Healthy Life Ad
Life Style

ရင်သားကင်ဆာအဆင့် (၂) ကုသအောင်မြင်ထားသူ ခရီးသွားကုမ္ပဏီ ဒါရိုက်တာဒေါ်ဝင်းမာ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

Amtra Travels&Tours ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သူ နာမည်ရင်း ဒေါ်တင်တင်ဝင်း၊ အိမ်နာမည် ဒေါ်ဝင်းမာ၏ ကင်ဆာဖြတ်သန်းမှုအတွေ့အကြုံကလည်း စိတ်ဝင်စားဖွယ်ရာပင်။

“ကင်ဆာလို့ မသိခင် ၈ လ-တစ်နှစ်လောက် ကတည်းက ညာဘက်ရင်သားမှာ နာနာနေတယ်။ စမ်းကြည့်လိုက်တော့ အလုံးတွေ ဘာတွေ သိပ်မတွေ့ရဘူး။ အန်တီက အလုပ်တွေလည်း အရမ်းလုပ်တော့ အလုပ်လုပ်တာများလို့ နာတယ်လို့ပဲ ထင်ခဲ့တယ်။ သိပ်မကြာခင်မှာလည်း နာတဲ့ ဝေဒနာက သက်သာသွားတယ်။ အဲဒါနဲ့ မေ့ထားလိုက်တယ်”ဟု အန်တီဒေါ်ဝင်းမာက ရင်သားကင်ဆာ ခရီးလမ်း အစတွင်ပြသသည့် လက္ခဏာများကို ပြန်လည်ပြောပြခဲ့သည်။

အသက် ၆၀ အရွယ် ဒေါ်ဝင်းမာသည် ၂၀၁၅ အကုန်ပိုင်းတွင် ညာဘက်ရင်သား စူးရှစွာ နာကျင်မှုကို စတင်ခံစားခဲ့ရရာမှ ရင်သားကျန်းမာရေးစစ်ဆေးမှုကို ခံယူဖြစ်ခဲ့တော့သည်။

“အဲဒီညမှာတော့ ညာဘက်ရင်သားက တအား နာလာတာနဲ့ ရင်သားဓာတ်မှန် (Mammogram) သွားရိုက်ခဲ့တယ်။ ဒါပေမဲ့ အန်တီက ဘယ်လိုမှ မခံနိုင်တာနဲ့ ရင်သားအာထရာဆောင်းပဲ ရိုက်လိုက်ရတယ်။ အဲဒီမှာ ရလဒ်ကမကောင်းတော့ ဆရာဝန်က အသားစယူစစ်ဆေးမှု (Biopsy) ယူခိုင်းပါတယ်။ တစ်ပတ်နေတော့ ကင်ဆာဆိုပြီး အဖြေထွက်လာပါတယ်”ဟု ဒေါ်ဝင်းမာက ပြောသည်။

ကင်ဆာဟု သိရချိန်တွင် ကင်ဆာဝေဒနာရှင် အများစုသည် စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းခြင်း၊ အားငယ်ခြင်းစသည့် ဝေဒနာများ ရောပြွမ်းခံစားရကာ ဆောက်တည်ရာမရဖြစ်လေ့ရှိသော်လည်း ဒေါ်ဝင်းမာကမူ ထိုသို့မဖြစ်ပေါ်ခဲ့ပေ။

