Healthy Life Ad
Q & A

နားပြည်ယိုတာလား . . .

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)

မေး. မွေးရာပါ နားပြည်ယိုဖြစ်နေပါတယ်။ အခုအရမ်းယားပြီး အရည်တွေထွက်နေပါတယ်။ အသက်၄၂ နှစ်ပါ။ နားရဲ့အပေါ်ပေါက်လေး နှစ်ဖက်လုံးဖြစ်နေပါတယ်။
Wint Wah (FB)

ဒီစာဖတ်သူရဲ့အဖြေကို ပြောရရင် တကယ်တမ်းကျတော့ မွေးရာပါနားပြည်ယိုတာမျိုးတော့ မရှိပါဘူး။ မွေးရာပါ နားမကြားတာမျိုး မဟုတ်ဘူးလေ။ ဆိုလိုတာက ငယ်ငယ်လေးကတည်းက နားပြည်ယိုတာကို ဆိုလိုတာနေမှာပါ။ ဒါဆိုရင် နာတာရှည် နားပြည်ယိုတာပေါ့။ ဒါမျိုးက ဖြစ်လိုက်၊ ပျောက်လိုက်ဖြစ်တာမျိုးပါ။ နားထဲရေဝင်တယ်၊ နှာစေးချောင်းဆိုးဖြစ်တယ်ဆိုရင် ပြန်ပြီး နားပြည်ယိုတတ်ပါတယ်။ ဒါကြောင့်လည်း နာတာရှည် နားပြည်ယိုတဲ့သူတွေကို နားထဲရေမဝင်အောင် သတိထား၊ နှာစေးချောင်းဆိုးမဖြစ်အောင် ကိုယ်ခံအားကောင်းအောင် နေခိုင်းရပါတယ်။

နားထဲရေဝင်တယ်၊ နှာစေးချောင်းဆိုးဖြစ်တယ်ဆိုရင် ပြန်ပြီးနားပြည်ယိုတတ်ပါတယ်။ ဒါကြောင့်လည်း နာတာရှည်နားပြည်ယိုတဲ့သူတွေကို နားထဲရေမဝင်အောင် သတိထား၊ နှာစေးချောင်းဆိုးမဖြစ်အောင် ကိုယ်ခံအား ကောင်းအောင်နေခိုင်းရပါတယ် . . .

နာတာရှည်နားပြည်ယိုတဲ့သူတွေက အများကြီးပါပဲ။ ပတ်ဝန်းကျင်မှာလည်း တွေ့ဖူးမှာပါ။ နားပြည်ယိုတာလေးများဆိုပေမယ့် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အမျိုးအစားလည်းရှိတာမို့ သိပ်စိတ်ပူဖို့မလိုသလို သိပ်ပြီးပေါ့ပေါ့ဆဆတော့လည်း မနေစေချင်ပါဘူး။ ကိုယ်ဖြစ်တဲ့ အမျိုးအစား၊ အန္တရာယ်သိပ်မရှိတဲ့ အမျိုးအစားလား၊ အန္တရာယ်ရှိတဲ့ အမျိုးအစားလားဆိုတာ သိထားရင်တော့ ကောင်းတာပေါ့နော်။ ဒီလို သိဖို့ဆိုရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်တွေကို ပြရမှာဖြစ်ပါတယ်။

အသက်အန္တရာယ်မရှိတဲ့ အမျိုးအစားမှာရော အသက်အန္တရာယ်ရှိတဲ့ အမျိုးအစားမှာပါ ကြာလာရင် အကြားအာရုံချို့တဲ့လာတတ်ပါတယ်။ နားစည်မှာ အပေါက်ပေါက်လာတတ်ပါတယ်။ နားစည်မှာ အပေါက်ပေါက်တဲ့အခါ အကြားအာရုံလျော့လာသလို နားထဲကို ရောဂါပိုးတွေ ခဏခဏဝင်ပြီး ခဏခဏနားပြည်ယိုတတ်တာပါ။ တံခါးဖွင့်ထားရင် ရန်သူတွေ အလွယ်တကူဝင်နိုင်တဲ့ သဘောပါပဲ။ ပွင့်နေတဲ့တံခါးကို ပိတ်သလိုမျိုး၊ ပေါက်နေတဲ့ နားစည်ကို ပြန်ပိတ်တဲ့ ခွဲစိတ်မှုတွေကို လုပ်နိုင်ပါတယ်။ အောင်မြင်နှုန်းကတော့ အပေါက်ငယ်လေ၊ ပိုကောင်းလေပါပဲ။ ရောဂါပိုးဝင်တာဆိုတော့ ပိုးသေအောင် ပဋိဇီဝပိုးသတ်ဆေးတော့ ပေးကြရပါတယ်။

အသက်အန္တရာယ်ရှိတဲ့ အမျိုးအစားကတော့ ပြဿနာကောင်လေးလို့ ဆိုရမယ့် Cholesteotoma ကြောင့်ပါ။ သူက သူ့ပတ်ဝန်းကျင်မှာ ရှိတာတွေကိုအကုန်စားပစ်ပါတယ်။ အလယ်နားထဲမှာရှိတဲ့ အရိုးလေးတွေအပြင် အလယ်နားနဲ့ ဦးနှောက်ရှိတဲ့ ခေါင်းအပိုင်းကို ခြားထားတဲ့ အရိုးလေးကိုပါ စားတတ်ပါတယ်။ အဲဒီအခါကျရင် ဦးနှောက်အမြှေးရောင်တာ အပါအဝင် ရောဂါအမျိုးမျိုးဖြစ်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါမျိုးမဖြစ်အောင် မေ့ဆေးပေးပြီး နားခွဲစိတ်ရပါတယ်။ ပြဿနာကောင်လေးကိုရှာပြီး ခွဲစိတ်ထုတ်ပစ်ရတာပါ။

နာတာရှည် နားပြည်ယိုတာက နားအကြားအာရုံလျော့စေတဲ့ အဓိကကျတဲ့ အကြောင်းရင်းတစ်ရပ်လည်း ဖြစ်ပါတယ်။ နားအကြားအာရုံ မထိခိုက်အောင် နာတာရှည်နားပြည်ယိုတဲ့ရောဂါကို ထိထိရောက်ရောက် ကုသခြင်းဖြင့် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နားပြည်ယိုတာလေးများဆိုပြီး ပေါ့ပေါ့ဆဆမနေဘဲ ထိထိရောက်ရောက် ကုသမှုခံယူကြပါလို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top