Healthy Life Ad
Life Style

အသက်ကြီးလို့ နားလေးတာပါ

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)

‘အသက်ကြီးလို့ နားလေးတဲ့အခါ တရားမနာနိုင်ရင်
တစ်ပန်းရှုံးပါတယ်။ တရားအားထုတ်တာ ငယ်ငယ်ကတည်းက လုပ်ရမယ်ဆိုတာနားလည်ပေမယ့်
ဘာအရေး၊ ညာအရေးတွေနဲ့ ရှုပ်ရှက်ခတ်နေတဲ့
ကျွန်မတို့တစ်တွေဟာ တရားနာမယ်လည်းကြံရော နားက မကြားတော့ဘူးလေ။ နားကြားကိရိယာနဲ့
အဆင်ပြေရင်တော့ ကံကောင်းတာပေါ့ . . .’

ဥရောပတိုက်နဲ့ အမေရိကတိုက်မှာရှိတဲ့ အသက် ၅၀ ကျော် လူပေါင်း ၃၀,ဝ၀ဝ,ဝ၀ဝ လောက်ဟာ နားအနည်းငယ် သို့မဟုတ် အသင့်အတင့်လေးတာမို့ ဝေဒနာတွေကို တိတ်တိတ်လေး ခံစားနေရတယ်တဲ့။ အသက်ကြီးလို့ နားလေးတဲ့အခါ သူများတွေနဲ့ ဆက်သွယ်ရတာ ခက်ခဲလာပါတယ်။ အထူးသဖြင့် စကားလုံးတွေ သိပ်မကွဲတော့ ခလုတ်တိုက်တယ်ဆိုတာကို ဖားပြုတ်ကိုက်တယ်လို့ ကြားတာမျိုးပေါ့။

ကျွန်မတို့ငယ်ငယ်က ကျွန်မတို့အစ်မတွေဖတ်တဲ့ ဝတ္ထုတစ်အုပ်ကိုသတိရမိပါတယ်။ နားထိုင်းတို့ရွာဆိုတဲ့ စာအုပ်ပေါ့။ နားသိပ်မကြားတဲ့ သူတွေနေတဲ့ရွာမှာ သူတို့အချင်းချင်း ဆက်သွယ်တဲ့အခါ တလွဲတွေ ကြားတာကိုရေးထားတာ။ အဲဒီတုန်းကတော့ ရယ်စရာလို့ သဘောထားခဲ့ပေမယ့် နားအထူးကု ဆရာဝန် ဖြစ်လာတဲ့အခါ သူတို့တွေရဲ့ သနားစရာဘဝတွေ၊ ခံစားချက်တွေကို သိမြင်လာပါတယ်။

ပြောတာ၊ ဆိုတာတွေကို သိပ်မကြားရတော့ မြေးတွေကလည်း တစ်ခါက နှစ်ခါပြန်မပြောချင်။ မပြောချင်တော့ မပြောတော့ဘူး။ ဒီလိုနဲ့ မြေးအဖိုး သိပ်စကားမပြောဖြစ်တော့ဘူး။ သားသမီးတွေကလည်း တစ်နေ့ တစ်နေ့ ပြေးလွှားလုပ်ကိုင်နေရတာမို့ အချိန်ပေးပြီး စကားမပြောဖြစ်တော့ဘူး။ဒီအချိန်မှာ အဘိုးနဲ့ အဘွားစုံတွဲလေး ကျန်နေသေးရင် စကားပြောဖော်၊ စကားပြောဖက်၊ တိုးတိုးဖော်ကလေး ရှိပေမယ့် တကယ်လို့ တစ်ယောက်ယောက်က တိမ်းပါးသွားပြီဆိုရင်တော့ တစ်ယောက်တည်း အထီးကျန်ဝေဒနာတွေကို တိတ်တိတ်လေးခံစားနေရတာပေါ့။ ဝေဒနာတွေကို ကြေငြာလို့လည်း မရဘူးလေ။

စဉ်းစားကြည့်လေ။ ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေက ပြောကြဆိုကြ၊ ရယ်ကြမောကြနဲ့။ ကိုယ်ကတော့ တစ်ယောက်တည်း သူများတွေ ဘာပြောနေ မှန်းမသိ၊ ဘာတွေပြောပြီး ရယ်နေမှန်းမသိ။

ဒါတင်ဘယ်ကမလဲ။ လူငယ်တွေ သူတို့ဘာသာ နေပါစေ။ သူတို့ကိစ္စ ဝင်မပါတော့ဘူးဆိုရင်တောင် ပြဿနာ မအေးသေးဘူး။ သူတို့ကိစ္စဝင်မပါတော့ဘူး ဆိုတာဖြစ်ဖို့တောင်ခက်ခဲတယ်။ အထူးသဖြင့် လူရာဝင်၊ အရေးကြီးတဲ့နေရာမှာ အလုပ်လုပ်ခဲ့ရင် ဘာကိစ္စမဆို သိချင်နေတာလေ။ သူတို့အလုပ်လုပ်တုန်းကလည်း အဲဒီလိုအကုန်သိအောင် လုပ်ခဲ့ရတာလေ။ ဒီလိုသိမှ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်မှာ။