“အန်တီက ဟိုးငယ်ငယ်လေးကတည်းက တရားအားထုတ်ခဲ့တယ်။ ငယ်ငယ်ကတည်းက ချမ်းမြေ့ ရိပ်သာယောဂီဖြစ်ပြီး တရားကို အရမ်းပဲ အားထုတ်ခဲ့တယ်။ ဒါမဖြစ်ခင် သည်းခြေအိတ်မှာကျောက် တွေ့လို့သည်းခြေအိတ်ထုတ်ခဲ့ရဖူးတယ်။ အဲဒါထုတ်ပြီး သုံးနှစ်အကြာမှာ ရင်သားကင်ဆာ ဖြစ်တာပဲ။ ဒီလိုဖြစ်တော့ မောင်ညီမတွေက “မဝင်းလောက် ဘုရားတရားလုပ်တာလည်း မဝင်းပဲ၊ ဘယ်သူအကူအ ညီတောင်းတောင်းမငြင်းပဲ လုပ်ပေးတာလည်း မဝင်းပဲ၊ ဘာဖြစ်လို့ မဝင်းကျမှ ဖြစ်ရတာလဲ”ဆိုပြီး စိတ်မ ကောင်းဖြစ်ကြတယ်။

ဒါပေမဲ့ အန်တီကတော့ တရားနဲ့ပြန်တွေးလိုက်တယ်။ ဒီဘဝမှာ အန်တီကောင်းတယ်ဆိုပေမယ့် အတိတ်ဘဝမှာ အန်တီဘာတွေ လုပ်ခဲ့သလဲဆိုတာပြောလို့ မရဘူးလေ၊ကိုယ်ပြုသမျှ ကုသိုလ်၊ အကုသိုလ်အကျိုးပေးတွေကိုခံကို ခံရမှာပဲလို့ ယုံကြည်လက်ခံထားတော့ အန်တီ စိတ်ဓာတ်မကျဘူး။ “ဝေဒနာဟာ နိဗ္ဗာန်တံခါးရဲ့ သော့ပဲ”လို့ ဆရာတော်ဘုရားက မိန့်ဖူးတဲ့အတွက် ဝေဒနာရှိတော့ အရှုခံအာရုံကောင်းရှိတဲ့အပြင် တရားကို ကြိုးကြိုးစားစား အားထုတ်ဖို့ တွန်းအား ဖြစ်သွားပါတယ်” ဟု ပြောပြခဲ့သည်။ ကင်ဆာဖြစ်ကြောင်းသေချာစေရန် ဘန်ကောက်သို့ အသားစပို့ပြီး ထပ်မံ စစ်ဆေးခဲ့ရာ ကင်ဆာဟု ပင်အဖြေထွက်ခဲ့ကြောင်း ဒေါ်ဝင်းမာက ဆိုသည်။

“ကင်ဆာ အဆင့် (၂ )လို့ သေချာသွားတာနဲ့ ၂၀၁၆ ဇန်နဝါရီလမှာပဲညာဘက်ရင်သားကို ခွဲစိတ်မှု ခံယူဖြစ်ခဲ့ပါတယ်။ ညာဘက်ရင်သားတင်မက ချိုင်းအောက်က ပြန်ရည်ကျိတ် (Lymph Node) ခုနစ်ခု ကိုပါထုတ်ရပါတယ်။ အဲဒီအထဲက ပြန်ရည်ကျိတ် တစ်ခုမှာ ကင်ဆာဆဲလ်ရှိတယ်ဆိုတဲ့ အဖြေထွက်ပါတယ်”


ညာဘက်ရင်သားနှင့် ချိုင်းအောက်ရှိ ပြန်ရည် ကျိတ်များကို ခွဲထုတ်ပြီးချိန်တွင် ကင်ဆာဆေးကို ခြောက်ကြိမ်တိတိ သွင်းခဲ့ရကြောင်း ဒေါ်ဝင်းမာက ပြောသည်။

အန်တီအိပ်ရာထတာနဲ့ ဘုရားရှိခိုး၊ တရားထိုင်တယ်၊ ပြီးရင် မြတ်စွာဘုရားကို ကော်ဖီ၊ မုန့် စတာတွေ ကပ်လှူပူဇော်တယ်။ အန်တီ့အမျိုးသားက ဈေးဝယ်ပေးတော့ ဝယ်လာတဲ့ ဟင်းလျာ တွေကို ချက်ပြုတ်ပြီး မြတ်စွာဘုရားကို နေ့ဆွမ်းကပ်လှူပူဇော် ပါတယ်။ နေ့စဉ်ကပ်လှူခဲ့တဲ့ အကျိုးကျေးဇူးတွေကြောင့်လားတော့ မသိဘူး၊ အန်တီအစားအသောက် လုံးဝမပျက်ခဲ့ပါဘူး။

