Healthy Life Ad
Life Style

အဆုတ်ကင်ဆာနှင့် သင်္ဘောရွက် Lung cancer and papaya

ဒေါက်တာတင့်ဆွေ

မေး ။ ကျွန်မအဖေမှာ ကင်ဆာရောဂါရှိနေတာ (၃)နှစ် ကြာပါပြီ။ ပထမဆုံးဆေးစစ်ရင်း အဆုတ်မှာအနာဖြစ်တာတွေ့တော့ စင်္ကာပူမှာသွားခွဲပါတယ်။ အဆုတ်ရဲ့ ၃ ပုံ ၁ ပုံကို ခွဲထုတ်ပြီး အကုန်ကောင်းသွားပါတယ်။ ဒါပေမဲ့ ၃ လ တစ်ခါဆေးသွားစစ်ရင်း ၉ လ ကြာမှာ ကီမို(၆)လုံး ၁၂ကြိမ် စင်္ကာပူမှာ ထိုးရပါတယ်။ ၆ လကျော်ကျော်ကြာသွားပါတယ်။ သွေးစစ်ခါနီး သင်္ဘောရွက်ရည် သောက်ပါတယ်။

ပြန်လာပြီး ၈ လလောက်ကြာတဲ့အခါမှာ ချုပ်ရိုးမှာ အကျိတ်ထွက်လို့ (—) မှာ ပြန်ခွဲပါတယ်။ ခွဲပြီး ၆ လကြာတဲ့အခါ ချိုင်းမှာ အကျိတ်ထွက်လာပါတယ်။ ဒါပေမဲ့ အဖေက ထပ်မခွဲတော့ဘူးဆိုပြီး အခု ၁ နှစ် ကြာတော့ အလုံးက ဂေါက်သီးလုံးလောက် ကြီးလာပါတယ်။ ဆရာဝန်နဲ့ပြတဲ့အခါ ခွဲရမယ်၊၂ လ ကြာရင် ခွဲမရတော့ဘူးပြောပါတယ်။ အဖေက မခွဲချင်ဘူးဖြစ်နေတယ်။ အသိဆရာဝန်တွေနဲ့တိုင်ပင်တော့ ဘယ်သူမှ မခွဲခိုင်းတော့ မတိုက်တွန်းရဲဘူး။ အဖေက ဘာမှမလုပ်ချင်ဘူးပြောတယ်။ ဘယ်လိုလုပ်ရမလဲ။ ဓာတ်ကင်ရင် မြန်မာပြည်မှာ တန်းစီရတယ်ဆိုတော့ စင်္ကာပူသွားဓာတ်ကင်ချင်တယ်။ ဒါပေမယ့် သူတို့ဆီမှာ ဘာမှ မကုရသေးဘူး ဆေးစစ်တာနဲ့တင် သိန်း ၆၀ လောက် ကုန်သွားတယ်။ သိချင်တာက ဘာမှမစစ်နဲ့ ဓာတ်ကင်ပေးပါဆိုရင်လုပ်ပေးပါ့မလား။ ဘယ်လိုလုပ်ရင် ကောင်းမလဲ။ အဖေ့အသက်က ၆၇ နှစ်ပါ။ အခု အဖေကကြည့်လိုက်ရင် လူကောင်းအတိုင်းပဲ၊ နည်းနည်းမောတယ်၊ ကျပ်တယ်၊ အစားမပျက်သေးပေမယ့် ပိန်သွားတယ်။ တရားကို တနေ့ ၂ ကြိမ် ထိုင်ပါတယ်။

ကင်ဆာဖြစ်နေတာအတွက် (ဆောရီး)ပါ။ လူမှုရေး အားပေးစကားမဟုတ်လို့ ဆရာဝန့်အပြောဟာ အားမနာတတ်သူက စကားပြောတာလိုတော့ ဖြစ်နေမယ်။ နောက်ထပ် (ဆောရီး)ပေါ့ဗျာ။

