Healthy Life Ad
Life Style

ကလေးမွေးရင် မနာချင် (Pregnancy and Pain relief during labor)

ဒေါက်တာတင့်ဆွေ

မေး ဆရာ ကျွန်တော့်မိန်းမအသက်က ၂၃ နှစ်ပါ။ သူက အခုကိုယ်ဝန် ၄ လထဲမှာပါ။ သူက ကလေးမွေးရင် နာမှာကိုကြောက်တယ်ဆရာ။ အဲဒါကြောင့် ဘယ်လိုမွေးသင့်ပါသလဲ ဆရာ။

ကလေးမီးဖွးတဲ့အခါ တကယ်နာပါတယ်။ ဘယ်ကနာနာ နာတာကို ခံနိုင်ရည်က ယောကျာ်းဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် တယောက်နဲ့တယောက် မတူကြပါ။ သားဖွားခန်းမှာ အံကြိတ်မွေးသွားတဲ့သူတွေရှိသလို လုံအောင်ပိတ်ထားတဲ့ အခန်းကကျော်အောင် အော်ရသူတွေလည်းမနည်းပါ။ သူများနာနေတာကို ကြည့်ရက်သူမရှိသင့်ပါ။ နာတာ သက်သာစေအောင် (ပါရာစီတမော)ဘယ်နှစ်လုံးပေးပေး ကလေးမွေးချင်လို့ သားအိမ်ညှစ်တာကို သက်သာဖို့ဆိုတာ မဖြစ်နိုင်ပါ။ တချို့ဆေးရုံတွေကတော့ ဒီဆေးပေးပါတယ်။ နည်းနည်းသက်သာသက်သာ အနည်းဆုံး စိတ်သက်သာရင်လဲ အကျိုးရှိတာပဲ မဟုတ်လား။ ထိရောက်တဲ့ အနာသက်သာနည်းတွေ ရှိပါတယ်။ ပြည့်စုံမှုနည်းတဲ့ နေရာတွေမှာတော့ ဒီနည်းတွေကို မလုပ်နိုင်ကြပါ။

1. Epidurals (အက်ပီဂျူရယ်) ခါးထုံဆေးသွင်းနည်း

Epidural ဆိုတာ Anaesthetic မေ့ဆေး (ထုံဆေး)နဲ့ Pain-killing drugs မနာစေတဲ့ဆေး ၂ မျိုး ရောထားတာဖြစ်တယ်။ ခါးရိုးမကြီးထဲကို ထိုးပေးနေရတဲ့ ဆေးသွင်းနည်းဖြစ်တယ်။ Dura ခေါ်တဲ့ ခါးရိုးမကြီးထဲက အာရုံကြောမကြီးကို ဖုံးနေတဲ့ အလွှာတခုရဲ့အပြင်မှာ ဆေးထိုးရတယ်။ Dura က အတော်အတန် ခိုင်တဲ့အိတ်ဖြစ်တယ်။ ဆေးထိုးလိုက်တာနဲ့ ဗိုက်အောက်ပိုင်းတခုလုံး ဘာမှန်းမှမသိအောင် ထုံသွားတော့မယ်။

– Anaesthetist မေ့ဆေး – ဆရာဝန်ကနေ လုပ်ပေးရတယ်။ ဆေးသွင်းမယ့်နေရာကိုရွေးပြီး Local anaesthetic ထုံဆေး အရင် ထိုးရသေးတယ်။ ဆေးထိုးအပ်ကို နေရာမှန်မှာထိုး၊ Catheter ပိုက်ကလေးတခု သွင်းပေးပြီး အပ်ကိုဖြုတ်ရတယ်။ ပြီးတော့ ထုံဆေးကို ပိုက်ကလေးကနေ သွင်းပေးနေတယ်။ ၉၀ ရာခိုင်နှုန်း ထိရောက်တယ်။

– မွေးဖွားဖြစ်စဉ် (၃) ပိုင်းထဲမှာ ဘယ်အချိန်ဖြစ်ဖြစ် သုံးနိုင်တယ်။ တချို့က သားအိမ်ဝ ၅-၆ စင်တီမီတာပွင့်ချိန်မှာ ထိုးတယ်။ ၁၀ စင်တီမီတာအထိ ပွင့်တာကို အစွမ်းကုန်ပွင့်ခြင်းလို့ သတ်မှတ်တယ်။