“ကင်ဆာဆေးသွင်းတဲ့အခါမှာလည်း သူများ တွေလောက်တော့ အန်တီမခံရပါဘူး။ အရင်ကတည်းက အန်တီ အိပ်ရာထတာနဲ့ ဘုရားရှိခိုး၊ တရားထိုင်တယ်၊ ပြီးရင် မြတ်စွာဘုရားကို ကော်ဖီ၊ မုန့် စတာတွေ ကပ်လှူပူဇော်တယ်။ အန်တီ့အမျိုးသားက ဈေးဝယ်ပေးတော့ ဝယ်လာတဲ့ ဟင်းလျာတွေကို ချက်ပြုတ်ပြီး မြတ်စွာဘုရားကို နေ့ဆွမ်း ကပ်လှူပူဇော်ပါတယ်။ နေ့စဉ်ကပ်လှူခဲ့တဲ့ အကျိုးကျေးဇူးတွေ ကြောင့်လားတော့ မသိဘူး၊ အန်တီ အစားအသောက် လုံးဝ မပျက်ခဲ့ပါဘူး။ ဆံပင်တော့ ကျွတ်ပါတယ်။

အဲဒီအချိန်မှာ အိမ်အလုပ်တွေလည်းလုပ်တယ်၊ ကုမ္ပဏီအလုပ်တွေလည်းရှိတော့ ကွန်ပျူတာရိုက်တယ် . . တစ်ချိန်လုံး အလုပ်လုပ်နေတော့ လူနာလာကြည့်တဲ့ ဆွေမျိုးအပေါင်းအသင်းတွေက လူမမာနဲ့လည်း မတူဘူးဆိုပြီး ပြောကြတယ်”ဟု အန်တီဒေါ်ဝင်းမာက ရယ်မောလျက် ပြောပြခဲ့သည်။


ဆေးရုံဆင်းသည်နှင့် အိမ်အလုပ်များ၊ ကုမ္ပဏီ အလုပ်များသာမက ဘုရားတရားကိုလည်း ဆက် လက်အားထုတ်နေခဲ့သော ဒေါ်ဝင်းမာအတွက် ခင်ပွန်းဖြစ်သူ ဦးတင်မောင်လေး၏ အားပေးကူညီဖေးမမှုများက လွန်စွာအထောက်အကူ ပြုခဲ့ကြောင်း သိရသည်။

ညာဘက်ရင်သားသာမက ချိုင်းအောက်ရှိ ပြန်ရည်ကျိတ်များကိုပါ ခွဲစိတ်ဖယ်ထုတ်ပြီးချိန်တွင် ညာဘက်လက်က ကောင်းစွာမမြှောက်နိုင်ကြောင်း ဆိုသည်။

ကင်ဆာမျိုးရိုးမရှိဘဲ ကံကံ၏ အကျိုးကြောင့် ရင်သားကင်ဆာဖြစ်ရသည်ဟု ခံယူထားခဲ့သော ဒေါ်ဝင်းမာသည် ဆေးကုသပြီး နောက်ပိုင်းတွင် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း နေထိုင်စားသောက်ဖြစ်ခဲ့ကြောင်း သိရသည်။

“ကင်ဆာအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ရှူမွန်က အာဟာရဓာတ်ပြည့်စုံအောင် စားဖို့မှာ ထားတော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းစားပါတယ်။ ဘာပဲဖြစ်ဖြစ် တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်း စားသောက်ပါတယ်။ ကိတ်မုန့်ကြိုက်ပေမယ့်အနည်း အကျဉ်းလောက်ပဲ စားတယ်၊ ကော်ဖီဆို တစ်နေ့ တစ်ခွက်ပဲသောက်တယ်၊ အသီးအနှံ၊ ဟင်းသီးဟင်း ရွက်များများစားတယ်။ အသားသိပ်မကြိုက်လို့ ငါး တော့စားဖြစ်ပါတယ်”

