Healthy Life Ad
Health Tips

အမျိုးသားတို့သိလိုကြသည့် ဝှေးစေ့နှင့် ဝှေးစေ့ရောဂါ ဝေဒနာများအကြောင်း

———၊ ကိုထက် ၊———

ဝှေးစေ့ဆိုတာ သုက်ကောင်နဲ့ တက်စတိုစတီရုန်း ကျားဟော်မုန်းတွေ ခန္ဓာကိုယ်ထဲမှာ ပြုလုပ်တဲ့နေရာပါ။

ဝှေးစေ့တစ်လုံးက တခြားတစ်လုံးထက် ဘာကြောင့် ပိုအောက်ကျနေရတာလဲ။

ဒါက ပုံမှန်ပဲ ဖြစ်ပါတယ်။

ဝှေးစေ့ရောဂါတွေဖြစ်ရင် ဘယ်လိုခံစားရတတ်ပါသလဲ

ဝှေးစေ့ရောဂါတွေဖြစ်ရင် နာကျင်တတ်ပြီး တချို့သော ဝှေးစေ့ရောဂါတွေဟာ စောစောစီးစီး မသိရှိပါက အသက်အန္တရာယ်ကိုတောင် ဖြစ်စေနိုင်ပါတယ်။

ဝှေးစေ့ရောဂါကို ဘာကြောင့် ဂရုစိုက်သင့်သလဲ

ဝှေးစေ့ရောဂါတွေက အဖြစ်မများသလို အများအားဖြင့် ပြန်းထန်ဆိုးရွားခြင်း မရှိပါဘူး။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ အသက်အန္တရာယ်ကို ဖြစ်စေနိုင်တဲ့အတွက် ဝှေးစေ့နာကျင်တာ၊ ဝှေးစေ့တင်းမာတာ၊ ဝှေးစေ့မှာ အလုံးအခဲပေါ်တာ စတဲ့ အပြောင်းအလဲတွေဖြစ်ရင် ဆရာဝန်နဲ့ပြသဖို့ အရေးကြီးပါတယ်။ ဝှေးစေ့ကင်ဆာဟာ ဝှေးစေ့ရောဂါတွေအနက် အဆိုးရွားဆုံး ရောဂါအမျိုးအစားပဲ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား အမျိုးသားတွေမှာ အဖြစ်များဆုံးကင်ဆာဖြစ်ပြီး အများအားဖြင့် ကုသပျောက်ကင်းနိုင်ပါတယ်။

ဘယ်အချက်တွေက ဝှေးစေ့ကင်ဆာကို ဖြစ်နိုင်ခြေများစေသလဲ

ဝှေးစေ့ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေကတော့-

• အရင်က ဝှေးစေ့ကင်ဆာမျိုးရိုး ရှိခဲ့ဖူးတာ

• ကလေးဘဝမှာ ဝှေးစေ့မဆင်းနိုင်တဲ့ အခြေအနေရှိတာ၊

• ဝှေးစေ့ကင်ဆာရှိသူနဲ့ ဆွေမျိုးနီးစပ်တော်နေတာ စတာတွေ ဖြစ်ကြပါတယ်။

ဝှေးစေ့ကင်ဆာထက် ပိုအဖြစ်များတာက သုက်လှောင်ပြွန်ရောင်ရမ်းတာပဲ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်နဲ့ ၃၅ နှစ်ကြား အမျိုးသားတွေမှာ အများဆုံးဖြစ်တတ်ပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံတာ ဒါမှမဟုတ် လိင်ဆက်ဆံဖော် များတာတွေကြောင့် သုက်လှောင်ပြွန်မှာ ကူးစက်ပိုးဝင်ကာ ရောင်ရမ်းမှု ဖြစ်ရတတ်ပါတယ်။ အမျိုးသားငါးဦးအနက် တစ်ဦးမှာ ဝှေးစေ့သွေးပြန်ကြော ဖောင်းတွန့်ရောဂါ ခံစားရတတ်ပါတယ်။ ဒါဟာ မသိသာပေမယ့် ဝှေးစေ့တဝိုက် အရည်တွေများလာပြီး အန္တရာယ်အနည်းငယ် ရှိတတ်ပါတယ်။

ဝှေးစေ့ရောဂါတွေက ဘာတွေလဲ

ဝှေးစေ့ရောဂါ အမျိုးမျိုးရှိပါတယ်။

၁။ ဝှေးစေ့ကင်ဆာ

ဝှေးစေ့ကင်ဆာဖြစ်ရင် ဝှေးစေ့တစ်ဖက်မှာ နာကျင်မှုမရှိဘဲ ဖြေဖြေးချင်းကြီးထွားနေတဲ့ အလုံးအခဲပေါ်တာ ဒါမှမဟုတ် တင်းမာတာတို့ကို ဖြစ်စေနိုင်ပါတယ်။ ဝှေးစေ့ကင်ဆာ အများစုမှာ အမျိုးသားတွေဟာ သူ့ဘာသာသူ စမ်းသပ်စစ်ဆေးပြီး စောစောစီးစီးအဆင့်မှာပဲ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ စောစော ရှာဖွေတွေ့ရှိပါက ကုသပျောက်ကင်းနိုင်ပါတယ်။

