Healthy Life Ad
Life Style

တက်ကြွကျန်းမာသော သက်ကြီးဘဝ ပိုင်ဆိုင်စေရန်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အသက်ကြီးလာတဲ့အခါမှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်း အနည်းနဲ့အများဆိုသလို ပြောင်းလဲယိုယွင်းလာတတ်ပါတယ်။ အသက်ကြီးတာကြောင့် ဖြစ်တဲ့ပြောင်းလဲမှုတွေအနက် အဖြစ်အများဆုံးပြောင်းလဲမှုကတော့ ထိပ်ပြောင်လာတာနဲ့ ဆံပင်တွေ ဖြူလာတာတွေပဲ ဖြစ်ကြပါတယ်။ ဒါ့အပြင် အရိုးတွေက အားနည်းလာပြီး မှတ်ဉာဏ်လည်း သိပ်မကောင်းတော့တာမျိုး ဖြစ်လာပါတယ်။ အမြင်အာရုံနဲ့ ခုခံစွမ်းအားစနစ်လည်း သိသိသာသာ ထိခိုက်လာတတ်ပါတယ်။

အသက်ကြီးလာလျှင် ယိုယွင်းမှုဖြစ်လာရသည့် အကြောင်းရင်း

– လူ့ခန္ဓာကိုယ်တွင်းက ဆဲလ်တွေ တဖြည်းဖြည်း ထိခိုက်သေဆုံးမှုကြောင့် အိုမင်းလာတတ်ပါတယ်။

– လူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေဟာ အချိန်ပိုင်းအတွင်းမှာ ဆဲလ်အများကြီးအဖြစ်ကို ပြိုကွဲသွားပြီး အနည်းစုက တဖြည်းဖြည်းသေဆုံးသွားကာ ဆဲလ်အသစ်တွေနဲ့ အစားထိုးဖြစ်စေပါတယ်။ ဒါက လူသားတွေရဲ့ခန္ဓာကိုယ်ထဲက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ရပ်ပါ။ ဒါပေမဲ့ အသက်ကြီးလာချိန်မှာတော့ ဒီဖြစ်စဉ်က အားနည်းလာပြီး တဖြည်းဖြည်း ထိခိုက်ကျဆင်းလာပါတော့တယ်။

– ဒီပြောင်းလဲမှုက မလွှဲမရှောင်သာ ဖြစ်လာတတ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေတိုးလာရင် အိုမင်းတဲ့ဖြစ်စဉ်ကိုတိုးစေကာ လက်ရှိအသက်ထက် အနည်းငယ်ပိုအသက်ကြီးသလို ထင်ရစေပါတယ်။ စီးကရက်မီးခိုးတွေ ရှူရှိုက်မိတာ၊ အရက်ကိုအလွန်အမင်းသောက်တာ၊ ညစ်ညမ်းတဲ့လေထုကို ရှူမိတာ၊ ဓာတ်မှန်ရိုက်တာ (X-rays) ကနေထွက်လာတဲ့ ရောင်ခြည်လှိုင်းတွေရဲ့ဒဏ်ခံရတာနဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ခံရတာ စတာတွေကြောင့် ဖရီးရယ်ဒီကယ်တွေက ခန္ဓာကိုယ်ထဲမှာ တိုးလာတတ်ပါတယ်။ ဖရီးရယ်ဒီကယ်တွေကို တိုက်ခိုက်နိုင်တဲ့အရာကတော့ အင်တီအောက်ဆီးဒင့်တွေ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့်တွေကိုတော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက် စတာတွေကနေ ရယူနိုင်သလို အားဖြည့်ဆေးတွေကနေလည်း ရနိုင်ပါတယ်။

အသက်ကြီးလာကြောင်း သိနိုင်သည့် လက္ခဏာများ

– မှတ်ဉာဏ်စွမ်းရည်ကျဆင်းမှု – မှတ်ဉာဏ်နဲ့ လေ့လာမှုဆိုင်ရာစွမ်းရည်တွေ လျော့ကျလာပြီး လူတွေနဲ့ အဖြစ်အပျက်တွေကို မှတ်မိနိုင်စွမ်း လျော့ကျလာပါတယ်။

– အာရုံထိခိုက်မှု – မျက်စိရဲ့အမြင် စွမ်းရည်ကျဆင်းလာတာနဲ့ အသံတွေကို ကောင်းကောင်းမကြားတော့တာတွေလည်း ဖြစ်လာတတ်ပါတယ်။

