Healthy Life Ad
Health Tips

ငရုတ်ပွသီးမှာ ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေရှိသလဲ . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အစိမ်း၊ အဝါ၊ အနီ စတဲ့ အရောင်သုံးမျိုး တွေ့ရတဲ့ ငရုတ်ပွသီးတွေမှာ အောက်ပါကျန်းမာရေး အကျိုးကျေးဇူး တွေရှိနေပါတယ်။

(၁) ကယ်လိုရီ လျော့နည်းခြင်း
ငရုတ်ပွသီးတွေက ကယ်လိုရီပါဝင်မှု လျော့နည်းပါတယ်။ တကယ်လို့ ငရုတ်ပွသီး တစ်ခွက်လုံး အပြည့်စားရင်တောင် ၄၅ကယ်လိုရီပဲ ရရှိနိုင်ပါတယ်။ ငရုတ်ပွသီးတစ်ခွက်စာပမာဏမှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်အေနဲ့ ဗီတာမင်စီပမာဏထက် ပိုမိုပါဝင်မှုရှိပါတယ်။

(၂) ဗီတာမင်စီ များများပါဝင်ခြင်း
ငရုတ်ပွသီးမှာ ဗီတာမင်စီများစွာပါဝင်တဲ့အတွက် ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး အသားအရေကို နုပျိုငယ်ရွယ်စေပါတယ်။ ငရုတ်ပွသီးအမှည့်ဖြစ်တဲ့ အနီရောင်ငရုတ်ပွသီးထဲမှာ ဗီတာမင်စီ အမြင့်ဆုံးပမာဏ ပါဝင်ပါတယ်။

(၃) ရောင်ရမ်းမှု လျော့ကျစေခြင်း
ငရုတ်ပွသီးမှာ ဖိုင်တိုကမ်မီကယ်နဲ့ ကာရိုတင်း၊ အထူးသဖြင့် ဘီတာကယ်ရိုတင်းတွေပါဝင်နေပါတယ်။ ဒါကြောင့် အင်တီအောက်ဆီးဒင့်ကို ရရှိစေသလို ရောင်ရမ်းမှုကိုလျော့ကျစေတဲ့ အစွမ်းရှိပါတယ်။

(၄) ကိုလက်စထရော လျော့ကျစေခြင်း
ငရုတ်ပွသီးထဲမှာပါဝင်တဲ့ ကပ်ဆိုက်စင်ဓာတ်မှာ ကျန်းမာရေးအကျိုးကျေးဇူး အများအပြားရှိပါတယ်။ လေ့လာမှုအရ ငရုတ်ပွသီးဟာ မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပြီး ဆီးချိုသွေးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့အပြင် နာကျင်မှုနဲ့ ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေပါတယ်။

(၅) အစွမ်းထက် အာဟာရဓာတ်ကိုရရှိစေခြင်း
ငရုတ်ပွသီးကို အပူနည်းနည်းနဲ့ အချိန်တိုအတွင်းချက်ပြုတ်ရင် အချိုအရသာနဲ့ သစ်သီးရနံ့ မပျက်တဲ့အပြင် အစွမ်းထက် အာဟာရဓာတ် ဖလေဗိုးနွိုက်ကို ရရှိစေပါတယ်။

(၆) ကင်ဆာဖြစ်နှုန်း လျော့နည်းခြင်း
ငရုတ်ပွသီးမှာ ပါဝင်တဲ့ ဆာလဖာပမာဏဟာ တချို့သော ကင်ဆာရောဂါတွေကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။

(၇) အသားအရေနှင့် ဆံကေသာကို နုပျိုလှပစေခြင်း
ငရုတ်ပွသီးမှာ ဗီတာမင်အီးအဆင့် ကောင်းကောင်းပါဝင်တဲ့အတွက် အသားအရေနဲ့ ဆံကေသာကို လှပနုပျိုကြည့်ကောင်းစေပါတယ်။

(၈) နာ့ဗ်ကြောစနစ်ကို ကျန်းမာစေခြင်း
ငရုတ်ပွသီးမှာ ဗီတာမင်B6 ပါဝင်တာကြောင့် အာရုံကြောစနစ်ကျန်းမာရေးအတွက် မရှိမဖြစ်အရေးပါပြီး ဆဲလ်အသစ်တွေ ဖြစ်ပေါ်အောင်လည်း ကူညီပေးပါတယ်။

(၉) အတွင်းတိမ်ရောဂါနှင့် မက်ကူလာယိုယွင်းပျက်စီးမှု မဖြစ်စေရန် မျက်စိကို ကာကွယ်ပေးခြင်း
ငရုတ်ပွသီးမှာ ပါဝင်တဲ့ လူတင်လို တချို့အင်ဇိုင်းတွေက အသက်ကြီးလာချိန်မှာ မက်ကူလာယိုယွင်းပျက်စီးမှုနဲ့ အတွင်းတိမ်ရောဂါတို့ကြောင့် မျက်စိထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top