Healthy Life Ad
Life Style

ရေပက်ခံပဲ ထွက်ထွက်၊ မဏ္ဍပ်ပဲ ထိုင်ထိုင် သင်္ကြန်ကာလအတွင်း အသားအရေ မထိခိုက်စေဖို့

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သင်္ကြန်ပွဲမှာ ရေပက်ခံပဲ ထွက်ထွက်၊ မဏ္ဍပ်ပဲ ထိုင်ထိုင် . .အသားအရေ ထိခိုက်မှာတော့ စိတ်ပူစရာပဲနော် . .သင်္ကြန်ပွဲမှာ အလှဆုံးဖြစ်အောင် ဘယ်လိုပြင်မယ်၊ ဘယ်လိုဝတ်ဆင်မယ်၊ ဘယ်သူတွေနဲ့ အတူပျော်မယ် . .စသဖြင့် ကြိုတင်ပြင်ဆင်ထားကြပြီးဖြစ်တဲ့ သင်္ကြန်မောင်မယ်လေးတွေအနေနဲ့ ကိုယ့်အသားအရေ ထိခိုက်မှုအနည်းဆုံး ဖြစ်ဖို့ရာအတွက် လိုက်နာသင့်တဲ့ နည်းလမ်းကောင်းတွေကို အကြံပြုပေးပါရစေ။

သင်္ကြန်မလည်ခင် အသားအရေကို ဘယ်လိုထိန်းသိမ်းကြမလဲ . . .

– နေကာခရင်မ်လိမ်းပါ၊ သို့သော် SPF ပါဝင်မှု များသည့်အရာကို မရွေးသင့်

သင်္ကြန်ပွဲလည်မယ်ဆိုပြီး နေကာနိုင်စွမ်း SPF များလွန်းတဲ့ နေကာခရင်မ်ကို မလိမ်းပါနဲ့။ ပုံမှန် SPF ၁၄ နဲ့ ၂၀ ကြားလောက်ပါတဲ့ နေကာခရင်မ်ကိုပဲ လိမ်းပါ။ နေကာခရင်မ်ထူထူလိမ်းတဲ့အခါ သင်္ကြန်ပွဲပြီးချိန်မှာ အဆီပေါက်ပိတ်ဆို့ပြီး မျက်နှာအဖုအပိမ့်တွေ ထင်လွယ်တတ်ပါတယ်။ အဆီဖုနဲ့ ဝက်ခြံဖုလေးတွေက အလွယ်တကူ မပျောက်တတ်လို့ အထူးသတိထားသင့်ပါတယ်။

နေကာခရင်မ်ကို နေပူထဲမထွက်ခင် မိနစ်၂၀ အလိုလောက်မှာ စလိမ်းသင့်ပါတယ်။ နှစ်နာရီခြားတစ်ကြိမ် ပြန်လိမ်းသင့်ပါတယ်။ ချွေးထွက်ရင်၊ ရေစိုရင် ပြန်လိမ်းသင့်ပါတယ်။ ဓာတ်မတည့်မှုနည်းမယ့် နေရောင်ကာခရင်မ်မျိုး သုံးသင့်ပါတယ်။

– မနက် ၁၁နာရီနှင့် ညနေ သုံးနာရီကြား အနားယူပါ

မနက် ၁၁ နာရီနဲ့ ညနေ သုံးနာရီကြားအချိန်တွေမှာ ခရမ်းလွန်ရောင်ခြည်ဒဏ်က အပြင်းထန်ဆုံးဖြစ်တာကြောင့် ရေကစားတာကို ဖြစ်နိုင်ရင် အနားယူသင့်ပါတယ်။ အဲဒီအချိန်မှာ အရိပ်ထဲမှာ နားနေပြီး ရေများများ သောက်ပေးသင့်ပါတယ်။

– မိတ်ကပ်ထူထူမလိမ်းသင့်ပါ

သင်္ကြန်တွင်းမှာ နေဒဏ်၊ လေဒဏ်နဲ့ ရေဒဏ်ကာကွယ်နိုင်ဖို့ မိတ်ကပ်ထူထူ လိမ်းလေ့ရှိကြပါတယ်။ အဲဒီလိုလိမ်းတာကြောင့် မျက်နှာမှာ အဆီဖုသေးသေးလေးတွေ ပေါက်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အဆီမပါတဲ့၊ ရေဓာတ်ဖြည့်ပေးတဲ့၊ အမွှေးရနံ့နည်းတဲ့ အလှပြင်ပစ္စည်းတွေ၊ အသားအရေထိန်းပစ္စည်းတွေကို သုံးသင့်ပါတယ်။

– ရေများများသောက်ပါ၊ သစ်သီးဖျော်ရည်သောက်ပါ

သင်္ကြန်ပွဲတော်မှာ ပင်ပန်းတဲ့အတွက် ရေဓာတ်ခမ်းခြောက်မှုမဖြစ်စေဖို့ ရေ ဒါမှမဟုတ် သစ်သီးဖျော်ရည်ကို များများသောက်ပေးသင့်ပါတယ်။ ဘီယာ၊ အရက် စတဲ့ အယ်လ်ကိုဟောတွေက အသားအရေကို ခြောက်သွေ့စေပြီး ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်စေတဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

