Healthy Life Ad
Life Style

အဝလွန်ခြင်းကြောင့် ဖြစ်တတ်သည့် နောက်ဆက်တွဲ အန္တရာယ်

ပါမောက္ခဦးကိုကို(ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး ။ လူတစ်ယောက်က အဝလွန်နေပြီ ဆိုတာကို သူ့ကိုယ်သူ ဘယ်လိုသိနိုင်ပါသလဲ ဆရာ။
ဖြေ ။ BMI အတိုင်းအတာကိုသိအောင် အရပ်ကိုတိုင်းရမယ်၊ ကိုယ်အလေးချိန်ကို တိုင်းရမယ်။ ပြီးရင် BMI တွက်နည်းအတိုင်း တွက်ချက်ကြည့်ရမယ်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ BMI က ၁၈ ဒသမ၅ အောက်ဆိုရင် ကိုယ်အလေးချိန်နည်းတယ်၊ ၁၈ ဒသမ ၅ နဲ့ ၂၄ ဒသမ ၉ ကြားဆိုရင် ကိုယ်အလေးချိန်က ပုံမှန်ပဲ။ ၂၅နဲ့ ၂၉ ဒသမ ၉ ကြားဆိုရင် ကိုယ်အလေးချိန်များနေပြီ၊ ၃၀နဲ့ ၃၄ ဒသမ ၉ ကြားဆိုရင် အဝလွန်နေပြီ၊ ၃၅နဲ့ ၃၉ ဒသမ ၉ ကြားဆိုရင် အလွန် အဝလွန်နေပြီ၊ ၄၀ အထက်ဆိုရင် အလွန့်အလွန်ဝနေပြီလို့ ဆိုထားပါတယ်။

အာရှမှာတော့ ၁၈ဒသမ၅ နဲ့ ၂၃ ကြားဆိုရင် ပုံမှန်ကိုယ်အလေးချိန်ရှိတယ်လို့ သတ်မှတ်တယ်။ ၂၃ နဲ့ ၂၉ ဒသမ၉ ကြားဆိုရင် ပုံမှန်ထက်များနေပြီလို့ သတ်မှတ်ပါတယ်။ ကျန်တဲ့ရလဒ်တွေကတော့ WHO မှာနဲ့ အတူတူပါပဲ။ ဒါပေမဲ့ ဒီBMI ရလဒ်အတိုင်း ဆုံးဖြတ်တာက ၁၀ဝ ရာခိုင်နှုန်း မမှန်ပါဘူး။

လူတွေမှာဝပုံဝနည်းက အမျိုးမျိုးရှိတော့ ဘယ်လိုဝသလဲဆိုတဲ့အချက်ကို ထည့်ပြီးစဉ်းစားရတယ်။ ဝတာကတစ်ကိုယ်လုံးဝတာလား၊ Central Obesity လို့ ခေါ်တဲ့ ခန္ဓာကိုယ်အလယ်ပိုင်းက ဗိုက်နဲ့ ခါးတွေ မှာဝနေတာလား၊ Peripheral လို့ခေါ်တဲ့ ဘေးဘက်တွေမှာ ဝနေတာလားဆိုတဲ့ ခန္ဓာကိုယ်မှာ အဆီတွေက ဘယ်နေရာမှာ စုနေတာလဲကို ကြည့်ဖို့လိုပါတယ်။

အဆီတွေက အလယ်မှာစုပြီး ဗိုက်ပူခါးတုတ်နေတယ်ဆိုရင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်တာ၊ အဆီများတာနဲ့ကင်ဆာရောဂါတွေ ဖြစ်နိုင်တယ်။ တကယ်လို့များ အဆီတွေက ဘေးဘက်မှာ စုနေတယ်၊ (ဥပမာ- အမျိုးသမီးဆိုရင် ရင်ဘတ်၊ တင်ပါးတွေမှာ အဆီတွေက စုနေတယ်) ခါးတော့ မတုတ်ဘူး။ ခါးက သိမ်နေတယ်။ ဒီလိုဆိုရင် ဝတော့ဝပေမယ့် ကျန်းမာရေးတော့ မထိခိုက်စေဘူး။