ရင်သားကင်ဆာအကျိတ်နှင့် ပြန်ရည်ကျိတ်များ ခွဲထုတ်ထားသဖြင့် နောက်ဆက်တွဲ ဝေဒနာကိုတော့ ယနေ့တိုင် ခံစားနေရဆဲ ဖြစ်ကြောင်းနှင့် ထိုဝေဒနာ သက်သာစေရန် နေထိုင်ဖြစ်ပုံအကြောင်းကို ဒေါ်ဝင်းမာက ယခုလို ပြောပြထားသည်။

“ညာဘက် ချိုင်းအောက်က အသားတွေထုတ်ထားတော့ ဘယ်ဘက်က ပုံမှန်၊ ညာဘက်ကချိုင့်နေ သလိုဖြစ်ပြီး နေရတာသိပ်မကောင်းဘူး၊လက်မောင်း အသားတွေက ထိလိုက်ရင်နာတယ်။ အိပ်ရင်လည်း ပက်လက်ပဲ အိပ်လို့ရပါတယ်။ ပြီးတော့ လက်က ကောင်းကောင်း မြှောက်လို့မရဘူး။ ချိုင်းအောက်ကလည်း နာနာနေတယ်။ ပြန်ရည်ကျိတ်ထုတ်ထားတဲ့ လူနာတွေအတွက် သီးသန့် လေ့ကျင့်ခန်းသိအောင် YouTube ဖွင့်ပြီး ရှာတယ်။ အဲဒီလေ့ကျင့်ခန်းတွေ ကိုလုပ်ပါတယ်။ ပြီးတော့ သြစတြေးလျက အဒေါ်ရဲ့ စီစဉ်ပေးမှုနဲ့ Skype ကတစ်ဆင့် ပြန်ရည်ကျိတ် ထုတ်ထားတဲ့ လူနာအတွက် Physiotherapist က လေ့ကျင့်ခန်းလုပ်ပုံ သင်ပေးပါတယ်။ အဲဒါတွေကို လုပ်ပေမယ့် သိပ်တော့ မသက်သာသေးဘူး။ အခုတော့ ပုံမှန်လုပ်နေတုန်းပဲ . .

အန်တီက ကင်ဆာကို ကျော်လွှားခဲ့တာ တစ်နှစ်ခွဲရှိခဲ့ပေမယ့် နာတဲ့ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်။ အခုချိန်ထိလည်းခွဲထားတဲ့ ညာဘက်လက်က နာနေတုန်းပဲ။ အဲဒီအတွက် အန်တီ ဘုရား ရှိခိုး၊ တရားထိုင်ပြီးတိုင်း ကင်ဆာကိုဘယ်သူမှ မဖြစ်ကြပါစေနဲ့လို့ ဆုတောင်းပေးဖြစ်ပါတယ်”

ကင်ဆာကုသအောင်မြင်ခြင်းနှင့် ပတ်သက်၍ ဒေါ်ဝင်းမာ၏ လက်သုံးစကားမှာ “တရားစောင့်တဲ့ ပုဂ္ဂိုလ်ကို တရားက အမြဲပြန်စောင့်တယ်”ဆိုသော စကားပင်။

တရားနဲ့နေမယ်၊ တရားအတွေးနဲ့ တွေးမယ်ဆိုရင် ကင်ဆာ ဖြစ်လာလည်း စိတ်ဓာတ်မကျပါဘူး။ အန်တီဆိုရင် အသက် ၈၇နှစ်အရွယ် မိခင်ကိုစောင့်ရှောက်ရဦးမှာဆိုတဲ့ အသိနဲ့ အသက်ဆက်ရှည်မှဖြစ်မယ်၊ တရားတွေလည်း ဆက်အား ထုတ်ချင်သေးတယ် . . ဒီလို စိတ်ဓာတ်နဲ့ ကျော်လွှားနိုင်ခဲ့တာ ဖြစ်ပါတယ် . . .

