Healthy Life Ad
Health Tips

ခရီးသွားစဉ် ဝမ်းချုပ်ခြင်း သက်သာစေမည့် နည်းလမ်းကောင်းများ

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

ခရီးသွားတဲ့အချိန်မှာ အစာစားချိန် အပြောင်းအလဲ၊ အိမ်သာသွားရအဆင်မပြေတာ စတဲ့အခက်အခဲတွေကြောင့် ဝမ်းချုပ်လေ့ရှိကြပါတယ်။

– ခရီးသွားနေစဉ် လူ ၄၀ ရာခိုင်နှုန်းနီးပါး ဝမ်းချုပ်ကြ

ခရီးသွားချိန် အလေ့အထ အပြောင်းအလဲတွေကြောင့် လူအများစု ဝမ်းချုပ်တတ်တယ်လို့ အစာအိမ်အူလမ်းကြောင်းအထူးကု ဆရာဝန်က ဆိုပါတယ်။ ခရီးသွားစဉ် အစာစားချိန် အပြောင်းအလဲ၊ အိပ်ချိန်မတူတာနဲ့ ပင်ပန်းနွမ်းနယ်တာတို့ကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝနရီဟန်ချက်ထိခိုက်ပြီး အစာခြေစနစ်ကို သက်ရောက်မှုရှိစေပါတယ်။ ခရီးသွားတဲ့ ကာလနဲ့ ဝေဒနာပြင်းထန်မှုပေါ်မူတည်ပြီး ဝမ်းချုပ်တဲ့ပြဿနာက စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းသလို အလွန်အမင်းမသက်မသာ ခံစားရစေပါတယ်။

– အိပ်ရာနိုးချိန် လမ်းလျှောက်ပါ

လေ့ကျင့်ခန်းလုပ်တာကြောင့် အစာအိမ်အူလမ်းကြောင်းရဲ့ဖြစ်စဉ်ကို တိုးစေပါတယ်။ ဆေးရုံမှာ အိပ်ရာထဲ နားနေတဲ့သူတွေက ခါတိုင်းထက် လှုပ်ရှားမှုနည်းလွန်းတာကြောင့် ဝမ်းချုပ်စေနိုင်ပါတယ်။ ဒါကြောင့် အနည်းဆုံး နံနက်ခင်းမှာ လမ်းလျှောက်ပေးပါ။ အထူးသဖြင့် ကမ်းခြေ ဒါမှမဟုတ် ပန်းခြံထဲမှာ လမ်းလျှောက်ပေးပါ။

– နံနက်စာတွင် ဘယ်ရီသီး ထည့်စားပါ

အမျှင်ဓာတ်က ဝမ်း(မစင်)ပမာဏကို များစေတဲ့အတွက် အစာအိမ်အူလမ်းကြောင်းတစ်လျှောက် မစင်ရွေ့လျားမှုကို မြန်စေပြီး ဝမ်းချုပ်တာကို တွန်းလှန်ပေးနိုင်ပါတယ်။ ဒါကြောင့် ခရီးထွက်ချိန် ဝမ်းချုပ်နေရင် နံနက်စာထဲမှာ အမျှင်ဓာတ်ပါတဲ့ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးစတဲ့ အစာ၊ နေ့လယ်စာအနေနဲ့ ဟင်းရွက်သုပ်စတာတွေကို ထည့်စားပေးသင့်ပါတယ်။ အမျှင်ဓာတ်ရရှိမှု အလုံအလောက်ဖြစ်စေဖို့ အစာစားတိုင်းအပင်ထွက် အစားအသောက် မပါမဖြစ်ထည့်စားပါ၊ သရေစာအနေနဲ့ လတ်ဆတ်တဲ့ သစ်သီးနှစ်မျိုး ထည့်စားပါ။

