Healthy Life Ad
Health Tips

အစာအိမ်အူလမ်းကြောင်း ကျန်းမာစေရန် နေ့စဉ်လိုက်နာသင့်သည့် နည်းလမ်းကောင်းများ

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

လူတချို့အတွက် အစာခြေလမ်းကြောင်း မအီမသာဖြစ်ရတာက တစ်ခါတလေလောက်ပဲ ဖြစ်တတ်ပေမယ့် တချို့လူတွေမှာ မကြာခဏဆိုသလို လေထတာ၊ လေပွတာ၊ ဗိုက်နာဗိုက်အောင့်တာ စတာတွေ ဖြစ်နေတတ်ပါတယ်။ အစာခြေစနစ်ကျန်းမာပြီး လေပွ၊ လေထတာနဲ့ ဗိုက်နာဗိုက်အောင့်တာ ကင်းဝေးစေဖို့အတွက် လိုက်နာသင့်တဲ့နည်းလမ်းတွေ ရှိပါတယ်။

– ရေသောက်ပါ

ရေဓာတ်ဟာ အစာခြေစနစ်အပါအဝင် အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ် အလုံအလောက်မစားတာလိုပဲ ရေသောက်နည်းတာကလည်း အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာကို သိသိသာသာ လျော့ကျစေပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ရေနဲ့ တခြားဖျော်ရည်တွေကို များများသောက်တာကြောင့် အစာခြေစနစ် ကျန်းမာပြီး ဝမ်းမှန်မှန်သွားစေပါတယ်။

ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်တာကြောင့် အစာကြေညက်စေပြီး ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အားလုံးဆီကို သွေးစီးဆင်းရောက်ရှိမှု တိုးစေပါတယ်။ ဒါ့အပြင် အစာအိမ်အူလမ်းကြောင်းရှိ ကြွက်သားတွေကို လှုံ့ဆော်ပေးပြီး ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကို ထိထိရောက်ရောက် အလုပ်လုပ်ဖြစ်စေပါတယ်။ နေ့စဉ် မိနစ် ၃၀ ခန့် လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ လှေကားတက်တာ စတာတွေကို လုပ်ဆောင်တာကြောင့် အူနံရံတွေကိုတောင် တင်းရင်းကျန်းမာစေပါတယ်။

– အဆီကို ကန့်သတ်ထိန်းချုပ်ပါ

အဆီများတဲ့အစာနဲ့ ဆီကြော်စာတွေက အစာကြေညက်ဖို့ ခက်ခဲပြီး အစာအိမ်အူလမ်းကြောင်း စနစ်လုပ်ဆောင်မှုဖြစ်စဉ်ကို နှေးစေပါတယ်။ ဒါကြောင့် အဆီနည်းတဲ့ အသား၊ အဆီလျှော့ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း၊ ပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီနဲ့ ချက်ပြုတ်ထားတဲ့အစာ စတာတွေကို ရွေးချယ်စားသင့်ပါတယ်။

– အမျှင်ဓာတ် များများစားပါ

နေ့စဉ် အမျှင်ဓာတ်များများ စားပါ။ အမျှင်ဓာတ်ဟာ အူလမ်းကြောင်းလှုပ်ရှားမှုကို ချောမွေ့စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ အမျှင်ဓာတ် အလုံအလောက်မစားရင် ဝမ်းချုပ်တာ၊ လေထတာနဲ့ လေပွတာတို့ ဖြစ်စေနိုင်ပါတယ်။

– ကိုယ်အလေးချိန်ကို ကျန်းမာရေးနှင့် အညီထိန်းပါ

ကိုယ်အလေးချိန် အနည်းငယ်မြင့်တက်လာရင်တောင် ရင်ပူတဲ့ဝေဒနာ ခံစားရတတ်တယ်လို့ လေ့လာမှုအရသိရပါတယ်။ ကိုယ်အလေးချိန်များသူတွေအတွက် ကိုယ်အလေးချိန်အနည်းငယ် လျော့ကျရင်တောင် ဝမ်းဗိုက်ပေါ် ဖိအားသက်ရောက်မှု လျော့နည်းပြီး ရင်ပူတာနဲ့ တခြားမသက်မသာဝေဒနာတွေ လျော့ကျတတ်ပါတယ်။

– အစာကို ဖြည်းဖြည်းချင်း ကြေညက်စွာဝါးစားပါ

အစာကို အလောတကြီး ခပ်မြန်မြန်စားတာကြောင့် အစာခြေလမ်းကြောင်းစနစ် ထိခိုက်ကာ လေပွတာ၊ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တာနဲ့ ဝမ်းချုပ်တာတို့ ဖြစ်တတ်ပါတယ်။ အစာတစ်လုတ်စားတိုင်း အနည်းဆုံး အကြိမ် ၂၀ ခန့် ကြိတ်ဝါးပြီးမှ မျိုချလိုက်ပါ။ ဒီနည်းက အစာတွေကို လိုအပ်တာထက် ပိုမစားဖြစ်တဲ့အပြင် အစာခြေစနစ်ကိုပါ ကျန်းမာနေစေပါတယ်။

– အကျိူးပြုဘက်တီးရီးယား မှီဝဲပါ

အကျိုးပြုဘက်တီးရီးယားတွေက လူတွေရဲ့ အူလမ်းကြောင်းမှာ သဘာဝအတိုင်းတွေ့ရတဲ့ အကျိုးပြုအရာတွေနဲ့ ဆင်တူပါတယ်။ ဒါကြောင့် အကျိုးပြုဘက်တီးရီးယားတွေရှိရင် အစာအိမ်အူလမ်းကြောင်းစနစ်ကို ကျန်းမာစေပြီး အူလှုပ်ရှားမှုကို ပုံမှန်ဖြစ်စေပါတယ်။

– လေပွစေသော အစာများကို သတိထားပါ

အစာကို အလွန်အမင်းစားတာကြောင့် လေပွတတ်ပါတယ်။ ဒါကြောင့် ဆိုဒီယမ် (ဆား)၊ ကစီဓာတ်၊ အချိုဓာတ်စားသုံးမှုကို ကန့်သတ်ထိန်းချုပ်ပါ။ လေပွတာကြာနေရင် အခြေခံ ကျန်းမာရေးပြဿနာ ရှိနိုင်တဲ့အတွက် ဆရာဝန်နဲ့တွေ့ဆုံ ပြသဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top