ဥပမာပြောရရင် ဆလီနာဝီလျံရဲ့BMI ကိုကြည့်ပါ။ သူရဲ့ BMI က ၃၀ကျော်နေတယ်။ ဒါပေမဲ့ ဝ တယ်လို့ ပြောလို့မရဘူး။ အရပ်လည်း မြင့်တယ်။ ခန္ဓာကိုယ်ကလည်း အချိုးအစားကျတယ်။ ဒါကြောင့် BMI တစ်ခုတည်းကို ကြည့်လို့မရဘူး။ ခါးကိုပါ တိုင်းကြည့်ဖို့လိုတယ်။ ခါးအတိုင်းအတာက အာရှ လူမျိုးတွေမှာ အမျိုးသားဆိုရင် ၃၆လက်မထက် မကျော်ရဘူး။ အမျိုးသမီးဆိုရင် ၃၁ လက်မထက် မကျော်ရဘူး။ လူတစ်ယောက်က ဝသလား၊ မဝဘူးလား တိုင်းတာတဲ့အခါ တချို့လူတွေမှာ ဝတော့ဝတယ်၊ ကျန်းမာတယ်။ ဒါကို Metabolically Obese and healthy လို့ ခေါ်ပါတယ်။ ဆိုလိုတာက ဝပေမယ့် ကျန်းမာရေးလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်နေတာကြောင့် ကျန်းမာရေးစစ်ဆေးကြည့်လိုက်ရင် အဆီလည်း မတက်ဘူး၊ သွေးတိုးလည်း မရှိဘူး၊ ဆီးချိုရောဂါလည်း မရှိဘူး။ ဒါဆိုရင် Metabolically Healthy ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

လူတစ်ယောက်က ပိန်ပေမယ့် သူ့ကို စစ်ကြည့်လိုက်တော့ သွေးတိုးလည်း ရှိတယ်၊ ဆီးချိုလည်း ရှိတယ်၊ သွေးတွင်းအဆီတွေလည်း များနေတယ်၊ နှလုံးသွေးကြောရောဂါတွေလည်း ဖြစ်နေတယ်၊ ဒါဆိုရင် ပိန်ပေမယ့် Metabolically Unhealthy လို့ဆိုနိုင်ပါတယ်။ ဒါကြောင့် ဝတိုင်းလည်း ရောဂါထူတယ်လို့ မထင်ပါနဲ့။ ဝပေမယ့် ကျန်းမာရေး လေ့ကျင့်ခန်းတွေ ကို မှန်မှန်လုပ်နေရင် Fit ဖြစ်နေတာကြောင့် ကျန်းမာရေးကောင်းနေပါလိမ့်မယ်။ ဝတိုင်းလည်း စိတ်ဓာတ်မကျပါနဲ့၊ လေ့ကျင့်ခန်းတွေ လုပ်၊ အစားအသောက်တွေ ရှောင်သင့်တာရှောင်မယ်ဆိုရင် ကျန်းမာနေပါလိမ့်မယ်လို့ ပြောချင်ပါတယ်။

လူတစ်ယောက် အဝလွန်၊ မလွန်ဆိုတာ သိနိုင်ဖို့ အကြမ်းဖျဉ်းအားဖြင့် နံပါတ်တစ်ကBMIနဲ့ သိနိုင်တယ်။ နံပါတ်နှစ်က ခါးတိုင်းပြီး သိနိုင်ပါတယ်။ ခါးတိုင်းနည်းက အောက်ဆုံးနံရိုးထိပ်နဲ့ ခါးရိုးကြားမျဉ်းတားပြီး အလယ်ကိုယူပါတယ်။ အဲဒီအလယ်ကနေ ပေကြိုးနဲ့ တိုင်းပါတယ်။ အဝလွန်၊ မလွန်ကို BMI နဲ့ အကြမ်းဖျဉ်းသိနိုင်တယ်။ ကျန်းမာရေးထိခိုက်မှုရှိ၊ မရှိကို ခါးအတိုင်းအတာနဲ့ သိနိုင်ပါတယ်။

