Healthy Life Ad
Health Tips

ခေါင်းကိုက်ခြင်း၊ စွမ်းအင်လျော့နည်းခြင်းနှင့် အိပ်မပျော်ခြင်းတို့ ခံစားနေရလျှင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကျွန်မတို့ အများစုဟာ ခေါင်းကိုက်တာ၊ စွမ်းအင်လျော့နည်းတာ၊ အိပ်မပျော်တာစတဲ့ ဝေဒနာတွေခံစားရတဲ့အခါ အလုပ်ကို အပြင်းအထန်လုပ်တာကြောင့် ဖြစ်ရတယ်လို့ ထင်မြင်ယူဆထားကြပါတယ်။ တကယ်တော့ ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်ကေပမာဏ လျော့နည်းတာကြောင့် ဖြစ်နိုင်ပါတယ်။

– မဂ္ဂနီဆီယမ်ဟာ လူ့ခန္ဓာကိုယ်ထဲမှာ မတူညီတဲ့ လုပ်ငန်းဆောင်တာအများအပြား လုပ်ဆောင်ပါတယ်။ အစာကိုစွမ်းအင်အဖြစ် ကူးပြောင်းရာမှာကူညီပြီး အမိုင်နိုအက်ဆစ်ကနေ ပရိုတင်းအသစ်အဖြစ် ဖန်တီးပေးပါတယ်။ ဒီနည်းနဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်သောကတို့ကို လျော့ပါးစေကာ နုံးချည့်ညောင်းညာမှုကို တွန်းလှန်ပေးပါတယ်။

– မဂ္ဂနီဆီယမ်က မကြာခဏ ခေါင်းကိုက်ဝေဒနာမဖြစ်အောင်ကာကွယ်ပြီး ခေါင်းတစ်ခြမ်းကိုက်ရောဂါ ကုသရာမှာတောင် ကူညီပေးပါတယ်။ မဂ္ဂနီဆီယမ်ပမာဏလျော့နည်းတာကြောင့် ကိုယ်တွင်း ဆီရိုတိုနင်အဆင့်လျော့ကျကာ သွေးကြောကျဉ်းစေပါတယ်။

– မဂ္ဂနီဆီယမ်ပမာဏ လျော့နည်းတာကြောင့် စိတ်ဓာတ်ကျတာနဲ့ အိပ်မပျော်တာတွေကို ဖြစ်စေပါတယ်။

ဘာတွေ စားရမလဲ

– ဟင်းနုနယ်ရွက်၊

– အခွံမာအစေ့အဆန်၊

– ဆန်လုံးညို၊

– ပေါင်မုန့်ညို၊

– ငါး၊

– အသား၊

– ထောပတ်သီး စတာတွေက မဂ္ဂနီဆီယမ်ပါဝင်မှုအများဆုံး အစာတွေဖြစ်ကြပါတယ်။

တစ်နေ့တာမှာ မဂ္ဂနီဆီယမ်လိုအပ်တဲ့ ပမာဏဟာ အသက် ၁၉ နှစ်နဲ့ ၃၀ နှစ်အတွင်း အမျိုးသားတွေအတွက် ၄၀ဝ မီလီဂရမ်၊ ၃၀ ကျော်တွေအတွက် ၄၂၀ မီလီဂရမ်ဖြစ်ပြီး အသက် ၁၉ နှစ်နဲ့ ၃၀ အတွင်း အမျိုးသမီးတွေအတွက် ၃၁၀ မီလီဂရမ်၊ ၃၀ ကျော်တွေအတွက် ၃၂၀ မီလီဂရမ် ဖြစ်ပါတယ်။

– ဗီတာမင်ကေက သွေးခဲစေတဲ့ ပရိုတင်းတည်ဆောက်ဖြိုခွဲမှုမှာပါဝင်ပြီး သွေးထွက်တာကိုရပ်စေပါတယ်။ ဗီတာမင်ကေ ချို့တဲ့ရင် သွေးထွက်များစေပြီး သွေးမတိတ်တာကို ဖြစ်စေပါတယ်။

– ဗီတာမင်ကေက ဆီးကျိတ်ကင်ဆာနဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်နှုန်း လျော့ကျစေပါတယ်။

– ကယ်လ်ဆီယမ်နဲ့ပေါင်းပြီး အရိုးတွေကိုသန်စွမ်းစေပါတယ်။

ဘာတွေ စားရမလဲ

– ပင်စိမ်း၊ တရုတ်နံနံတို့လို ဟင်းခတ်အမွှေးအကြိုင်တွေ၊

– ကိုက်လန်၊ ဟင်းနုနယ်ရွက်၊ မုန်ညင်းတို့လို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊

– ငရုတ်ကောင်း၊ ငရုတ်သီးမှုန့်တို့လို ပူစပ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ၊

– ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်တို့လို ဟင်းသီးဟင်းရွက်တွေ၊

– ကညွတ်၊ ရုံးပတီသီး၊ သံလွင်ဆီနဲ့ သစ်သီးခြောက် စတာတွေမှာ ဗီတာမင်ကေပါဝင်မှု များပါတယ်။

တစ်နေ့တာအတွင်း ဗီတာမင်ကေ မှီဝဲသင့်တဲ့ ပမာဏက အသက်အရွယ်၊ ကျားမလိင်အမျိုးအစားနဲ့ ကိုယ်အလေးချိန်ပေါ်မူတည်ပြီး ကွဲပြားခြားနားမှုရှိပါတယ်။ အရွယ်ရောက်သူတွေအတွက် ကိုယ်အလေးချိန်တစ်ကီလို (၂ ဒသမ ၂ ပေါင်) ရှိတိုင်း ဗီတာမင်ကေ ဝ ဒသမ ဝ၀၁ မီလီဂရမ် လိုအပ်တယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top