အသက်ကြီးလာရင် ဆံဖြူ၊ သွားကြွေ၊ မျက်စိမှုန်လာတာနဲ့အတူ အကြားအာရုံကလည်း ကျဆင်းလာပါတယ်။ အသက်ကြီးလာရင် အာရုံခံဆဲလ်တွေ ပျက်စီးတယ်။ အသက်ကြီးလာတဲ့အခါ သွေးတိုးရောဂါတို့၊ သွေးကြောမှာအဆီစုတာတို့ ဖြစ်တတ်တော့ ဆဲလ်တွေ ပိုပြီးပျက်စီးနိုင်ပါတယ်။

အသက်ကြီးတဲ့သူတွေကို စက်နဲ့ နားစမ်းကြည့်ရင် နားအသင့်အတင့်လေးတာ တွေ့ရတတ်တယ်။ ပုံမှန်ဆိုရင်၂၅ ဒက်ဆီဘယ်လ်အောက်မှာ ကြားရပေမယ့် သူတို့တွေမှာ ၄၀က ၆၀ ဒက်ဆီဘယ်လ်ကြား မှာမှကြားတာတွေ့ရတယ်။ အဲဒီလောက်အကြား လျော့တာကို အသက် ၅၁ နှစ်က ၆၀ အတွင်းမှာရှိတဲ့ လူ ၄ ရာခိုင်နှုန်းလောက်မှာ တွေ့ရပေမယ့် အသက် ၇၁နှစ်က ၈၀ အတွင်းရှိတဲ့ လူတွေမှာတော့ ၁၈ ရာ ခိုင်နှုန်းလောက်မှာ တွေ့ရတယ်လို့ဆိုတယ်။

ယောကျာ်းနဲ့ မိန်းမ ဘယ်သူ့ ဘယ်သူမှ မသာပါဘူး။ အရွယ်တူရင်တော့ ယောကျာ်းတွေမှာ မဆိုစလောက် ပိုဆိုးပါတယ်တဲ့။ နားအကြား လျော့တဲ့ သူတွေဟာ ပတ်ဝန်းကျင်မှာ ဆူညံနေရင် နားထောင်ရ ပိုခက်ခဲတယ်။ စက်သံဆူညံတဲ့နေရာ၊ မီးစက်သံ စသဖြင့် ရှိနေရင် ပိုပြီး နားမလည်တော့ဘူး။

အသက်ကြီးလို့ နားလေးတာဆိုပေမယ့် တခြား အကြောင်းတမျိုးမျိုးကြောင့် နားလေးတာမဟုတ်ဘူး ဆိုတာကိုလည်း ပြရမယ်။ ဒါမှ ကုလို့ ရတဲ့ရောဂါဆို ရင် ကုပေးလို့ရတာပေါ့။
_ _ _

“ဆရာမကို ကျွန်တော့်အမေက ဘုရားရှိခိုးပြီးရင် အမြဲသတိတရ မေတ္တာပို့တယ်။ ဆရာမလုပ်ပေးတဲ့ နားကြားကိရိယာနဲ့ အဆင်ပြေနေတာမို့ သာဓု အမြဲခေါ်တာ။ ဆရာတော်ကြီးတွေရဲ့ တရားတွေလည်းနာလို့ ရတယ်။ အမေကကျေးဇူးတင်နေတာ”လို့ မောင်မောင်မြင့်က ကျွန်မကို လာပြောပါတယ်။

မောင်မောင်မြင့်က ကျွန်မတို့အိမ်မှာ ကားမောင်းဖူးပါတယ်။ အခုတော့ အမွေရတော့ ကိုယ်ပိုင်တက္ကစီ ဆွဲပါတယ်။ သူ့အမေအတွက် နားကြားကိရိယာပေးထားတာ အဆင်ပြေတဲ့အကြောင်းပြောတာပါ။ အ သက်ကြီးလို့နားလေးတဲ့အခါ တရားမနာနိုင်ရင် တစ်ပန်းရှုံးပါတယ်။ တရားအားထုတ်တာ ငယ်ငယ်ကတည်းက လုပ်ရမယ်ဆိုတာ နားလည်ပေမယ့် ဘာအရေး၊ ညာအရေးတွေနဲ့ ရှုပ်ရှက်ခတ်နေတဲ့ ကျွန်မတို့ တစ်တွေဟာ တရားနာမယ်လည်းကြံရော နားက မကြားတော့ဘူးလေ။ နားကြားကိရိယာနဲ့ အဆင်ပြေရင်တော့ ကံကောင်းတာပေါ့။ မောင်မောင်မြင့်အမေ လိုအသက်ကြီးလို့ နားလေးပေမယ့် တရားနာနိုင်ပြီး တရားထူးတွေ ရစေချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top