– ကိုယ်ခံအားစနစ် လျော့ကျခြင်း – အအေးဒဏ်ကို ခံနိုင်ရည်နည်းတာ၊ တုပ်ကွေးနဲ့ တခြားနာမကျန်းမှုတွေ ဖြစ်လွယ်တာတွေ ဖြစ်လာတတ်ပါတယ်။

– ကြွက်သားနှင့် အရိုးထိခိုက်မှု – ကြွက်သားနဲ့ အရိုးသိပ်သည်းဆတွေက အားနည်းကျဆင်းလာတတ်ပါတယ်။

– နှလုံးရောဂါနှင့် ကင်ဆာဖြစ်နှုန်းများလာခြင်း – အသက်ကြီးလာတဲ့အခါမှာ နှလုံးသွေးကြောစနစ်တွေ မကောင်းတော့တာနဲ့ ကင်ဆာရောဂါဖြစ်နှုန်း တိုးလာတာတွေလည်း ဖြစ်တတ်ပါတယ်။

အသက်ကြီးသော်လည်း အိုမင်းခြင်းမဖြစ်စေရန်

အသက်ကြီးလာတာကို လူတိုင်းမတားဆီးနိုင်ပေမယ့် မအိုမင်းဘဲ နုပျိုနေစေဖို့ ဖြည့်စွက်ဆေးတွေကလည်း အကူအညီပေးနိုင်ပါတယ်။

(၁) ဗီတာမင်စီ- အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်တဲ့ ဗီတာမင်စီကို ၁၀ဝ၀ မီလီဂရမ်အထိ မှီဝဲနိုင်ပါတယ်။ တကယ်လို့ ဝမ်းပျက်ဝမ်းလျှောဖြစ်နေရင် ဗီတာမင်စီ ပမာဏကိုလျှော့ပြီး မှီဝဲပေးပါ။

(၂) ဗီတာမင်အီး – နေ့စဉ် ဗီတာမင်အီး ၅၀ဝ မီလီဂရမ်ကို အစားအစာနဲ့ တွဲဖက်မှီဝဲပါ။ သင့်အနေနဲ့ သွေးမခဲစေတဲ့ဆေးသောက်နေရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

(၃) လက်ဖက်စိမ်းလက်ဖက်ရည် – လက်ဖက်စိမ်းလက်ဖက်ရည်မှာ အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်တဲ့ ပိုလီဖီနောဓာတ်ပါဝင်မှုများတာကြောင့် တစ်နေ့နှစ်ခွက်လောက် သောက်သုံးပေးနိုင်ပါတယ်။

(၄) ဖောလစ်အက်စစ်နှင့် ဗီတာမင်ဘီတွဲလ် – တစ်နေ့မှာ ဖောလစ်အက်စစ် ၄၀ဝ မိုက်ခရိုဂရမ်နဲ့ ဗီတာမင် B12 ၁၀ဝ၀ မိုက်ခရိုဂရမ်တို့ကို မှီဝဲပေးပါ။

(၅) ကာနီတင်း – နေ့စဉ် L.cartinine ၅၀ဝ မီလီဂရမ်ကို နှစ်ကြိမ်ခန့်မှီဝဲပေးပါ။ မှီဝဲတာ အချိန်တစ်လထက်ပိုကြာလာရင် အမိုင်နိုအက်စစ်ထည့်ပြီး မှီဝဲပေးပါ။

(၆) EPO – Evening primose oil ၁၀ဝ၀ မီလီ ဂရမ်ကို တစ်နေ့သုံးကြိမ်မှီဝဲပါ။

(၇) ဂလူကိုစမင်း – ဂလူကိုစမင်း ဆာလဖိတ် ၅၀ဝ မီလီဂရမ်ကို တစ်နေ့ နှစ်ကြိမ် မှီဝဲပေးပါ။ အစားအစာနဲ့ တွဲပြီးမှီဝဲပေးဖို့ လိုပါတယ်။ သင့်မှာ အရိုးအဆစ်ရောင် ရောဂါရှိရင် သုံးဆခန့် ပိုမိုမှီဝဲပေးပါ။

(၈) ဂျင်ဂိုဘီလိုဘာ – Ginkgo biloba ၁၀ဝ၀ မီလီဂရမ်ကို တစ်နေ့ နှစ်ကြိမ် မှီဝဲပေးပါ။

အခြား ကာကွယ်နည်းများ

– ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ပါ။

– ဆေးလိပ်မသောက်ပါနဲ့။

– နေ့စဉ် သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများစားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top