဲ့ ကလေးယူဖို့ အကြံပြုတယ်။ အဲဒါနဲ့ မျိုးဥကြွေတဲ့ ရက်သိရအောင် LH Test စစ်ရတယ်။ စစ်လိုက်တော့ နှစ်ကြောင်းစပြီး မှိန်မှိန်လေးပေါ်တဲ့ ရက်ကတည်းက Tutecကို စသောက်ပါတယ်။ မျိုးဥကြွေတဲ့ နေ့ကျ တော့ Woman Centre မှာ IUI နည်းကိုလုပ်လိုက်ပါတယ်။ အဲဒီနေ့ကော နောက်နှစ်ရက် ထပ်ပြီး ကော Tutec ကို ထပ်သောက်ပါတယ်။ ဒါပေမဲ့ ကလေးမရခဲ့ပါဘူး”ဟု မဝေမာသင်းက ဆိုသည်။

၂၀၁၇ ခုနစ် ဇန်နဝါရီလတွင် IUI နည်းကို ပထမအကြိမ်ပြုလုပ်ခဲ့ရာ သန္ဓေမတည်ခဲ့သည့်အတွက် ဖေဖော်ဝါရီလတွင် မဝေမာသင်းတို့ ဇနီးမောင်နှံသည် သဘာဝနည်းဖြင့် ကလေးယူရန် ဆုံးဖြတ်ခဲ့သည်။

“ဖေဖော်ဝါရီလမှာ မျိုးဥမကြွေခင် နှစ်ရက်ကြို Tutec ဆေးသောက်တယ်၊ မျိုးဥကြွေတဲ့နေ့မှာ အကာအကွယ်မပါဘဲအတူနေတယ်။ နောက်နှစ်ရက မှာ ထပ်ပြီး ဆေးသောက်တယ်။ အဲဒီလမှာလည်း ကလေးမရသေးဘူး။

မတ်လမှာလည်း အဲဒီအတိုင်းပဲ ပြန်ကြိုးစားကြတယ်။ အဲဒီလမှာတော့ ကိုယ်ဝန်ရသွားခဲ့ပါတယ်”

ဟု မဝေမာသင်းက ပြောပြခဲ့သည်။
ကိုယ်ဝန်ရရှိရန် ကြိုးစားခဲ့သည့် သုံးကြိမ်စလုံး Tutec ဆေးသောက်ခဲ့ရာ ဘေးထွက်ဆိုးကျိုးအနည်းငယ်ကိုမူ ခံစားခဲ့ရကြောင်း မဝေမာသင်းက သူ့အတွေ့အကြုံအရ ပြောပြခဲ့သည်။

“အစ်မ ဆေးသောက်တဲ့အချိန်မှာ မျက်လုံးမှုန်တာ၊ ခေါင်းနောက်တာ၊ နည်းနည်းလေးလံတာ စတာလေးတွေဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ တူချင်မှတူမှာပေါ့။ အစ်မမှာတော့ အဲလိုလေးတွေ ခံစားခဲ့ရတယ်။ အရင်တုန်းက ဒီဆေးမပေါ်သေးဘူး။ အခုပေါ်တာ မကြာသေးဘူး။ ဒါပေမဲ့ ကလေးယူဖို့မဟုတ်ဘဲ ဒီအတိုင်း အတူနေမယ်ဆိုရင်တော့ ဒီဆေး မသုံးသင့်ပါဘူး။ ကွန်ဒုံးပဲ သုံးသင့်တယ်”ဟု မဝေမာသင်းက ဆေးသောက်စဉ် ခံစားရသော ဘေးထွက်ဆိုးကျိုးအချို့ကို အခြေခံပြီး သူ့ထင်မြင်ချက်ကို ပြောပြခဲ့သည်။

ကိုယ်ဝန်ရရှိချိန်တွင် ပါမောက္ခဦးသိန်းမြင့်သူထံ သွားအပ်နှံခဲ့ရာ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး လစဉ်လတိုင်း HIV ပိုး ရှိ၊ မရှိ သွေးစစ်ဆေးခြင်းကိုပြုလုပ်ခဲ့ရပြီး ပိုးကင်းစင်ကြောင်း သိခဲ့ရသည်။

“အစ်မစိတ်ထဲမှာလည်း ကလေးကို HIV ပိုး ကူးမလားဆိုတာပူတော့ ပူတယ်။ ဒီဆေးကို သောက်ရင် မကူးဘူးလို့ ဆရာဦးမျိုးသန့်က ဆိုပေမယ့် ကိုယ့်မှာလည်း မဖြစ်ချင်ဘူး၊ ကလေးကိုလည်း မဖြစ်စေချင်ဘူး . . အဲဒါကြောင့် ဘုရားတရားကိုလည်း တောက်လျှောက်လုပ်ဖြစ်ခဲ့ပါတယ်”ဟု မဝေမာသင်းက ဆိုသည်။