ခါးတုတ်ဗိုက်ပူနေရင်တော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။

မေး ။ အဝလွန်တာကြောင့် ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေနိုင်ပါသလဲ ဆရာ။
ဖြေ ။ အဝလွန်တာကြောင့် ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့-
(၁) Metabolic Syndrome လို့ခေါ်တဲ့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတွင်းအဆီများတာ၊ ကောင်းတဲ့အဆီ (HDL)လျော့နည်းတာ၊ မကောင်းတဲ့ အဆီထရိုင်ဂလစ်စရိုက်တက်တာတွေကို ဖြစ်စေနိုင်ပါတယ်။
(၂) ကင်ဆာ၊ အထူးသဖြင့် အူမကြီးကင်ဆာဖြစ်တာ များတယ်။
(၃) ညဘက် ညဘက် ဟောက်ပြီး အသက်ရှူရပ်သွားလိုက်၊ ပြန်ဟောက်လိုက်ဖြစ်တဲ့ ရောဂါ (Obstructive Sleep Apnea) ဖြစ်တတ်ပါတယ်။ ဒီလို ဖြစ်တဲ့သူတွေက နောက်တစ်နေ့ကျရင် အိပ်ငိုက်ပြီး ခေါင်းမကြည်တာမျိုး ဖြစ်တတ်ပါတယ်။
(၄) ဒူးနာ (Osteoarthritis) ဖြစ်တတ်ပါတယ်။
(၅) အမျိုးသမီးတွေမှာဆိုရင် PCOS လို့ ခေါ်တဲ့ သားဥအိမ်အရည်ကြည်အိတ်ပေါ်တဲ့ ရောဂါစု ဖြစ်တတ်ပါတယ်။

မေး ။ အဝလွန်နေပြီဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေမရှိအောင် ဘယ်လိုကာကွယ်သင့်ပါသလဲဆရာ။
ဖြေ ။ ပထမဆုံးအဆင့်က ကိုယ့်မှာ အဆီများတာ၊ ဆီးချို၊ နှလုံး၊ သွေးတိုးစတဲ့ ရောဂါတွေ ရှိလား စစ်ဆေးရပါမယ်။ ရှိရင် လိုအပ်သလို ကုသမှု ခံယူရပါမယ်။

ဒုတိယအဆင့်က ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်မှုပုံစံကို လိုက်နာရပါမယ်။ အသီးများများစားရပါမယ်၊ အရွက်များများစားရပါမယ်၊ အဆီတွေကို လျှော့စားရပါမယ်။ အထူးသဖြင့် ပြည့်ဝဆီတွေဖြစ်တဲ့ ဝက်ဆီ၊ အမဲဆီ၊ စားအုံးဆီတွေကို လျှော့စားရပါမယ်။ အသားပုံမှန် စားပေးရပါမယ်။ ချိုလွန်း၊ ငန်လွန်း၊ ဆိမ့်လွန်းတဲ့ အစာတွေကို ရှောင်ရပါမယ်။ လေ့ကျင့်ခန်းလုပ်ပေးရမယ်။ အလွယ်ဆုံးနည်းက လမ်းလျှောက်ပေးတာပါ။ တစ်နေ့ မိနစ် ၃၀ လောက် ခပ်သွက်သွက်လျှောက်ပေးရပါမယ်။ တစ်ပြိုင်တည်း မလုပ်နိုင်ရင်တောင် တစ်ချိန်မှာ ၁၀ မိနစ် နဲ့ သုံးကြိမ်လမ်းလျှောက်ပေးရပါမယ်။ ဒီလိုနည်းတွေကို လိုက်နာမယ်ဆိုရင် အဝမလွန်အောင် ထိန်းထားနိုင်ပါတယ်။