၂။ ဝှေးစေ့လိမ်ခြင်

ဝှေးစေ့လိမ်တဲ့ အခြေအနေဖြစ်ပါက ဝှေးစေ့တစ်လုံးဆီသွားတဲ့ သွေးကြောတွေကို ပိတ်သွားစေနိုင်ပါတယ်။ ဝှေးစေ့လိမ်တာက အဖြစ်နည်းပေမယ့် ဖြစ်လာရင် အရေးပေါ် ဆေးကုသမှုပေးရမယ့် ပြဿနာမျိုးပါ။

၃။ သုက်လှောင်ပြွန်ရောင်ရမ်းခြင်း

သုက်လှောင်ပြွန် ရောင်ရမ်းနေပါက သုက်ကောင်တွေကို မသိုလှောင်နိုင်တော့ပါဘူး။ တစ်ခါတစ်ရံ ဒီပြဿနာဟာ လိင်မှတစ်ဆင့် ကူးစက်ရရှိတဲ့ ပိုးဝင်တာကြောင့် ဖြစ်ရတတ်ပါတယ်။ ရောဂါလက္ခဏာအနေနဲ့ နာကျင်မှုကို အသေးအဖွဲမှ ပြင်းပြင်းထန်ထန် ခံစားရတာ၊ ကပ္ပာယ်အိတ်ရောင်ရမ်းတာနဲ့ ဖျားတာတို့ ခံစားရတတ်ပါတယ်။

၄။ ရေမုတ်ရောဂါ

ဝှေးစေ့ပတ်လည်ရှိ ကပ္ပာယ်အိတ်ထဲမှာ ရေစုဝင်တာကို ခေါ်ပါတယ်။ ကြီးလာတဲ့အခါမှာ နာကျင်မှုနဲ့ ဖိအားကို ဖြစ်စေနိုင်ပါတယ်။ ခွဲစိတ်ကုသ ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပါတယ်။

၅။ ဝှေးစေ့သွေးပြန်ကြော ဖောင်းတွန့်ရောဂါ

ဝှေးစေ့အထက်ရှိ သွေးပြန်ကြောတွေ ကျယ်တတ်ပြီး အများအားဖြင့် အန္တရာယ်မရှိပါ။ ဒါပေမဲ့ တစ်ခါတရံ မျိုးမအောင်ခြင်းနဲ့ နာကျင်မှုကို အသင့်အတင့်မှ အပြင်းအထန် ခံစားရခြင်းတွေအထိ ဖြစ်တတ်ပါတယ်။

ဝှေးစေ့ရောဂါတွေ မဖြစ်အောင် ဘယ်လို ကာကွယ်နိုင်သလဲ

ဝှေးစေ့ရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်ဖို့ တိတိကျကျ သတ်မှတ်ထားတာမရှိပါ။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းနဲ့ လိင်ဆက်ဆံဖော် များခြင်းတို့ကိုတော့ ရှောင်ရှားရပါမယ်။ စောစောစစ်ဆေးတာဟာ အကောင်းဆုံးကာကွယ်မှုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အလေးအပင်တွေကို အလွန်အကျွံမတာနဲ့ ဆီးသွားချင်ပါရက် ကြာရှည်အောင့်ထားတာတို့ကို မလုပ်သင့်ပါ။

Tip! ဝှေးစေ့ရောဂါနှင့် ပတ်သက်သော အခြားသိမှတ်ဖွယ်ရာအချက်များ

အူကျတာက ဝှေးစေ့ရောဂါနဲ့ တစ်ခါတစ်ရံ မှားတတ်ပါတယ်။ ဝမ်းဗိုက်အောက်ပိုင်းနံရံ ကြွက်သားတွေ အားနည်းတဲ့အခါ အူအစိတ်အပိုင်းအနည်းငယ် ကျွံထွက်တတ်ပါတယ်။ အူတွေဟာ ကပ္ပာယ်အိတ်ထဲ တွန်းဝင်လာတာကို ပေါင်ခြံနေရာမှ အူကျွံတဲ့ဝေဒနာ(Inguinal Hernia)လို့ ခေါ်ပါတယ်။ ဒါကိုကုသနိုင်ဖို့ ခွဲစိတ်ကုသမှု ခံယူဖို့လိုပါတယ်။

Most Popular

Healthy Life Ad
To Top