Healthy Life Ad
Q & A

သွေးကျဆေး ဆက်သောက်သင့်၊ မသင့် . . .

မေး. ညာဘက်ကျောက်ကပ်မှာ ကျောက်တည်လို့ လေးကြိမ်ခွဲစိတ်ကုသမှုခံယူခဲ့ပါတယ်။ ဒုတိအကြိမ် ၂၀ဝ၃ခုနှစ်က ခွဲစိတ်ကုသမှုခံယူပြီး ၅ လခန့်အကြာ သွေးကျဆေး MLONG 5 ပုံမှန်မသောက်မိလို့ ဦးနှောက်သွေးကြောပေါက်ပြီး ခန္ဓာကိုယ် ဘယ်ဘက်ခြမ်း လေဖြတ်ခဲ့ပါတယ်။ ၂၀၁၀ခုနှစ်မှာ ညာဘက် ကျောက်ကပ်ကျောက်ပြန်တည်လို့ တတိယအကြိမ် ၂၀၁၅ ခုနှစ်မှာ စတုတ္ထအကြိမ် ခွဲစိတ်ကုသမှုခံယူရပါတယ်။ နောက်ဆုံးအကြိမ်မှာ ကျောက်ကပ်ထုတ်လိုက်ရပါတယ်။ အခုသွေးပေါင်ကျဆေး CALCHEK 5 နေ့စဉ်မနက် ၁လုံးသောက်ပါတယ်။ AZTOR 10 ညစဉ်၁လုံးသောက်ပါတယ်။ သွေပေါင်ကျဆေးကို ဘယ်အချိန်သောက်သင့်ကြောင်း ညွှန်ကြားပေးပါ။ ထပ်ပြီးလေဖြတ်မှာစိုးရိမ်လို့ပါ။ AZTOR 10 ကို ၂၀၁၀ခုနှစ်ကတည်းကသောက်နေတာ ဆက်သောက်သင့်၊ မသင့်ညွှန်ကြားပေးပါ။
U Than Myint (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. မေးခွန်းထဲမှာ သွေးကျဆေးသောက်တာနဲ့ လေဖြတ်တဲ့အကြောင်းပဲပါတယ်၊ အဓိက အာရုံပြုရမယ့် သွေးပေါင်ချိန် ဘယ်လောက်ရှိပါတယ်ဆိုတာ ထည့်မထားပါဘူး။ လူနာတွေကို ပြောလေ့ရှိတဲ့ စကားနဲ့ ပြောရမယ်ဆိုရင် “သွေးကျဆေး သောက်ဖို့က အဓိကလား၊ သွေးပေါင်ကျဖို့က အဓိကလား”လို့ မေးရမှာပါ။ သွေးကျဆေး ဘယ်လောက်သောက်ရမယ်၊ ဘယ်အချိန်အထိ သောက်ရမယ်ဆိုတာက အဓိကမကျပါဘူး။ ကိုယ်ရဲ့သွေးပေါင်ချိန်က ဘယ်အချိန် သွေးပေါင်ချိန်ချိန် 140/90 mmHg အောက် ရောက်နေဖို့ကအဓိကဖြစ်ပါတယ်။ အဓိကအရေးကြီးတဲ့အချက်ကိုမသိလို့ လေဖြတ်တာတွေ၊ ကျောက်ကပ်ထိခိုက်တာတွေ ဖြစ်နေတာပါ။

မေးခွန်းအရ ဖြေရမယ်ဆိုရင် လေဖြတ်တဲ့အထိ သွေးတိုးထားဖူးတော့ သွေးပေါင်ချိန်က ဘယ်အချိန်တိုင်းတိုင်း 140/90 mmHg အောက်ဖြစ်အောင် သွေးကျဆေးကို မှီဝဲရပါမယ်။ လေဖြတ်ထားဖူးသူတစ်ဦးအနေနဲ့ သွေးကျဆေးနဲ့အတူ အဆီကျဆေးကို တွဲသောက်တာ ကောင်းပါတယ်။ ဆရာဝန်နဲ့ ပုံမှန်ပြသနေဖို့ အထူးလိုအပ်တဲ့ လူနာလို့ အကြံပြုချင်ပါတယ်။ ဆေးခန်းရောက်တဲ့အခါ ဆရာဝန်က သွေးပေါင်ချိန်ပြီး သွေးကျဆေးကို ချိန်ဆပေးမှာ ဖြစ်ပါတယ်။ ပုံမှန်ပြသရင်း သွေးပေါင်ပုံမှန်ဖြစ်ပြီး သွေးကျဆေးသောက်ဖို့ မလိုဘူးဆိုတဲ့ အခြေအနေဖြစ်လာရင် ဆရာဝန်က သွေးကျဆေးပေးတာကို ရပ်မယ်၊ အပြီးရပ်တာမျိုး မဟုတ်ဘဲ သွေးပေါင်မှန်မှန်စစ်ဆေးနေရပါမယ်။

ကျောက်တည်တဲ့သူအများစုက ကျောက်ကပ်ထဲကို ကျောက်မှုန်တွေသူများထက် ပိုထွက်တယ်။ ထွက်စေတဲ့အကြောင်းရင်း ဖြေရှင်းလို့ရတဲ့သူက အလွန်နည်းတယ်။ ဒါကြောင့် ကျောက်မတည်အောင် ရေကို ပိုပြီး သောက်နေဖို့ လိုအပ်ပါတယ်။ နောက်တစ်ကြိမ် လေမဖြတ်အောင် အနည်းဆုံး တစ်ပတ်တစ်ခါ သွေးပေါင်ချိန်ပြီး သွေးကျဆေးကို ဆရာဝန်နဲ့တိုင်ပင်ကာ ချိန်ဆသောက်သုံးသင့်ပါတယ်။ သွေးကျဆေး ဘယ်လောက်ကြာ သောက်ရမလဲဆိုတာက သွေးပေါင်ပေါ်မှာ မူတည်နေပါတယ်။ ကျောက်ကပ်တစ်လုံး ထုတ်ထားသူလည်းဖြစ်တယ်၊ သွေးတိုးရှိတယ် . .ဒါကြောင့် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပုံမှန်ပြသနေဖို့ အထူးအရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top