Healthy Life Ad
International

လိင်အင်္ဂါနှင့် ဝှေးစေ့အဆ ၂၀ ကြီးထွားခဲ့သည့် အမျိုးသား ဘဝပြောင်းခွဲစိတ်မှုခံယူခဲ့

၊ မိုးမင်းထွန်း ၊

ကင်ညာနိုင်ငံမှ အသက် ၂၀ အရွယ် ဖိုရန့်ဟာ အသက် ၁၀ နှစ်ဝန်းကျင်အရွယ်က ဝှေးစေ့မှာ အကျိတ်တစ်ခုကို စတင်သတိပြုမိခဲ့ပါတယ်။ အချိန် နဲ့အမျှကြီးထွားလာခဲ့ပြီး လိင်အင်္ဂါနဲ့ကပ္ပာယ်အိတ်ဟာ ၁ မီတာနီးပါးရှည်လာခဲ့ပြီး အလေးချိန် ၁၁ ပေါင်ခန့်ရှိလာခဲ့ပါတယ်။ ဝှေးစေ့တွေက ပျမ်းမျှထက် အဆ ၂၀ကြီးထွားလာတာကြောင့် အဝတ်အစားမဝတ်နိုင်၊ လမ်းကောင်းကောင်း မလျှောက်နိုင်တော့ဘဲ ကျောင်းထွက်ခဲ့ရပါတယ်။ ငွေကြေးချို့တဲ့တာကြောင့် ဆေးခန်းမပြနိုင်ခဲ့ဘဲ အိမ်တွင်းအောင်းကာ နေထိုင် နေခဲ့ပါတယ်။ အိမ်နီးချင်းတစ်ယောက်ဟာ ဖိုရန့်ရဲ့ ဓာတ်ပုံတွေ ရိုက်ယူခဲ့ပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်ကာ အလှူရှင်ရှာဖွေပေးခဲ့ပါတယ်။ အွန်လိုင်းပေါ်နာမည်ကြီးသွားခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးတစ်ယောက်ရဲ့ ဇနီးဖြစ်သူက ငွေကြေးအကုန်အကျခံကာ ဆေးကုသပေးခဲ့ပါတယ်။ ဆရာဝန်တွေက ဖိုရန့်မှာ ကပ္ပာယ်အိတ်ဆင်ခြေထောက်ရောဂါ ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။ ဆင်ခြေထောက်ပိုးလောင်း ဟာ ခြင်ကိုက်တာမှတဆင့် လူရဲ့သွေးကြောထဲ ရောက်ရှိသွားပြီး ကြီးထွားလာကာ ခန္ဓာကိုယ်ရဲ့အရည်စီးဆင်းမှုစနစ်ကို ပိတ်ဆို့လိုက်ကာ တစ်ရှူး၊ အရေပြားရောင်ရမ်းတာတို့ကို ဖြစ်ပေါ်စေကြောင်း သိရှိရပါတယ်။ ဆရာဝန်တွေက ကပ္ပာယ်အိတ်သေးငယ်အောင်ပြုလုပ်တာ၊ အပိုအသားလွှာတွေ ဖယ်ရှားတာနဲ့ လိင်အင်္ဂါ ပြန်လည်ပြုပြင်တာ စတာတွေ အပါအဝင် ခွဲစိတ်မှု ၂ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။

ဖိုရန့်ဟာ ခွဲစိတ်မှုတွေပြီးနောက် ရေကူးတာ၊ ဘောလုံးကန်တာစတဲ့ အားကစားတွေကို လုပ်နိုင်ပြီ ဖြစ်တဲ့အပြင် နောက်ထပ်လအနည်းငယ်ကြာပြီးနောက် ပုံမှန်ဖခင်တစ်ယောက်ဖြစ်နိုင်ကြောင်းပါ သိရှိခဲ့ရပါတယ်။ အခုလောလောဆယ် ပညာရေးဆုံးခန်းတိုင်အောင် သင်ယူမှာဖြစ်ကြောင်းနဲ့ တစ်နေ့မှာ မိသားစုဘဝထူထောင်မှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

(Ref;DS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top