Healthy Life Ad
Health Tips

အစပ်လေးပါမှစားဝင်သူတို့ ရနိုင်တဲ့ကောင်းကျိုးများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

“အစပ်ကလေးပါမှစားဝင်တယ်”ဆိုတဲ့သူတွေအတွက် သတင်းကောင်းပါပဲ။ အခုလိုဆောင်းတွင်းအခါသမယမှာ ပူစပ်တဲ့အစာတွေကို စားပေးရင် ကိုယ်ခန္ဓာအပူချိန်တက်လာပြီး ချွေးထွက်ကာနေလို့ ကောင်းစေပါတယ်။

နှလုံးရောဂါကို တွန်းလှန်နိုင်ခြင်း
နနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ပါတဲ့ ပူစပ်တဲ့ အစားအသောက်တွေကိုစားပေးရင် ကပ်ဆိုက်စင်ဓာတ်ရရှိစေတဲ့အတွက် သွေးတိုးကျစေပါတယ်။ သွေးကြောတွေကိုကျယ်စေတဲ့ အစွမ်းလည်းရှိပါတယ်။ နနွင်းမှုန့်မှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိတာကြောင့် နှလုံးကိုကာကွယ်ပေးနိုင်ပါတယ်။

ကယ်လိုရီ လောင်ကျွမ်းခြင်း
ငရုတ်သီးစားရင် ခန္ဓာကိုယ်အပူချိန်တက်စေပြီး ကယ်လိုရီတွေကို ကောင်းကောင်းလောင်ကျွမ်း စေပါတယ်။ ပူစပ်တဲ့ အစားအသောက်တွေက ခံတွင်းလိုက်စေပြီး ကယ်လိုရီများတဲ့ အစာကိုနည်းနည်းပဲ စားဖြစ်စေတယ်လို့လည်း လေ့လာမှုတချို့ ကဆိုပါတယ်။

အာဟာရ ပိုမိုရရှိခြင်း
နေ့စဉ်နေ့တိုင်း ငရုတ်သီးပါတဲ့ ပူပူစပ်စပ် အစာတွေစားပေးရင် ဗီတာမင်အေ၊ ဗီတာမင်စီတို့လို မရှိမဖြစ်အာဟာရနဲ့ တခြားအရေးပါတဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူမှုပိုကောင်းစေပါတယ်။

ကင်ဆာရောဂါ ကာကွယ်ခြင်း
ငရုတ်သီးထဲက ကာကူမင်ဓာတ်ဟာ ကင်ဆာဆဲလ်တွေအပေါ် သိသာတဲ့ သက်ရောက်မှုရှိစေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ လေ့လာမှုအရ ပူစပ်တဲ့အစာထဲမှာပါတဲ့ ကာကူမင်ဓာတ်က ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်နှုန်း လျော့ကျစေတယ်လို့သိရပါတယ်။ ကြွက်တွေကို စမ်းသပ်မှုအရ ငရုတ်သီးမှာပါတဲ့ ကပ်ဆိုင်စင်ဓာတ်က ဆဲလ်ကောင်းတွေကို မထိခိုက်စေဘဲ ဆီးကျိတ်ကင်ဆာဆဲလ်တွေကို လျော့ကျစေတယ် လို့ သိရပါတယ်။

ကိုယ်အလေးချိန် လျော့ကျခြင်း
ပူစပ်တဲ့ အစားအသောက်တွေစားတာကြောင့် ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ ညစာမှာ ငရုတ်သီး၊ ငရုတ်ကောင်းစတာတွေ ထည့်စားရင် ခန္ဓာကိုယ်အပူကို မြင့်တက်စေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ အပူအစပ်လေးတွေစားပေးရင် အစာစားချင်စိတ်ကိုလည်း သက်သာစေပါတယ်။ ကိုယ်အလေးချိန်ကျချင်တယ်ဆိုရင် တစ်ပတ်မှာ တစ်ကြိမ်-နှစ်ကြိမ်လောက် ပူစပ်တဲ့အစာတွေစားသင့်ပါတယ်။

စိတ်ခံစားချက် ကောင်းမွန်ခြင်း
ပူစပ်တဲ့ အစားအသောက်တွေ စားတာကြောင့် စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။ ငရုတ်သီးမှာပါတဲ့ ကပ်ဆိုင်စင်နဲ့ ကာကူမင်ဟာ ဦးနှောက်ထဲကနေဆီရိုတိုနင်လို့ခေါ်တဲ့ ပျော်ရွှင်မှုဟော်မုန်းထုတ်ပေးပါတယ်။ အဲဒီအတွက် စိတ်ဓာတ်ကျတာ၊ ပူပင်သောကများတာတို့လို စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို တွန်းလှန်ပေးနိုင် တာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top