Healthy Life Ad
Men

လိပ်ခေါင်း ဘာကြောင့်ဖြစ်ရသလဲ. . .

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်းတာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး- လိပ်ခေါင်းက ဘာကြောင့် ဖြစ်ရတာပါလဲ ဆရာ။
ဖြေ- လိပ်ခေါင်းဆိုတာ အူမကြီးရဲ့ အောက်ဘက်မှာရှိတဲ့ သွေးပြန်ကြောတွေရောင်ရမ်းလို့ ဖြစ်တာပါ။ လိပ် ခေါင်းက စအိုတဝိုက်မှာဖြစ်ပြီး အတွင်းလိပ်ခေါင်းနဲ့ အပြင်လိပ်ခေါင်းလို့ ခေါ်ကြတယ်။ အတွင်းလိပ်ခေါင်း ဆိုတာ သွေးကြောထုံးလေးက စအိုအဝမှာ ရှိပြီး အပြင်ထွက်မလာဘူး။ အပြင်လိပ်ခေါင်းဆိုရင်တော့ သွေးကြောထုံးက အပြင်ကို ထွက်နေပါတယ်။

မေး- ဘယ်လိုလူတွေမှာ ပိုပြီး ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ- ရေရှည်ဝမ်းချုပ်တဲ့သူတွေ၊ ဝမ်းသွားတဲ့အခါ အားစိုက်ပြီး ညှစ်ရတဲ့သူတွေ၊ အိမ်သာထဲမှာ အကြာကြီး ထိုင်တဲ့သူတွေ၊ အဝလွန်တဲ့သူတွေမှာ လိပ်ခေါင်းအဖြစ်များပါတယ်။ ကိုယ်ဝန်ရှိတဲ့အချိန်မှာလည်း လိပ်ခေါင်းက ဖြစ်တတ်ပါတယ်။ အသားစားတာများပြီး အမျှင်ဓာတ်ပါတဲ့ အစားအသောက်ကို အစားနည်းသူတွေမှာ ဖြစ်တတ် သလို အချိန်ကြာကြာ မတ်တပ်ရပ်တာ ကြာကြာထိုင်တာစတဲ့ အလုပ်လုပ်သူ တွေနဲ့ အလေးအပင်မတဲ့ အလုပ်လုပ်သူတွေမှာလည်း ဖြစ်တာတွေ့ရပါတယ်။

မေး- လိပ်ခေါင်းဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြလေ့ရှိပါသလဲ ဆရာ။
ဖြေ- အဓိက ဖြစ်တတ်တာက ဝမ်းသွားတဲ့အခါ သွေးပါတာပါ။ ပြီးရင် စအိုအဝမှာ နာပြီးယားယံကာ မသက် မသာဝေဒနာ ဖြစ်တတ်ပါတယ်။ စအိုရောင်ရမ်းတာ၊ ထိုင်လို့မရဘဲ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ အများအားဖြင့် ဝမ်းထဲသွေးပါရာက သတိထားမိတတ်ပါတယ်။

မေး- လိပ်ခေါင်းမဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်လို့ ရနိုင်ပါသလဲ ဆရာ။
ဖြေ- လိပ်ခေါင်းမဖြစ်အောင် အစားအသောက်၊ အနေအထိုင်ကို ဂရုစိုက်ရပါမယ်။ အစားအသောက်အနေနဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်တွေ ကို များများစားပေးဖို့ လိုတယ်၊ ရေများများ သောက်ပေး ဖို့လိုပါတယ်။ ကိုယ်လက်လှုပ်ရှားအားကစား လုပ်ပေးရပါမယ်။ စအိုနေရာကို အမြဲသန့်ရှင်းအောင် ထားပေးပြီး ဝမ်းချုပ်မခံဖို့ လိုအပ်ပါတယ်။အိမ်သာထိုင်ရာမှာ ကြာကြာထိုင်ပြီး ဖုန်းပွတ်တာမျိုး ရှောင်သင့်ပါတယ်။

မေး- တကယ်လို့ လိပ်ခေါင်းဖြစ်လာပြီဆိုရင် သက်သာအောင် ဘယ်လိုလုပ်သင့်ပါသလဲ ဆရာ။
ဖြေ- လိပ်ခေါင်းဖြစ်ခဲ့ရင် နာတဲ့အခါ အကိုက်အခဲပျောက်ဆေး သောက်လို့ ရပါတယ်။ ရေနွေး ခပ်နွေး နွေးထဲမှာ ဆားခတ်ပြီး အချိန် ၁၀မိနစ်လောက် ထိုင်ပေးရပါမယ်။ ဝမ်းသွားတဲ့အခါ သွေးထွက်တယ်၊ နာ ကျင်တယ်၊ သွေးကြောလုံးလေးစမ်းမိတယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေမှာပြသသင့်ပါတယ်။

မေး- လိပ်ခေါင်းကို ဘယ်လိုအခြေအနေမျိုးဆိုရင် ခွဲစိတ်ကုသသင့်ပါသလဲ ဆရာ။
ဖြေ- အပြင်လိပ်ခေါင်းက သွေးကြောထုံးမှာ ရောဂါပိုးဝင် အနာဖြစ်ပြီး ပုပ်သွားတဲ့ အနေအထားမှာ ခွဲစိတ် ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ အခုခေတ်မှာ ခေတ်မီခွဲစိတ်ကုထုံးတွေ ရှိနေပြီဖြစ်လို့ လိပ်ခေါင်းခွဲစိတ်ကု သမှုက လိုအပ်ရင် ခံယူသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top