– ဒီထုံးဆေးက ဘိန်းပါတဲ့ဆေးနဲ့ကွာတာက ထုံပေမဲ့ High ခေါ်တဲ့ ဘိန်းသတ္တိမျိုးမရှိဘူး။ မနာပေမဲ့ အရာအားလုံးကို သိနေမယ်။

– သွေးတိုးရှိနေသူတွေမှာလဲ သုံးနိုင်တယ်။

– သတိထားစရာတွေ ရှိတယ်။

– ကိုယ်အောက်ပိုင်းတခုလုံး ထုံနေလို့ မတ်တပ်မရပ်နိုင်ပါ။

– လုံးဝကြီးထုံမနေတာလည်း ရှိနိုင်တယ်။

– နေမကောင်းသလို၊ ခေါင်းမူးသလို၊ ယားသလို၊ ချမ်းသလို ဖြစ်နိုင်တယ်။

– အထဲက ကလေးကိုလည်း တောက်လျှောက်စစ်ဆေးနေရမယ်။

– မိခင်လောင်းကိုလည်း အသက်ရှူတာနဲ့ သွေးဖိအားစစ်နေရမယ်။

– မွေးရတဲ့အချိန် နည်းနည်းပိုကြာနိုင်တယ်။ ဆရာဝန်-ဆရာမကနေ ညှစ်ပါပြောတာနဲ့ ကိုယ့်ဘာသာသိတာနဲ့ မတူလို့ ဖြစ်တယ်။

– Synotocinon (Pitocin) drip ဆေးသွင်းတာလည်း သူများတွေထက် လိုနိုင်တယ်။

– ကလေးက ပုံမှန်ဆင်းလာသလို မဟုတ်တာလဲဖြစ်နိုင်တယ်။ ကူပေးရတတ်တယ်။ Forceps ညှပ်ဆွဲပေးတာ Ventouse (Vacuum device) လေဟာနယ်စုပ်နည်း လိုနိုင်တယ်။

– သွေးဖိအား ကျနိုင်တယ်။ Drip သွင်းပေးဖို့ လိုနိုင်တယ်။ အဲလိုဖြစ်ရင် ကလေးဆီ အောက်စီဂျင်ရောက်တာ နည်းစေမယ်။ အရေးပေါ် ပြင်ဆင်မှု လုပ်ထားရမယ်။

– ဆီးသွားချင်နေတာမသိလို့ ဆီးခြူပိုက် တပ်ထားရမယ်။ မွေးပြီးတဲ့နောက် ဆီးမသွားနိုင်သေးတာ ဖြစ်နိုင်တယ်။ ၁-၂ ရက် ပိုက်တပ်ထားရတတ်တယ်။

– ကိုယ်ပူနိုင်တယ်။ ပိုးဝင်တာနဲ့ ဆေးထိုးအပ်က အာရုံကြောထိတာလည်း အထူးသတိထားရမယ်။

– ခေါင်းကိုက်တာ ခံစားနေရတတ်တယ်။

2. Mobile epidural ဆေးလျှော့ထိုးပေးနည်း

(အက်ပီဂျူရယ်) ခါးထုံဆေးသွင်းနည်းလို လုံးဝထုံမနေလို့ အတော်အသင့် လှုပ်ရှားနိုင်တယ်။

ဗိုက်စနာကတည်းက သုံးနိုင်တယ်။ တချို့က ဗိုက်နာ နည်းစေလို့ဆိုပြီး မသုံးချင်ဘူး။ ဒါပေမဲ့ သုံးရတာလွယ်တယ်။ အတိုင်းအဆ ကိစ္စမရှိဘူး။ ကလေးကိုလည်း မထိခိုက်ဘူး။ တချို့မှာ ပျို့ချင်တယ်။ နှုတ်ခမ်းခြောက်တယ်။ ရေ-ရေခဲပေးလို့ရတယ်။