– ဦးထုပ်ဆောင်းပါ

သင်္ကြန်မှာ ဦးထုပ်ဆောင်းရင် အနားကားကားနဲ့ ခပ်ကြီးကြီး ဦးထုပ်ဆောင်းပါ။ ရေဒဏ်၊ လေဒဏ်ကြောင့် ဆံပင်တွေ လွင့်မသွားအောင် မေးသိုင်းကြိုးချည်ထားရင် ပိုအဆင်ပြေပါလိမ့်မယ်။

– နေကာမျက်မှန်တပ်ပါ

မျက်စိကို နေဒဏ်တင်မက ရေပိုက်နဲ့ ထိုးတဲ့ဒဏ်၊ လေတိုးတဲ့ ဒဏ်တွေကြောင့် ကျိန်းစပ်နာကျင်မှုမရှိစေဖို့ နေကာမျက်မှန်က ကာကွယ်ပေးပါတယ်။

– လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်ဝတ်ပါ

သင်္ကြန်လည်တဲ့အခါ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေမထိခိုက်စေဖို့ တစ်ကိုယ်လုံး လုံစေမယ့် အဝတ်အစားကို ဝတ်ဆင်သင့်ပါတယ်။ ကော်လာပါတဲ့ အင်္ကျီက ပိုသင့်တော်ပါတယ်။ အကျီလက်ရှည်၊ ဘောင်းဘီရှည်ကို အရောင်လွင်လွင် ဝတ်ဆင်သင့်ပါတယ်။ သင်္ကြန်နဲ့ လိုက်ဖက်တဲ့ အဝါရောင်၊ လိမ္မော်ရောင်၊ မိုးပြာရောင် စတဲ့ အရောင်လွင်လွင်လေးတွေကို ဝတ်ဆင်ပေးပါ။

သင်္ကြန်လည်ပြီး ပြန်ရောက်ချိန် အသားအရေကို ဘယ်လိုထိန်းသိမ်းကြမလဲ . . .

သင်္ကြန်ပွဲ နွှဲပျော်ပြီး ညဘက် အိမ်ပြန်ရောက်ပြီဆိုတာနဲ့ အသားအရေကို စနစ်တကျ သန့်စင်ပေးဖို့ လိုလာပါပြီ။

– အသားအရေကို စနစ်တကျ သန့်စင်ပါ

နေလောင်တဲ့ အရေပြားကို ခပ်ကြမ်းကြမ်း ပွတ်သပ်တာမျိုး ရှောင်ပါ။ အမွှေးရနံ့နည်းပါးတဲ့ မျက်နှာသစ်ဆပ်ပြာနဲ့ ညင်ညင်သာသာတိုက်ပြီး မိတ်ကပ်တွေ ကင်းစင်သွားအောင် သန့်စင်ပေးပါ။

– နေလောင်သော နေရာကို သခွားသီးပါးပါး ကပ်ပါ

နေလောင်ပြီး ကျိန်းစပ်နေတဲ့ အရေပြားနေရာတွေကို သခွားသီး ခပ်ပါးပါးလှီးပြီး ကပ်ပေးပါ။ သခွားသီးမှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ အရေပြားထဲ စိမ့်ဝင်ပြီး အသားအရေထိခိုက်မှုကို လျော့ပါးသက်သာစေပါတယ်။

– သနပ်ခါးလိမ်းပါ

သနပ်ခါးက အဆီဓာတ်နဲ့ရေဓာတ်ကို စုပ်ယူနိုင်စွမ်းရှိတဲ့အတွက် နေလောင်ပြီး အရေပြား ခြောက်သွေ့နေချိန်၊ အရေပြား ရောင်နေချိန်မှာတော့ သနပ်ခါးကြောင့် အရေပြား ပိုခြောက်သွေ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် သနပ်ခါးလိမ်းထားချိန်မှာ တစ်နေ့လုံး ပူပြင်းနေတဲ့ အသားအရေက အေးမြပြီး သက်သောင့်သက်သာရှိနေပါလိမ့်မယ်။

– အာဟာရမျှတပြည့်ဝစွာ စားပါ

သင် ဘာတွေစားသလဲဆိုတာ သင့်အသားအရေကို ကြည့်တာနဲ့ သိပါတယ်။ ဒါကြောင့် အပင်ထွက် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အဆီနည်းအသား၊ ငါး စတာတွေကို များများစားပေးဖို့ အကြံပြုလိုပါတယ်။

– သောကကင်းဝေးစွာ ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးမှုများပြီး ပူပင်သောကများနေရင် အသားအရေတင်မက ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ကိုယ်လုံး စိတ်ရောကိုယ်ပါ ဖြေလျှော့လိုက်ပါ။

– အိပ်ရေးဝ၀ အိပ်စက်အနားယူပါ

အိပ်စက်အနားယူချိန်မှာ တစ်နေ့လုံး ထိခိုက်နွမ်းနယ်ခဲ့တဲ့ အသားအရေက ပြန်လည်ပြုပြင်ပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်တစ်နေ့မှာ အတာရေသဘင်ပွဲကို လှပလန်းဆန်းစွာ နွှဲပျော်နိုင်ဖို့ အိပ်ရေးဝ၀ အိပ်စက်အနားယူပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top