“အန်တီက အမေကို သိပ်ကျေးဇူးတင်တယ်။ အမေက အန်တီတို့ငယ်ငယ်ကတည်းက တရားဓမ္မ နဲ့မွေ့လျော်တတ်အောင်၊ လမ်းကြောင်းမှန်ပေါ်ရောက် အောင် ပြုစုပျိုးထောင်ပေးခဲ့လို့ ပညာရှိသူတော်ကောင်း ဆရာတော်၊ သံဃာတော်တွေ ဟောတဲ့တရားတွေ၊ အဆုံးအမတွေနဲ့ကြီးပြင်းခဲ့ရတော့ လောကဓံကို ခံနိုင်ရည်ရှိတာပေါ့။

အတိတ်တုန်းက သီလကောင်းခဲ့တဲ့သူ၊ အကုသိုလ် မပြုမိအောင် ထိန်းသိမ်းသူတွေကတော့ ဝေဒ နာကြီးကြီးမားမား မဖြစ်ပေမယ့် အတိတ်က ပြုခဲ့တဲ့ ကံတွေကြောင့် ဝေဒနာ ခံစားရပြီဆိုရင် ခံနိုင်ရည်ရှိအောင် တရားကို ကြိုတင်ပြီးတော့ အားထုတ်ကြပါ၊ တရားအားမထုတ်ဖူးသေးသူတွေ ဖြစ်ခဲ့ရင်လည်း သတိပဋ္ဌာန်ဝိပဿနာတရားကို ကြိုးကြိုးစားစား ထိထိမိမိ အားထုတ်ဖြစ်အောင် အားထုတ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်”ဟု အန်တီဒေါ်ဝင်းမာက အကြံပြုခဲ့ပြီး ကင်ဆာဖြစ်နေသူတို့အား-

“တရားနဲ့ နေမယ်၊ တရားအတွေးနဲ့ တွေးမယ်ဆိုရင် ကင်ဆာဖြစ်လာလည်း စိတ်ဓာတ်မကျပါဘူး။ အန်တီဆိုရင် အသက် ၈၇နှစ်အရွယ် မိခင်ကို စောင့် ရှောက်ရဦးမှာဆိုတဲ့ အသိနဲ့ အသက်ဆက်ရှည်မှ ဖြစ်မယ်၊ တရားတွေလည်း ဆက်အားထုတ်ချင်သေးတယ် . . ဒီလို စိတ်ဓာတ်နဲ့ ကျော်လွှားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် လက်မှာ ဓားရှတာတောင် နာ သေးတာပဲ၊ ညာဘက်ရင်သားနဲ့ ချိုင်းအောက်က ပြန် ရည်ကျိတ်တွေပါဖြတ်ထုတ်ထားတာဆိုတော့ နာတာပေါ့၊ နာတာကိုလည်း မှတ်နေ၊ သိနေလိုက်တယ်၊ သက်သာသွားရင်လည်း သက်သာတာကို သိနေလိုက်တယ်။ ခန္ဓာရှိရင် ဝေဒနာရှိတာပဲ၊ ဘယ်သူမှ ရှောင်လွှဲလို့တော့ မရဘူး၊ အတိတ်တုန်းက သီလကောင်းခဲ့တဲ့သူတွေကတော့ ဘာဝေဒနာမှ မဖြစ်ပေမယ့် ဖြစ်လာတော့လည်း တရားအသိနဲ့ ကျော်လွှားနိုင်ပါတယ်”ဟု အားပေးစကား ပြောကြားလိုက်ပါသည်။

(မှတ်ချက်။ ။ ဓာတ်ပုံများကို အန်တီဒေါ်ဝင်း မာ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top