မေး ။ အဝလွန်နေမှန်းသိပေမယ့် ကိုယ်အလေးချိန်ကို ကျအောင် မလျှော့ချနိုင်သူတွေဆိုရင် ဘယ်လိုအ ချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။
ဖြေ ။ ဝတော့ဝပေမယ့် Metabolically Healthy ဖြစ်ဖို့လိုတယ်။ ရောဂါ မဖြစ်အောင် ကာကွယ်ဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်ဖို့ လိုပါတယ်။ သွေးတိုးမဖြစ်အောင် အငန်လျှော့စားဖို့ လိုတယ်။ ကိုယ့်မှာ ရောဂါတွေ ရှိနေသလားဆိုတာကို ပုံမှန်စစ်ဆေးပြီး တွေ့ရင် ကုသဖို့ လိုတယ်။ လက်ရှိ ဝတာထက် ပိုမဝအောင် ထိန်းထားဖို့လိုပါတယ်။

မေး ။ အဝလွန်တာက မျိုးရိုးလိုက်တတ်ပါသလား ဆရာ။
ဖြေ ။ အဝလွန်တာက မျိုးရိုးလိုက်တတ်ပါတယ်။မျိုးရိုးဗီဇမရှိဘဲ အဝလွန်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တချို့ရောဂါတွေက မျိုးဗီဇမရှိဘဲ ဝနိုင်ပါတယ်။ ဥပမာ- Cushion Syndrome လို့ခေါ်တဲ့ အဒရီနယ်ဂလင်းက ဟော်မုန်းတွေများနေတဲ့ ရောဂါစုကြောင့် ဝနိုင်တယ်။ တချို့မျိုးရိုးဗီဇဆိုင်ရာရောဂါ တွေ ဥပမာ-ကလေးတွေမှာ အဖြစ်များတဲ့ Prader Wille Syndrome ကြောင့်လည်း ဝတတ်တယ်။ ဟိုက်ပိုသိုင်းရွိုက်လို့ခေါ်တဲ့ လည်ပင်းကြီးဟော်မုန်းတွေနည်းတာကြောင့် ဝတတ်တယ်။ နောက်တစ်ခုက စပ်ဆေးတွေ သောက်တာကြောင့် ဝတတ်တယ်။ စပ်ဆေးတွေထဲမှာ Dexamethasone လို့ခေါ်တဲ့ စတီးရွိုက်ဆေးတွေ ပါဝင်တတ်ပါတယ်။ အဲဒီ စပ်ဆေးတွေကို ဒူးနာသက်သာချင်လို့ဆိုပြီး သွားဝယ်သောက်ရင်း ဝလာတာပါ။ တချို့ မိန်းကလေးတွေက ဝဆေး ဆိုပြီးဝယ်ရင် ဆေးဆိုင်တွေက ဒီစတီးရွိုက်ပါတဲ့ စပ်ဆေးတွေကို ပေးတတ်တယ်။ အဲဒီတော့ ဒီမိန်းကလေးက ပါးလေးချောင်ကျနေရာကနေ တဖြည်းဖြည်း ပါးလေးဖောင်းလာတယ်။ သူ့စိတ်ထဲမှာ ဝလာတယ်ထင်တာ၊ တကယ်တော့ ဖောလာတာပါ။ ဒီလို ဖြစ်ရင်းဖြစ်ရင်း စတီးရွိုက်တွေလွန်လာပြီး Cushion Syndrome ဖြစ်လာပါတယ်။

မေး ။ အဝလွန်တာက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုကော ဖြစ်စေနိုင်ပါသလားဆရာ။
ဖြေ ။ ဝတဲ့သူတွေက စိတ်ပိုင်းဆိုင်ရာ ထိခိုက်တတ်ပါတယ်။ အဓိက ဖြစ်တာက စိတ်ဓာတ်ကျတယ်။ အများစုက ဝတော့ မလှလို့ ဆိုပြီး စိတ်ဓာတ်ကျတယ်။ ဒါ့အပြင် ဝတဲ့သူတွေက ကျန်းမာရေးမကောင်းတာကြောင့် စိတ်ဓာတ်ကျကြတယ်။ ပြီးတော့ လူထဲသူထဲ သွားရမှာကို စိုးရိမ်တတ်ကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top