Healthy Life Ad
International

တစ်ကမ္ဘာလုံးတွင် ရှစ်ယောက်သာဖြစ်ဖူးသည့် ရှားပါးရောဂါဖြစ်ပွားနေသူ

၊ ကိုထက် ၊

အသက် ၁၁ နှစ်ရှိပြီဖြစ်တဲ့ ဘန်ဂျီမင်ဟာ အလွန်ရှားပါးပြီး တစ်ကမ္ဘာလုံးမှာ ဘန်ဂျီမင်အပါအဝင် လူရှစ်ဦးသာဖြစ်ဖူးတယ်လို့ စာရင်းမှတ်တမ်းရှိပြီး အမည်မပေးရသေးတဲ့ ရောဂါဝေဒနာတစ်မျိုး ခံစား နေရပါတယ်။ ဒီရောဂါဟာ ဦးနှောက်ချို့ယွင်းတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဘန်ဂျီမင်ဟာ ဒီရောဂါကြောင့် အစားမစားနိုင်၊ စကားလည်း မပြောနိုင်၊ လမ်းလည်း မလျှောက်နိုင်ပါဘူး။

ဘန်ဂျီမင်ဟာ လမစေ့ဘဲ မွေးခဲ့ပြီး ကိုယ်အလေးချိန် ၃ ပေါင်သာရှိခဲ့ပါတယ်။ သူဟာ မွေးပြီးကတည်းက ဆေးရုံကို ခဏခဏ အကြိမ်ပေါင်း များစွာ တက်ခဲ့ရပြီး ရောဂါကူးစက်မှုတွေလည်း အမြောက် အများခံစားခဲ့ရတယ်လို့ သိရပါတယ်။ ဘန်ဂျီမင်ဟာ မျက်ရည်လည်း မကျတဲ့အတွက် မျက်ကြည်လွှာဟာ ခြောက်နေခဲ့ပြီး မျက်လုံးတစ်ဖက်ဟာ ပိုးဝင်ခဲ့တဲ့အတွက် မျက်လုံးတစ်ဖက်အမြင်အာရုံပျက်စီးခဲ့တာ ကြောင့် အမြဲတမ်း မျက်စဉ်းခတ်ပေးနေရပါတယ်။

“သူ့ကို ဂရုတစိုက်ထားနေပေမယ့် အဖျားပိုးတွေအကူးခံရပြီး အထူးကြပ်မတ်ကုသဆောင်ကို ခဏခဏပြေးခဲ့ရပါတယ်။ သူ့အသက်ကို ဆုံးရှုံးရလောက်တဲ့အခြေအနေမျိုး နှစ်ခါလောက်ကိုဖြစ်ဖူးပါတယ်” လို့ ဘန်ဂျီမင်ရဲ့ အဖေဖြစ်သူက ပြောပြခဲ့ပါတယ်။

ဘန်ဂျီမင်ကို အကြိမ်ပေါင်းများစွာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမယ့် ရောဂါအတိအကျ မပြောပြနိုင်ခဲ့ကြပါဘူး။ အစပိုင်းမှာ ဆရာဝန်တွေက မျိုးရိုးဗီဇချို့ယွင်းတဲ့ ရောဂါဖြစ်နိုင်မယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ဆရာဝန်တွေက အတက်ရောဂါတစ်မျိုးနဲ့ ဆင်တူတဲ့ ဦးနှောက်ရောဂါ ဖြစ်နေတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ ဘန်ဂျီမင်ဟာ အကြောဆွဲနေတဲ့သူလိုဖြစ်နေပြီး အချိန် ၁ မိနစ်လောက်သာ ထိုင်နိုင်ပါတယ်။ နည်းနည်းလေး ကြာသွားတာနဲ့ ရှေ့ကို၊ ဘေးကို ပစ်လဲကျသွားတတ်ပါတယ်။ သူရဲ့ ဘယ်ဘက်မျက်တောင်သာ ခတ်ပြီး ညာဖက်မျက်တောင်က မခတ်နိုင်ပါဘူး။

ဘန်ဂျီမင်ဟာ သီးသန့်ကျောင်းကိုသာ တက်ခဲ့ရပြီး အစာနဲ့ဆေးတွေ စားဖို့အတွက် ဝမ်းဗိုက်ထဲထိ ခွဲစိတ်ပြီး အစာပြွန်ထည့်ပေးထားရပါတယ်။ ညဆိုရင်လည်း အပေါ်ထပ်ရှိ သူရဲ့အခန်းထဲကို အဖေဖြစ်သူက ချီပြီး ပို့ပေးရတယ်လို့သိရပါတယ်။ အိပ်ရာကိုလည်း ကုတင်ပေါ်မှာ အိပ်ရင် ပြုတ်ကျမှာစိုးတဲ့အတွက် ကြမ်းပေါ်မှာသာ ခင်းပေးထားပါတယ်။

ဓမနက်ဆို အပေါ်ထပ်ကနေ အောက်ကို ချပေးရတယ်၊ ညဆို အောက်ကနေအပေါ်ကို တင်ပေးရတယ်.. အရင်ကတော့ သိပ်မသိသာပေမယ့် ခုတော့ သူက လေးလာပြီဆိုတော့ ပင်ပန်းပါတယ်… သူ့အခန်းတစ်ခန်းလုံးကိုလည်း အားကစားခန်းမတွေမှာသုံးတဲ့ ဖော့ပြားတွေအပြည့် ကပ်ပေးထားတယ်.. ဒါမှ အခန်းထဲမှာ တစ်နေရာရာသွားရင် မတ်တပ်ရပ်လိုက်ပြီး သူသွားချင်တဲ့နေရာဘက်ကို ပစ်လဲလိုက်ပြီး သူက သွားလာပါတယ်”လို့ အဖေဖြစ်သူက ပြောပြခဲ့ပါသေးတယ်။

ဘန်ဂျီမင်ရဲ့ အဖေနဲ့အမေဟာ စတာလင်ပေါင် တစ်သောင်းခွဲလောက်ကုန်ကျမယ့် တိုးချဲ့အခန်းတစ်ခန်းကို အိမ်နောက်မှာထပ်တိုးဆောက်ဖို့ စီစဉ်နေကြပါတယ်။ ဒါမှ ဘန်ဂျီမင်အပေါ်ထပ်ကို တက်ဖို့မလို တော့မှာဖြစ်ပါတယ်။ မသန်စွမ်းကလေးငယ်များ ထောက်ပံ့ရေးအဖွဲ့အစည်းတွေက ဘန်ဂျီမင်ရဲ့ အခန်းအတွင်းအပြင်အဆင်တွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေ အသုံးအဆောင်တွေကို ထောက်ပံ့ကူညီပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top