3. Gas and air ဓာတ်ငွေ့နဲ့လေ

Entonox ကို ခပ်လွယ်လွယ် လူနာတွေကိုယ်တိုင်က အဲလိုခေါ်ကြတယ်။ ဓာတုဗေဒသင်ဖူးသူတိုင်း သိတဲ့ Laughing gas ရယ်မောစေတဲ့ ဓာတ်ငွေ့ Nitrous oxide နဲ့ Oxygen အောက်စီဂျင်ကို ၅၀-၅၀ ရောသုံးတယ်။ သွား-ဆရာဝန်တွေလည်း သုံးကြတယ်။ Mouthpiece ဒါမှမဟုတ် Mask ကနေ ရှူပေးရုံပဲ။ ဗိုက်စနာကတည်းက သုံးနိုင်တယ်။ တချို့က ဗိုက်နာနည်းစေလို့ဆိုပြီး မသုံးချင်ဘူး။ ဒါပေမဲ့ သုံးရတာလွယ်တယ်။ အတိုင်းအဆ ကိစ္စမရှိဘူး။ ကလေးကိုလည်းမထိခိုက်ဘူး။ တချို့မှာ ပျို့ချင်တယ်။ နှုတ်ခမ်းခြောက်တယ်။ ရေ-ရေခဲပေးလို့ရတယ်။

4. Pethidine and Diamorphine (ပက်သဒင်း) နဲ့ (ဒိုင်-မော်ဖင်း)

ဘိန်းကနေထုတ်တဲ့ အားပြင်းတဲ့ အနာသက်သာဆေးဖြစ်တယ်။ အသားဆေးထိုးရတယ်။ ၁၀ မိနစ်နေရင် အစွမ်းပြတယ်။ High ခေါ်တဲ့ ဘိမ်းစွမ်းတော့ပြမယ်။ နေရတာ မကောင်းသလို နေနိုင်တယ်။ ခေါင်းမူးဝေဝေနေမယ်။ ကလေးဆီလည်း ဆေးရောက်တယ်။ (ပက်သဒင်း)က ရေတိုဖြစ်လို့ မွေးဖွားခြင်း အဆင့်(၁) နောက်ပိုင်းကြမှ ထိုးသင့်တယ်။ ကလေးကိုလည်း သက်ရောက်မှုနည်းစေမယ်။

5. Meptazinol (မက်ပတာဇင်နော)

Meptid လို့လည်းခေါ်တဲ့ ထိုးဆေးဖြစ်တယ်။ Pethidine နဲ့ Diamorphine လို ဆေးစွဲတာ မဖြစ်စေဘူး။ သက်ရောက်တာ မြန်တယ်။ နေရတာ မကောင်းသလိုနေနိုင်တယ်။ ခေါင်းမူးဝေဝေနေမယ်။ ကလေးကို သက်ရောက်တာနည်းတယ်။

6. Spinal block ခါးထိုးထုံဆေး

အခု သိပ်မသုံးတော့ဘူး။ ခါးကနေအောက်ပိုင်း ထုံသွားမယ်။ ဗိုက်ခွဲမွေးပေးနိုင်တယ်။ ညှပ်ဆွဲတာလဲ သုံးနိုင်တယ်။ ချက်ချင်း လမ်းမလျှောက်နိုင်သေးဘူး။ ဆီးမသွားနိုင်သေးဘူး။ နေမကောင်းသလို နေနိုင်တယ်။ ချမ်းနိုင်တယ်။ ယားနိုင်တယ်။ အချိန် အတော်ကြာ ခေါင်းကိုက်တာ ကျန်နေနိုင်တယ်။

7. Combined spinal epidural (CSE) ခါးထုံဆေး ၂ မျိုးတွဲနည်း

အရင်ဆုံး Fentanyl ထုံဆေးကို Spinal injection ထိုးမယ်။ နောက် Epidural catheter သွင်းထားမယ်။ ဆေးကိုတော့ စောစောကဆေး အစွမ်းကုန်ခါနီး ၁ နာရီ-၂ နာရီနေမှ သွင်းပေးမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top