– ကားထဲမှာ အချိန်ကြာကြာ ထိုင်မနေပါနှင့်

လှုပ်ရှားမှုမရှိဘဲ ရေရှည်နေထိုင်တာကြောင့် အူတွေပေါ်မှာ ဖိအားသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကားထဲမှာ အချိန်ကြာကြာထိုင်တဲ့အခါ ခြေထောက်တွေကို ဆွဲဆန့်လုပ်ပေးတာ၊ ရေသောက်တာနဲ့ ဖြစ်နိုင်ရင် ကားရပ်ပြီး အိမ်သာသွားတာတို့ကို လုပ်ဆောင်ပေးသင့်ပါတယ်။

– အကျင့်လုပ်ပါ

နေ့စဉ်နံနက်ခုနှစ်နာရီခွဲမှာ နံနက်စာ စားလေ့ရှိပေမယ့် ခရီးထွက်ချိန်မှာ နံနက် ၁၀ နာရီခွဲတဲ့အထိ မစားဖြစ်ဘူးဆိုရင် ဝမ်းချုပ်စေနိုင်ပါတယ်။ အစာစားပြီးချိန်မှာ အစာအိမ်ကချဲ့လာပြီး ဝမ်း(မစင်)တွေ ထွက်ရှိဖို့ အူမကြီးဆီကို အချက်ပြသင်္ကေတပို့ပေးလေ့ရှိပါတယ်။ ဒါကြောင့် သိသာတဲ့ အစာစားချိန် အပြောင်းအလဲဟာ အူလှုပ်ရှားမှုကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။ အိပ်ရာဝင်ချိန်နဲ့ ထချိန်ကို ခါတိုင်းအိမ်မှာလိုဖြစ်အောင်ကျင့်လိုက်ရင် ဇီဝနရီကိုထိန်းနိုင်ပြီး အစာခြေရာမှာ အရေးပါတဲ့ ဟော်မုန်းတွေကို ဟန်ချက်ညီမျှစေပါတယ်။

– ရေသောက်ပါ

ရေဓာတ်ခမ်းခြောက်တာက ဝမ်းချုပ်စေတဲ့ အချက်ဖြစ်လို့ ခါတိုင်းထက်ပိုပြီး ရေကိုများများသောက်ပါ။ အထူးသဖြင့် ခရီးသွားချိန်နဲ့အိမ်မှာ ထက်ပိုပူတဲ့နေရာကို သွားချိန်တွေမှာ ခါတိုင်းထက်ပိုပြီး ရေသောက်ဖို့လိုပါတယ်။ ရေကအူလှုပ်ရှားမှုကို ပုံမှန်ဖြစ်စေပြီး ဝမ်းမှန်မှန်သွားနိုင်ဖို့ အမျှင်ဓာတ်တွေကို ကူညီပေးပါတယ်။

– အိမ်သာသွားချိန်ပေးပါ

ခရီးသွားချိန်မှာ အိမ်သာရှေ့တန်းစီရတာနဲ့ မရင်းနှီးတဲ့ အိမ်သာကို မသွားချင်တာတို့ကြောင့် ဝမ်းသွားချင်စိတ်ကို အောင့်ထားတာက ဝမ်းချုပ်စေတဲ့ အဓိက အကြောင်းရင်းပါ။ အိမ်သာသွားဖို့ လိုအပ်တဲ့အခါ သင့်အတွက် သက်သောင့်သက်သာရှိတဲ့ အိမ်သာကို သွားနိုင်ဖို့ စီစဉ်ထားရင် ပိုကောင်းပါတယ်။

– သဘာဝ ဝမ်းပျော့ဆေးကိုဆောင်ပါ

ခရီးသွားတဲ့အခါ ဝမ်းချုပ်တတ်တယ်လို့ သိထားရင်ခရီးမထွက်ခင်ကတည်းက ဝမ်းပျော့ဆေးကိုသောက်ထားပါ။ ဒါ့အပြင် ခရီးသွားစဉ် ဝမ်းပျော့ဆေးဆောင်ထားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top