Healthy Life Ad
Child

ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေး (၃)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေးတွေ လုပ်ဖို့လိုပါတယ်။ အိပ်မပျော်တာ ဖြစ်တတ်တယ်။ အိပ်မပျော်ဘူးဆိုပြီး အိပ်ဆေးတွေ သွားမသောက်ရပါဘူး။ အိပ်ဆေးက စွဲတတ်ပါတယ်။ ကလေးကို ထိခိုက်တတ်ပါတယ်။ အိပ်ခါနီးရင် သိပ်မတွေးနဲ့၊ ဟိုစဉ်းစား . .ဒီစဉ်းစား မလုပ်သင့်ပါဘူး။ အဲဒီလို စဉ်းစားတွေးတောတာများရင် အိပ်မပျော်တတ်ပါဘူး။ ညဘက် ရေသောက်တာများရင် ဆီးထသွားရလွန်းလို့ အိပ်မပျော်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေကို မနက်နဲ့နေ့လယ်မှာပဲ များများသောက်ပြီး ညဘက်မှာ ရေလျှော့သောက်သင့်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်ကိုလည်း ဆင်ခြင်သင့်ပါတယ်။ ညဘက်မှာလည်းအိပ်၊ နေ့ခင်းဘက်မှာလည်း တစ်ရေးအိပ်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အလကားနေရင်း မောပန်းတတ်တယ်၊ အလကားနေရင်း ဖောရောင်တတ်ပါတယ်။ ဖောရောင်ရင် မပေါ့ရပါဘူး။ ဘာလို့လဲဆိုတော့ ဖောရောင်တာက ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာဖြစ်တတ်လို့ သတိထားသင့်ပါတယ်။ ဒါကြောင့် ဖောရောင်ရင် ဆေးစစ်ကြည့်ရမယ်။ ကိုယ်ဝန်ဆိပ်တက်ရင် ဆေးကုရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အလကားနေရင်း မောနေတတ်လို့ များများအနားယူဖို့ လိုပါတယ်။ သွေးအားနည်းတတ်ပါတယ်။ အာဟာရပြည့်ပြည့်ဝ၀ စားပေးဖို့လိုပါတယ်။

အကြာကြီးထိုင်တာ၊ အကြာကြီးရပ်တာတွေ မလုပ်ရပါဘူး။ မတ်တပ်အကြာကြီးရပ်ရင် ခြေထောက်ကို ပြောင်းပြောင်းထောက်ရပါမယ်။ အောက်မှာ ပစ္စည်းတစ်ခုခုကျသွားရင် ကုန်းမကောက်ရပါဘူး။ အဲဒီလို ကုန်းကောက်လိုက်ရင် ခါးနာတတ်ပါတယ်။ ဒါကြောင့် ပစ္စည်းတစ်ခုခုကောက်မယ်ဆိုရင် ခါးမတ်မတ်ထားပြီး ထိုင်ချလိုက်ရပါမယ်။ ပြီးရင် . . .

ကိုယ်ဝန်ဆောင်ချိန် ခါးနာတတ်

ကိုယ်ဝန်ဆောင်မိခင်က ခါးနာတတ်ပါတယ်။ တစ်ကြိမ်ခါးနာသွားရင် ခဏခဏ ပြန်နာတတ်ပါတယ်။ အနေအထိုင်၊ အသွားအလာ၊ လှုပ်ရှားမှုမှန်သမျှ ပုံစံမှားသွားရင် ခါးနာတတ်ပါတယ်။ အကြာကြီးထိုင်တာ၊ အကြာကြီးရပ်တာတွေ မလုပ်ရပါဘူး။ မတ်တပ်အကြာကြီးရပ်ရင် ခြေထောက်ကို ပြောင်းပြောင်းထောက်ရပါမယ်။ အောက်မှာ ပစ္စည်းတစ်ခုခုကျသွားရင် ကုန်းမကောက်ရပါဘူး။ အဲဒီလို ကုန်းကောက်လိုက်ရင် ခါးနာတတ်ပါတယ်။ ဒါကြောင့် ပစ္စည်းတစ်ခုခုကောက်မယ်ဆိုရင် ခါးမတ်မတ်ထားပြီး ထိုင်ချလိုက်ရပါမယ်။ ပြီးရင် တည့်တည့်လေးအတိုင်း ပစ္စည်းကောက်ပြီး ပြန်ထရပါမယ်။ ကုန်းတာ၊ ကွတာ၊ ခါးကော့တာတွေ မလုပ်ရပါဘူး။

ဒေါက်ဖိနပ်စီးသင့်သလား

မိန်းကလေးတွေက ဒေါက်မြင့်ဖိနပ် သိပ်ကြိုက်ကြပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ဘဝ ရောက်သွားရင်တော့ ဒေါက်မြင့်ဖိနပ် မစီးသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခါးကကော့နေတတ်ပါတယ်။ အဲဒီအချိန်မှာ ဒေါက်ဖိနပ်စီးလိုက်ရင် ခါးက မခံနိုင်တော့ပါဘူး။ ခါးပိုနာတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ခြေညှပ်ဖိနပ်ပဲ စီးသင့်ပါတယ်။ ထိုင်တဲ့အခါ၊ မတ်တပ်ရပ်တဲ့အခါ မတ်မတ်လေးပဲ နေသင့်ပါတယ်။ အနားယူတဲ့အခါ ဘေးစောင်းပြီး တစ်ကိုယ်လုံးကွေးပြီး ဖြေလျှော့တဲ့နည်းနဲ့ အနားယူသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားလုပ်သင့်သလား

ကိုယ်ဝန်ဆောင်မိခင်တိုင်း ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ခန်းလုပ်ဖို့ လိုပါတယ်။ တစ်ခုပဲ သတိထားရမှာက လေ့ကျင့်ခန်းလုပ်တဲ့အခါ ဉာဏ်နဲ့ယှဉ်ရပါမယ်။ သိပ်ကို ပြင်းထန်တဲ့လေ့ကျင့်ခန်း၊ ဒဏ်ရာရနိုင်တဲ့ လေ့ကျင့်ခန်းကို မလုပ်သင့်ပါဘူး။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းထဲမှာ အရိုးရှင်းဆုံးနဲ့ အကောင်းဆုံးလေ့ကျင့်ခန်းက လမ်းလျှောက်တာပဲ ဖြစ်ပါတယ်။ ငွေကုန်ကြေးကျနည်းတဲ့ လမ်းလျှောက်တာကို လုပ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် တစ်သားမွေးပြီး တစ်သွေးလှဖို့ လေ့ကျင့်ခန်းတွေက အရေးပါပါတယ်။ ကလေးမွေးရာမှာသုံးတဲ့ ကြွက်သားတွေ အားရှိအောင်၊ ကလေးမွေးပြီးချိန် ဗိုက်ပူပူကြီး မကျန်ခဲ့အောင် လေ့ကျင့်ခန်းတစ်မျိုးကို လုပ်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top