Healthy Life Ad
Health Tips

လမစေ့ ကလေးမွေးဖွားခြင်းမဖြစ်စေမည့် ကိုယ်ဝန်ဆောင်ချိန် ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အထများ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ကိုယ်ဝန်ဆောင်တယ်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ အပျော်ရွှင်ရဆုံး အခိုက်အတန့်တစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်လှုပ်ရှားမှု ခံစားရတာနဲ့အတူ သင့်ခန္ဓာကိုယ်နဲ့ ဗိုက်ထဲက သန္ဓေသားကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဒါမှသာ လမစေ့ဘဲ ကလေးမွေးဖွားတာမျိုး မဖြစ်အောင် ရှောင်လွှဲနိုင်မှာပါ။

လမစေ့ ကလေးမွေးဖွားခြင်း ဆိုသည်မှာ

လမစေ့ကလေးမွေးဖွားတယ်ဆိုတာ ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင် အသက်ရှင်ရက်နဲ့ ကလေးမွေးဖွားတာကို ဆိုလိုကြောင်း WHO က ဆိုထားပါတယ်။ လမစေ့ ကလေးမွေးဖွားတာကို သုံးပိုင်းခွဲခြားထားရာမှာ –

(၁) ကိုယ်ဝန် ၂၈ ပတ်အောက် ကာလမှာ ကလေးမွေးဖွားတာကို အလွန်အမင်း လမစေ့ဘဲ ကလေးမွေးဖွားတယ်လို့ ခေါ်ပါတယ်။

(၂) ကိုယ်ဝန် ၂၈ ပတ်နဲ့ ၃၂ ပတ်ကြား ကလေးမွေးဖွားတာကို အသင့်အတင့်လမစေ့ဘဲ ကလေးမွေးဖွားတယ်လို့ ခေါ်ပါတယ်။

(၃) ကိုယ်ဝန် ၃၂ ပတ်မှ ၃၇ ပတ်အတွင်း ကလေးမွေးဖွားတာကို အနည်းငယ် လမစေ့ဘဲ ကလေးမွေးဖွားတာလို့ ခေါ်ပါတယ်။

တစ်ခါတစ်ရံ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေတောင် လမစေ့ဘဲ ကလေးမွေးဖွားနိုင်ပါတယ်။ ဒါက ဘယ်သူမှကြိုပြီး သိနိုင်တာ မဟုတ်ပါဘူး။

လမစေ့ ကလေးမွေးဖွားခြင်း မဖြစ်စေရန်

အောက်ပါနည်းလမ်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ လမစေ့ဘဲ ကလေးမွေးဖွားတာမျိုး မဖြစ်စေဖို့ လမ်းညွှန်ထားတဲ့ အချက်တွေ ဖြစ်ကြပါတယ်။

ကျန်းမာရေးနှင့်အညီ စားသောက်ပါ

ကိုယ်ဝန်ဆောင်ချိန်ဟာ သင်နဲ့ သင့်ကလေးအတွက် မျှတညီညွတ်တဲ့ အစားအသောက်ကို စားသောက်ရမယ့် အချိန်ပဲဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် အီး၊ အိုမီဂါ ၃ ဖက်တီးအက်စစ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ သွပ်ဓာတ်နဲ့ ဖောလစ်အက်စစ်တို့လို လိုအပ်တဲ့ အာဟာရဓာတ်တွေကို အချိုးအစားညီညီ ရရှိဖို့ လိုအပ်ပါတယ်။ ဒီလို မှီဝဲစားသောက်တာကြောင့် လမစေ့ကလေး မွေးဖွားမှုမဖြစ်အောင် ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုပုံစံ ကျင့်သုံးပါ

သင်က ဆေးလိပ်၊ အရက်နဲ့ တခြားမူးယစ်ဆေးဝါးတွေကို မှီဝဲတယ်ဆိုရင် ဖြတ်ကိုဖြတ်ရပါမယ်။

လုံလောက်သောအရည် သောက်သုံးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ပြည့်ဝဖို့ အရေးကြီးပါတယ်။ ရေဓာတ်ခမ်းခြောက်ရင် အချိန်မတိုင်ခင် သားအိမ်ညှစ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်နေ့တိုင်း ရေ ဒါမှမဟုတ် အရည်အနည်းဆုံး ရှစ်ဖန်ခွက် သောက်သင့်ပါတယ်။

စိတ်ဖိစီးမှု ရှောင်ပါ

စိတ်ဖိစီးမှုဟာ လမစေ့ကလေးမွေးဖွားတာနဲ့ တိုက်ရိုက်ဆက်စပ်မှု မရှိပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုမရှိဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ချိ်န်မှာ စိတ်အပန်းပြေအောင် များများအနားယူပါ။

ကိုယ်အလေးချိန်ကို တိုင်းတာပါ

ကိုယ်ဝန်ဆောင်ချိန်အတွင်း ကိုယ်အလေးချိန် များလွန်းတာ၊ နည်းလွန်းတာကြောင့် လမစေ့ ကလေးမွေးဖွားနိုင်ခြေ များစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ကိုယ်အလေးချိန်များလွန်းတာက ဆီးချိုရောဂါနဲ့ ကိုယ်ဝန်ဆိပ်တပ်တာတို့ကို ဖြစ်စေနိုင်ခြေများပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ကိုယ်အလေးချိန် နည်းလွန်းရင်လည်း မွေးလာတဲ့ကလေး သေးနိုင်ခြေများပါတယ်။

ကိုယ်ဝန်ဆောင်အားဆေး မှီဝဲပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ကြီးထွားလာတဲ့ သန္ဓေသားကျန်းမာရေးအတွက် အရေးပါတဲ့ အားဆေးတွေကို နေ့စဉ်မှန်မှန် သောက်သုံးပေးရပါမယ်။

ဆီးမအောင့်ပါနှင့်

ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆီးမအောင့်ထားသင့်ပါဘူး။း ဆီးအောင့်ထားတာကြောင့် ဆီးအိတ်ရောင်ရမ်းစေပြီး သားအိမ်ကျုံ့ဆန့်မှုကို တိုးစေနိုင်ပါတယ်။ ဒါ့အပြင် ဆီးအောင့်ထားတာက ဆီးလမ်းကြောင်း ပိုးဝင်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top