“အစ်မက သာလာဆီးမီးယားသွေးအားနည်းရောဂါ(Thalassemia)လည်း ရှိတဲ့အတွက် ဆရာ ပါမောက္ခဦးစိန်ဝင်းနဲ့လည်း ကြားထဲမှာ ပြရသေးတယ်။ ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံးသွေးငါးလုံးသွင်းခဲ့ရတယ်။ မွေးခါနီးတစ်လုံး၊ မွေးပြီး နှစ်လုံး . . စုစုပေါင်း သွေးရှစ်လုံး သွင်းခဲ့ရတယ်”

၂၀၁၇ ဒီဇင်ဘာ ၈ ရက်နေ့တွင် ၃၃ နှစ်အရွယ် မဝေမာသင်းသည် ကျန်းမာသော သမီးဦးလေး မွေးဖွားခဲ့ပြီး မဝေမာသင်းကော သမီးလေးတွင်ပါ HIV ပိုးကင်းစင်ကြောင်း သိရသည်။

“ကိုယ်ဝန်ပတ် ၃၉ ပတ်ရှိမှ ကလေးကို ခွဲမွေးလိုက်တာပါ။ ကလေးက ပေါင်လည်း ပြည့်တယ်၊ ကျန်းလည်းကျန်းမာပါတယ်။ ဆေးကလည်း ကလေးအပေါ် ဘာသက်ရောက်မှုမှမရှိဘူး”ဟု မဝေမာသင်းက ပြောပြခဲ့ပြီး သူကော သမီးတွင်ပါ HIV ပိုးမကူးဘဲ ကျန်းမာအဆင်ပြေစွာ မွေးဖွားနိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောပြခဲ့သည်။

“ကျေးဇူးတင်ရမှာက အများကြီးပဲ။ ဆရာကြီး ဦးသိန်းမြင့်သူကလည်း တအားဂရုစိုက်တော့ ကျေးဇူးတင်ပါတယ်။ HIV ပိုးနဲ့ ပတ်သက်ပြီး အကောင်းဆုံးလမ်းညွှန်ပေးတဲ့ ဆရာဦးမျိုးသန့်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဆရာဦးစိန်ဝင်းဆိုရင် သွေးနဲ့ပတ်သက်ပြီး အထူးဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အစ်မကိုယ်တိုင်လည်း အထူး ဂရုစိုက်ခဲ့ရတယ်။ ပြီးတော့ ဘာသာတရားနဲ့လည်း ဆိုင်တယ်။ အစ်မက ကလေးမမွေးခင်ကတည်းက သစ္စာဆိုတယ်။ ပဋ္ဌာန်းရွတ်တယ်၊ မေတ္တသုတ်ရွတ်တယ်။ ဘုရား၊ တရားကို တောက်လျှောက်လုပ်ခဲ့ပါတယ်။ ဆေးခန်းကိုလည်း သူများတွေ တစ်လတစ်ကြိမ်ပဲ ပြရပေမယ့် အစ်မက တစ်လ သုံးလေးကြိမ်လောက် ပြခဲ့ရတယ်။ သွေးစစ်၊ အာထရာဆောင်းရိုက် စသဖြင့် စစ်ဆေးမှုတွေကို ပုံမှန်လုပ်ခဲ့ရတယ်။ အကုန်လုံးပေါင်းစပ်သွားလို့ အခုလိုကျန်းမာတဲ့ သမီးလေးကို မွေးဖွားနိုင်ခဲ့တာပါ”ဟု မဝေမာသင်းက သူ့ အတွေ့အကြုံကိုပြောပြခဲ့ပြီး အခြား HIV ပိုးရှိနေသူများ၊ HIV ပိုးရှိသူနှင့် လက်ထပ်ထားသူများ၊ ကလေးယူလိုသူများအား ယခုလို အားပေးစကား ပြောကြားလိုက်ပါသည်။

“HIV ပိုးရှိသူတွေလည်း စိတ်ဓာတ်ကျစရာ မလိုပါဘူး။ အစ်မဆိုရင် သူ့မှာ ပိုးရှိတယ်ဆိုတာ ယူပြီးမှ သိတာမဟုတ်ဘူး၊ မယူခင်ကတည်းက သိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း လက်ခံတယ်။ ဘယ်လိုနေရမယ်၊ ထိုင်ရမယ်ဆိုတာကို အစ်မလေ့လာတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ မေတ္တာတရားကသာ အရေးကြီးတာပါ။ ဒီရောဂါပိုးဆိုတာလည်း ဖြစ်ချင်လို့ဖြစ်တာ မဟုတ်ပါဘူး။ အစ်မကခွဲခြားဆက်ဆံတာမျိုးမရှိဘူး။ သူ အခုလို ပိုးရှိသွားတယ်ဆိုတာကလည်း မတော်တဆ ဖြစ်သွားတာ။ ဒါပေမဲ့ မိသားစုအသိုင်းအဝိုင်း၊ ပတ်ဝန်းကျင် ဘယ်သူမှမသိဘူး။ အစ်မက သူနဲ့ မယူခင် လေး-ငါးနှစ်လောက်ကတည်းက အကုန်သိပြီးသား . .