အမေရိကားမှာတော့ ယောကျာ်း-မိန်းမ ကင်ဆာကြောင့် သေဆုံးရတဲ့ စာရင်းမှာ ထိပ်ကရှိတယ်။ သူတို့ဆီမှာ ၅ နှစ်အထိ အသက်ရှင်နှုန်း ၁၆% ရှိတယ်။ ယှဉ်ကြည့်ရင် ရင်သား-ကင်ဆာ = ၈၉%၊ အူမကြီး-ကင်ဆာ = ၆၅%၊ ဆီးကျိတ်-ကင်ဆာ = ၉၉% ရှိကြတယ်။ ဆေးလိပ်နဲ့ သိသိသာသာ ဆက်စပ်မှုရှိတယ်။
ဘယ်လောက်အထိ ကောင်းနေမလဲဆိုတာ ကင်ဆာအမျိုးအစား၊ ဘယ်နေရာမှာ စဖြစ်တယ်။ ဘယ်အထိ ပြန့်နေတယ်၊ ဘာတွေခံစားနေရတယ်။ လူနာ ရဲ့ကိုယ်ခံကျန်းမာရေးဆိုတဲ့ အချက်တွေအပေါ် မူတည်တယ်။

Small cell lung cancers (SCLC) နဲ့ Non-small cell lung cancers (NSCLC) ဆိုပြီး ၂မျိုးရှိတယ်။ SCLC က ပိုဆိုးတယ်။ ရောဂါနာမည်တပ်ပြီး ဆေးမကုရင် ၃-၄ လအထိသာခံတယ်။ ဓာတ်ကင်တာနဲ့ ဆေးပေးတာကို သက်ရောက်မှု ကောင်းတယ်။ ပြန့်တာမြန်လို့ ဆရာဝန်ဆီရောက်ချိန်မှာ တခြားနေရာတွေထိရောက်နေတာမို့ ခွဲစိတ်လည်း မထူးတာများတယ်။ ၅ နှစ်မက နေရသူ ၅-၁၀ ရာခိုင်နှုန်းရှိတယ်။
NSCLC ကပိုသက်သာတယ်။ ဒါပေမဲ့ ဆေးကုသတာကို တုံ့ပြန်မှုတော့ သိပ်မကောင်းဘူး။ သေးသေးလေးဆိုရင် ခွဲစိတ်ထုတ်ပြစ်မယ်။ ၅နှစ်မက ရှင်သူ ၇၅ ရာခိုင်နှုန်းရှိတယ်။ ဓာတ်ကင်လို့ ကောင်းသွားသူ အနည်းအပါးရှိတယ်။ ခံစားနေရတာရှိရင်လည်း သက်သာစေမယ်။ အသက်လည်းကြီးလို့ ဆေးပဲပေးရသူတွေအတွက် အသင့်အတင့်သာ တိုးတက်စေနိုင်တယ်။

သင်္ဘောရွက်ကို ဆေးအဖြစ် အသုံးချခြင်း

၁။ Acne ဝက်ခြံပျောက်ချင်ရင် သင်္ဘောရွက်ကို နေမှာအခြောက်လှန်းပြီးချေပေးပါ၊ ရေနဲ့ရောပြီး မျက်နှာမှာ လိမ်းပေးပါ။

၂။ Digestion အစာချေအားပေးတယ်။ သင်္ဘောရွက်မှာပါတဲ့ Karpain ဓာတ်ဟာ အစာချေရာမှာ အနှောက်အယှက်ပြုတဲ့ ပိုးမွှားတွေကို သေစေတယ်။ သင်္ဘောရွက်ထဲမှာပါတဲ့ Papain နဲ့ Chymopapain ဓာတ်တွေက Pepsin(အင်ဇိုင်းမ်)နဲ့တူလို့ အစာခြေ အားပေးတယ်။ အစာခြေကောင်းစေချင်လို့ သင်္ဘောရွက်-ရေနွေးကြမ်းလုပ်ရင် အပူချိန် ၁၅၀ ဒီဂရီဖာရင်ဟိုက်သာရှိစေသင့်တယ်။ ရေဆူမှတ်ဆိုတာ ၂၁၂ ဒီဂရီဖြစ်တယ်။

