Healthy Life Ad
Health Tips

သင်လုပ်နေကျ အမူအကျင့်တွေက ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

လေချဉ်တက်တာ၊ လေလည်တာစတဲ့ လူအများစုပြုလုပ်နေကျ အပြုအမူတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြုအမူတွေ ဖြစ်ရဲ့လားဆိုတာ လေ့လာကြည့်ရအောင်။

– နားကျပ်တံဖြင့် နားဖာချေးကလော်ခြင်း

ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။
နားကျပ်တံနဲ့ သင့်နားထဲထည့်ပြီး သန့်ရှင်းရေးလုပ်တာကို နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်တွေက ကန့်ကွက်ပါလိမ့်မယ်။ တကယ်တော့ နားဖာချေးဆိုတာ နားကိုကာကွယ်ပေးပြီး ဘက်တီးရီးယားဟန့်တားတဲ့ အစွမ်းရှိပါတယ်။ ပိုဆိုးတာက နားဖာချေးကလော်ရင်း နားအတွင်းထဲအထိ နားဖာချေးတွေကို တွန်းပို့ ရောက်ရှိသွားတာမျိုးနဲ့ နားစည်ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။

– လေချဉ်တက်ခြင်း

ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
အစာတွေ အများကြီးစားပြီး ကျယ်လောင်တဲ့ လေချဉ်တက်သံထွက်တာက ကြားလို့မကောင်းပေမယ့် သင့်အစာအိမ်အတွက်တော့ကောင်းပါတယ်။ အစာအိမ်မှာ အစာတွေနဲ့ ပြည့်နေတဲ့အခါ လေးလံပြီး လေပွနေတတ်ပါတယ်။ အစာရေမျိုပြွန်တစ်လျှောက် အစာအိမ်ကနေ လေတက်လာပြီး ပါးစပ်ကနေ လေထွက်သွားတာက သက်သာရာရစေပါတယ်။ အစာစားပြီးတဲ့အခါ လေချဉ်တက်တာက ပုံမှန်ပါ၊ ဒါပေမဲ့ တစ်နေ့လုံး လေချဉ်တက်နေပြီး အစာစားတာနဲ့လည်း မဆက်စပ်ဘူးဆိုရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။

– လေလည်ခြင်း

ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
လူအများစုဟာ တစ်နေ့တာအတွင်း ၁၄ကြိမ်လောက် လေလည်လေ့ရှိပြီး အိပ်နေစဉ်အတွင်း ၃-၅ကြိမ်ခန့် လေလည်လေ့ရှိပါတယ်။ လေလည်တယ်ဆိုတာ အစာချေဖျက်တဲ့ဖြစ်စဉ်ရဲ့ အကျိုးဆက်အနေနဲ့ လေနဲ့ဓာတ်ငွေ့ အရောအနှောထွက်ရှိတာဖြစ်ပြီး ပျမ်းမျှအားဖြင့် လေလည်တဲ့အခါ ပါဝင်တဲ့အရာတွေက နိုက်ထရိုဂျင် ၅၉ ရာခိုင်နှုန်း၊ ဟိုက်ဒရိုဂျင် ၂၁ ရာခိုင်နှုန်း၊ ကာဘွန်ဒိုင်အောက်ဆိုက် ၉ရာခိုင်နှုန်း၊ မီသိန်း ၇ရာခိုင်နှုန်း၊ အောက်ဆီဂျင် ၃ ရာခိုင်နှုန်းနဲ့ တခြား ၁ ရာခိုင်နှုန်းတို့ ပါဝင်ပါတယ်။ အူမကြီးဟာ ညဉ့်လယ်လောက်အတွင်း အသင့်အတင့် ငြိမ်သက်နေပြီး အိပ်ရာနိုးတဲ့အခါ စတင်ကျုံ့လာကာ တစ်ညလုံးစုထားတဲ့လေတွေကို တွန်းထုတ်တတ်ပါတယ်။ ဒါကြောင့် တစ်နေ့လုံးမှာ ပမာဏအပြင်းဆုံးနဲ့ အကျယ်ဆုံးလေလည်သံက နံနက်ခင်းမှာ ဖြစ်တတ်ပါတယ်။

– အိပ်ရာထဲ အစာစားခြင်း

ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။
အိပ်ရာထဲ အစာစားတာက အိပ်ရာခင်းတွေ၊ စောင်တွေကို ညစ်ပတ်သွားစေနိုင်တဲ့အပြင် အစာချေဖျက်မှုအတွက် မကောင်းပါဘူး။ အိပ်ရာထဲလှဲပြီး အစာစားတာကြောင့် ဝမ်းဗိုက်မှာ ဖိအားသက်ရောက်မှုဖြစ်စေပြီး လေထ၊ လေပွစေနိုင်ပါတယ်။ အိပ်ရာဝင်ခါနီးမှာ အိပ်ရာထဲအစာစားရင် ရင်ပူဝေဒနာရစေနိုင်ပါတယ်။ အစာကို များများစားပြီး ၃-၄ နာရီအတွင်း လှဲလျောင်းတာက အစာရေမျိုပြွန်က အက်စစ်တွေ ထွက်လာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top