သူဆေးစစ်ရမယ်၊ ဆေးသောက်ရမယ်ဆိုတာတွေ အကုန်လုံး အစ်မကူညီတယ်။ ART ဆေးသောက်နေပြီး သူက ကျန်းမာရေးဂရုစိုက်တော့ ဒီအတိုင်း ပုံမှန်ပါပဲ။ CD4 ကောင်ရေက ၆၀ဝ ကျော်တောင်ရှိတယ်။ အိမ်ထောင်သက်သုံးနှစ်ရှိတဲ့အထိ အစ်မတို့ ကွန်ဒုံးသုံးခဲ့တယ်။ စည်းကမ်းနဲ့နေတော့ ပိုးလည်း မကူးပါဘူး။

တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ချင်းစာတရား၊ မေတ္တာတရားနဲ့ဆိုတော့ အကုန်အဆင်ပြေတယ်။ ဘာရောဂါပဲဖြစ်ဖြစ် ဘဝက သေသွားတာ မဟုတ်ပါဘူး။ ၉၆ပါး ရောဂါဆိုတာ ဘယ်အချိန် ဘယ်လိုထဖြစ်မလဲဆိုတာ မသိကြဘူးလေ၊ အဓိကကတော့ အသက်ရှင်နေချိန်လေးမှာ စိတ်ချမ်းသာဖို့လိုတယ်။ ပျော်ပျော်ရွှင်ရွှင်နေသွားဖို့ပဲ လိုပါတယ်။

တခြား HIV ရှိသူအားလုံးကို ပြောချင်တာက ပိုးရှိတယ်ဆိုရင် ဘာမှ စိတ်ဓာတ်ကျစရာမလိုပါဘူး။ ဆေးစစ်စရာရှိတာတွေ စစ်ပြီး ART ဆေးကို ပုံမှန် သောက်ပါ၊ အရက်သေစာ၊ ဆေးလိပ်တွေ ရှောင်ပြီး ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ။ HIV ပိုးမကူးစက်အောင် အနေအထိုင် ဆင်ခြင်ပြီး နေကြပါ၊ ကူးစက်လာရင်လည်း စိတ်ဓာတ်မကျကြပါနဲ့။ HIV ပိုးကူးမှ သေတာ မဟုတ်ပါဘူး။ လူတိုင်းဟာ တစ်နေ့မှာ သေခြင်းတရားနဲ့ ရင်ဆိုင်ရမှာပါ။ မသေခင် ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေရဖို့ အရေးကြီးပါတယ်။ ART ဆေးကို ပုံမှန်သောက်သုံးပြီး ကျန်းမာရေးထိခိုက်မယ့် အပြုအမူတွေ ရှောင်ရှားဖို့ပဲ လိုပါတယ်။ ဆေးစွဲသောက်နေရလို့လည်း စိတ်ဓာတ်ကျအားငယ်နေစရာ မလိုပါဘူး။ တခြားသော နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါသည်တွေလည်း သေတဲ့အထိ ဆေးသောက်နေရတာပါပဲ။ စိတ်ဓာတ်မကျကြပါနဲ့။ အသက်ရှင် နေတဲ့အချိန်မှာအများအတွက် အကျိုးရှိမယ့် အလုပ်တွေ လုပ်ရင်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းပါ၊ ရောဂါပိုးမရှိတဲ့သူတွေအနေနဲ့လည်း ရောဂါပိုးရှိသူတွေကို ခွဲခြားဆက်ဆံခြင်းမပြုဘဲ ကိုယ့်ညီ၊ ကိုယ့်မောင် နှမသားချင်းသာ ဖြစ်ရင်ဆိုတဲ့ ကိုယ်ချင်းစာတရားနဲ့ ကူညီဖေးမစေချင်ပါတယ်။

HIV ပိုးရှိသူနဲ့ အိမ်ထောင်ပြုမယ်ဆိုရင်လည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး သေချာလေ့လာဖို့ လိုတယ်။ အခုဆို ART ဆေးတွေကို ဒေသန္တရဆေးခန်း တွေမှာ အခမဲ့ပေးနေပါတယ်။ ကိုယ့်ကို ပိုးမကူးအောင် ဘယ်လိုနေမလဲဆိုတဲ့ အသိရှိဖို့လိုတယ်။ ကိုယ့်လက်တွဲဖော် ဆေးစစ်၊ သွေးစစ်ရာမှာ ကူညီအားပေးပြီး CD4 Count တက်လာအောင် ဝိုင်းကြိုးစားပေးရပါတယ်။ ကလေးယူချင်တယ်ဆိုရင်လည်း ဗဟုသုတရှိအောင် လေ့လာရမယ်၊ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ကြီးတွေနဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးပြီး ယူသင့်ပါတယ်”ဟု အကြံပြုစကား ပြောကြားခဲ့ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top