Healthy Life Ad
Health Tips

ညဘက် အိပ်ရေးဝ၀အိပ်ပျော်စေမည့် အစားအသောက်များ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်နေ့လုံး လှုပ်ရှားရုန်းကန်ရတာ ပင်ပန်းလွန်းလို့ မျက်စိစုံမှိတ်ပြီး အိပ်ဖို့ကြိုးစားပေမယ့် အိပ်မပျော်နိုင်ဘူးလား၊ အိပ်ရာထဲလူးလွန့်ရင်း အိပ်မပျော်နိုင်တဲ့ညတွေများနေပြီလား . . သင်စားတဲ့ အစားအသောက်တွေကို တစ်ချက်ဆန်းစစ်ကြည့်လိုက်ပါ။ မှန်ကန်တဲ့ အစားအသောက်တွေကို အဆင်ပြေသလို စားသောက်ပေးတာဟာ ကောင်းကောင်းအိပ်မောကျစေပြီး အိပ်ရေးဝစေပါတယ်။ ဒါကြောင့် ညဘက်အိပ်မောကျစေဖို့ အိပ်ရာမဝင်ခင် အချိန်နှစ်နာရီအလိုမှာ မှီဝဲပေးသင့်တဲ့ အစားအသောက်တွေရှိပါတယ်။

(၁) လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea)

ညနေတိုင်း ကဖင်းဓာတ်ကို မသောက်ဘဲနေတာက အိပ်စက်ခြင်းအတွက် ကောင်းပါတယ်။ ကဖင်းဓာတ်မပါတဲ့ လက်ဖက်စိမ်းလက်ဖက်ရည်နဲ့ ချမိုမိုင်းလက်ဖက်ရည်တွေမှာ သီယာနင်းဓာတ်ပါဝင်တာကြောင့် ညဘက် အိပ်မောကျစေပါတယ်။

(၂) မီဆိုဟင်းချို

ဂျပန်စားသောက်ဆိုင်တွေမှာ စားသောက်တဲ့အခါ မီဆိုဟင်းချိုမှာ သောက်တာမျိုး ဒါမှမဟုတ် အိမ်မှာ မီဆိုဟင်းချိုချက်သောက်တာမျိုးဟာ ကောင်းကောင်းအိပ်မောကျစေပါတယ်။ မီဆိုဟင်းချိုမှာပါတဲ့ အမိုင်နိုအက်စစ်တွေဟာ အိပ်ပျော်စေတဲ့ မယ်လာတို နင်ဟော်မုန်းထွက်ရှိစေပါတယ်။ လေ့လာမှုအရ ဟင်းချိုနဲ့ ရေနွေးကြမ်းတို့လို ပူနွေးတဲ့အရည်တွေဟာ အအေးမိဝေဒနာသက်သာစေပြီး အေးမြတဲ့ရာသီမှာ နွေးနွေးထွေးထွေးနဲ့ အိပ်မောကျစေပါတယ်။

(၃) ငှက်ပျောသီး

အိပ်မပျော်မှာ စိုးရိမ်နေပါသလား။ အိပ်ရာမဝင်ခင် ငှက်ပျောသီးတစ်လုံးကို စားပေးလိုက်ပါ။ ငှက်ပျောသီးမှာ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်ပေါကြွယ်ဝစွာပါဝင်ပြီး ညောင်းညာနေတဲ့ ကြွက်သားတွေကို အနားရပြေလျော့စေပါတယ်။ ငှက်ပျောသီးမှာ ထရစ်ပတိုဖန်ဓာတ်လည်း ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲမှာ ဦးနှောက်ကို အနားရစေတဲ့ ဆီရိုတိုနင်နဲ့ မယ်လတိုနင်ဟော်မုန်းတွေကို ထွက်ရှိစေပါတယ်။ ငှက်ပျောသီးကို နွားနို့ ဒါမှမဟုတ် ပဲနို့တစ်ခွက်နဲ့ ရောသောက်ပေးတာက အကောင်းဆုံးဖြစ်ပါတယ်။

(၄) နို့နှင့် နို့ထွက်ပစ္စည်းများ

နွားနို့၊ ဒိန်ချဉ်နဲ့ ဒိန်ခဲတွေမှာ ထရစ်ပတိုဖန်အပြင် အိပ်မောကျစေတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေထဲမှာ ပါဝင်တဲ့ ကယ်လ်စီယမ်ဓာတ်ဟာလည်း စိတ်ဖိစီးမှုကိုလျော့ကျစေပြီး ဦးနှောက်အပါအဝင် အာရုံကြောတွေကို တည်ငြိမ်စေပါတယ်။

(၅) ကြက်ဥပြုတ်၊ ဘဲဥပြုတ်

ညဘက်မှာ အိပ်မပျော်နိုင်ဖြစ်နေရတာဟာ ညစာအနေနဲ့ ပရိုတင်းပေါကြွယ်ဝတဲ့အစာ ဒါမှမဟုတ် ကာဗိုဟိုက်ဒရိတ် ပေါကြွယ်ဝတဲ့အစာကို မစားခဲ့တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညဘက်မှာ ကြက်ဥပြုတ်၊ ဘဲဥပြုတ်နဲ့ အခွံမာသီးလို ပရိုတင်းဓာတ်တွေကိုစားပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top