၃။ Appetite အစာစားချင်စိတ်ပိုစေမယ်၊ အထူးသဖြင့် ကလေးတွေ၊ သင်္ဘောရွက်အစိမ်းကို ရေနွေးထဲမှာ ဆားနည်းနည်းထည့်ပြီး သောက်စေပါ။

၄။ Dengue fever သွေးလွန်တုပ်ကွေး သက်သာစေမယ်၊ သင်္ဘောရွက် ၅ရွက်ကို ရေလီတာဝက်နဲ့ ပြုတ်သောက်ပါ။

၅။ Menstrual pain ရာသီလာချိန် နာတာ-ကိုက်တာ သက်သာစေမယ်၊ သင်္ဘောရွက် + မန်ကျီးရွက်+ ဆား + ရေ ရောပြီး ပြုတ်သောက်ပါ။

၆။

Cancer ကင်ဆာအတွက် သင်္ဘောပင်ကထွက်တဲ့အစေးဟာဆေးတန်ခိုးရှိတယ်။ ရင်သား၊ အဆုတ်၊ သရွက်ရွက်၊ သားအိမ်ဝ၊ အသည်းကင်ဆာတွေအတွက် သုံးနိုင်ကြတယ်လို့ ဖလော်ရီဒါတက္ကသိုလ်က သုတေသန လုပ်သူတွေကဆိုပါတယ်။ ကင်ဆာအတွက်သုံးသူတွေက သင်္ဘောရွက်ခြောက်ကို ပြုတ်ပြီး ရေနွေးကြမ်းလုပ်သောက်ရတယ်။

ကင်ဆာအတွက် Dried papaya leaf extract အရွက်ခြောက်က Papaya leaf tea အရည်ထက် ပိုစွမ်းတယ်လို့ ဆိုသူတွေကဆိုတယ်။

၇။ Mentally alert စိတ်ပိုင်းမှာ ပိုပြီးလန်းဆန်းနေတယ်။ ဘာအစာမှ စားမထားချိန်သုံးရင် Euphoric စိတ်ထဲမှာ ပိုပျော်နေမယ်။
သွေးကျဲဆေးတွေဖြစ်တဲ့ Coumadin, Aspirin တွေသောက်နေရသူတွေနဲ့ သင်္ဘောရွက်မသင့်ဘူး။ ကိုယ်ဝန်ရချင်သူတွေနဲ့လည်း သင်္ဘောရွက်မသင့်ဘူး။
ဆေးကုဌာနတွေ အခြေအနေကို ဝေဖန်တာသာ တတ်နိုင်ပါတယ်။ လူနာအတွက် အားမဖြစ်လို့ မပြောချင်လှပါ။ အခမဲ့ကုသနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မဟုတ်လို့ ငွေရေးကြေးရေးက ထိပ်ကနေတဲ့ ခေတ်ကြီးမှာ ဆေးရုံပိုင်သူတွေရော လူနာတွေပါ အတူတူလူဖြစ်နေကြရတယ်။

ဒီအဆင့်မှာ ချင့်ချိန်စရာတွေ ပိုလာတယ်။ ဆရာဝန်တွေက ဆေးပညာတခုထဲ ကြည့်မယ်။ လူနာရှင်တွေက မိဘ-ဆွေမျိုး သံယောဇဉ်နဲ့ ဝတ္တရားတွေကို ကြည့်ကြရတယ်။ လူနာကိုယ်တိုင်က သူခံစားနေရတာတွေသိမယ်၊ သူ့သား-သမီး-ဆွေမျိုးတွေရဲ့ ဝတ္တရားတွေကိုလည်း တွက်ဆမယ်။ သူ့တရားကိုလည်း အားကိုးပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top